ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

 


          အချိန်ဆိုတာကတော့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အမြဲကြုံတွေ့နေရတယ်ဆိုပေ မယ့် သူ့ကို ထိတွေ့ကိုင်တွယ်တာမျိုး လုပ်လို့မရပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ဖြတ်ကျော်နေတဲ့ ကာလအတိုင်းအတာတွေဟာ အချိန်လို့ပြောဖို့ ခက်ပါတယ်။ ဒါဆိုရင် အချိန်ဆိုတာ ရှိပါသလား။ လူတိုင်းကတော့ အချိန်ဆိုတာ လွယ်လွယ်လေးရယ် နာရီတို့ ပြက္ခဒိန်တို့ဆိုတာ အချိန်ကို ညွှန်ပြတဲ့ပစ္စည်းတွေလို့ဆိုပါလိမ့်မယ်။ သို့သော် ဒါက အချိန်ကို တိုင်းတာတဲ့ပစ္စည်းတွေသာဖြစ်ပြီး အချိန်ရဲ့ ပင်ကိုယ်သဘာဝကို ဖော်ပြနိုင်စွမ်း မရှိပါ။

          နောက်ပိုင်းရူပဗေဒဘာသာရပ်တိုးတက်လာတဲ့အခါမှာတော့ အချိန်ဆိုတဲ့ အရာမရှိ နိုင်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေတစ်ခုကို ဖွင့်ပေးနိုင်ခဲ့ပြီး ဒီကိစ္စကို အလေးထားစဉ်းစားဖို့အတွက် လည်း တိုက်တွန်းထားတာမျိုးရှိနေပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခေါင်းနည်းနည်းစားကြည့်ရအောင်။

          အချိန်မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာပါလဲ။ နောက်ပြီး ဒါကကော ဘာကို ဆိုလို နေပါသလဲ။ ဒါကိုရှင်းပြနိုင်ဖို့ အချိန်နည်းနည်းယူရပါလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အချိန်မရှိခဲ့ဘူးဆိုရင်တောင် ဒါက ကျွန်တော်တို့ နေ့စဉ်ဘဝတွေကို ဘာမှ သက်ရောက်နိုင် မှာ မဟုတ်ပါဘူး။

ရူပဗေဒကကပ်ဘေးတစ်ခု

          ရူပဗေဒဘာသာရပ်ဟာ တကယ်တော့ ကပ်ဘေးတစ်ခုထဲမှာ ကျရောက်လို့ နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်တစ်လျှောက် ကျွန်တော်တို့ဟာ စကြဝဠာကြီးကို ရူပဗေဒရဲ့ အောင်မြင်ကျော်ကြားနေဆဲ သီအိုရီကြီးနှစ်ခု (ယေဘုယျနှိုင်းရသီအိုရီနဲ့ ကွမ်တမ်မက္ကင်း နစ်တို့) နဲ့ ရှင်းပြခဲ့ကြပါတယ်။

          ကွမ်တမ်မက္ကင်းနစ်ဟာ အဏုလောကအတွင်းက အမှုန်တွေနဲ့ သူတို့ကြား အပြန်အလှန်သက်ရောက်မှုတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ရှင်းပြနိုင်ပြီး ယေဘုယျနှိုင်းရသီအိုရီကတော့ ပိုပြီးကြီးမားတဲ့တည်ဆောက်ပုံမှာ ဒြပ်ဆွဲအားနဲ့ အာကာ သဝတ္ထုတွေ ဘယ်လိုရွေ့လျားသလဲဆိုတာကို ရှင်းပြနိုင်ပါတယ်။

          ဒီသီအိုရီနှစ်ခုလုံးဟာ သူတို့ဆိုင်ရာနယ်ပယ်မှာတော့ လုံးဝမှန်ကန်တိကျစွာ အလုပ်လုပ် ကြပါတယ်။ သို့သော်လည်း သူတို့နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်နေ ပါတယ်။ ဘယ်လို ပဋိပက္ခဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းအတိအကျနဲ့ပတ်သက် ပြီးတော့ ငြင်းခုန်ဆွေးနွေးနေကြဆဲဖြစ်သော်လည်း သိပ္ပံပညာရှင်တွေကတော့ သီအိုရီ နှစ်ခုလုံးကို သဘောတူလက်ခံကြပြီး တခြားပိုပြီးယေဘုယျကျတဲ့ သီအိုရီတစ်ခုနဲ့ အစား ထိုးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

          ရူပဗေဒပညာရှင်တွေအနေနဲ့ ဒီနှစ်ခုလုံးနဲ့ သဟဇာတဖြစ်တဲ့ ကွမ်တမ်ဒြပ်ဆွဲအား ဆိုတဲ့ သီအိုရီတစ်ခုကို ထုတ်လုပ်ချင်နေကြပါတယ်။ ဒီလိုသီအိုရီတစ်ခုက ကြီးမားတဲ့ တည်ဆောက်ပုံက ဒြပ်ဆွဲအားဟာ အလွန်သေးငယ်တဲ့ အကွာအဝေးတွေမှာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ရှင်းပြနိုင်ပါလိမ့်မယ်။

ကွမ်တမ်ဒြပ်ဆွဲအားရှိအချိန်

          ဒီလိုနဲ့ ကွမ်တမ်ဒြပ်ဆွဲအားဆိုတဲ့ သီအိုရီတစ်ခု ထုတ်လုပ်ဖို့ရာ မလွယ်ကူကြောင်း ထွက်ပေါ်လာပါတယ်။

          ဒီသီအိုရီနှစ်ခုကြားက ပဋိပက္ခရန်ငြိုးကို ဖြေဖျောက်ဖို့ ကြိုးစားတဲ့ သီအိုရီတွေထဲက တစ်ခုကတော့ ကြိုးမျှင်သီအိုရီဖြစ်ပါတယ်။ ကြိုးမျှင်သီအိုရီက အမှုန်တွေနေရာမှာ တုန်ခါ နေတဲ့ကြိုးမျှင်တွေကို အစားထိုးပြီး ဒိုင်မန်းရှင်းသုံးခုနေရာမှာလည်း ဒိုင်မန်းရှင်း ၁၁ ခုနဲ့ အစားထိုးလိုက်ပါတယ်။ (ကျွန်တော်စာအုပ်အသစ်မှာ ဒီအကြောင်းတွေအပြည့်အစုံဖော်ပြ ထားပါတယ်။ ထွက်လာရင် အားပေးကြပါဦး။)

          သို့သော်လည်း ကြိုးမျှင်သီအိုရီကလည်း နောက်ထပ်ပြဿနာတစ်ခုနဲ့ ကြုံနေရပြန် ပါတယ်။ ကြိုးမျှင်သီအိုရီက ကျွန်တော်တို့ကိုယ်ပိုင်စကြဝဠာကြီးကို ဖော်ပြနိုင်တဲ့ မော်ဒယ် အမြောက်အမြားကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ အကယ်လို့ ကျွန်တော်တို့သာ စကြဝဠာ တစ်ခုထဲမှာနေတယ်ဆိုရင် မော်ဒယ်တစ်ခုပဲ ရှိနေသင့်ပါတယ်။ နောက်ပြီး သူတို့တွေက လည်း ဘယ်တစ်ခုမှန်သလဲဆိုတာကို လက်တွေ့စမ်းသပ်ချက်အားဖြင့် စမ်းသပ်စစ်ဆေး နိုင်မယ့် ဘာမှရေရာသေချာတဲ့ ခန့်မှန်းချက်တွေကို မလုပ်နိုင်ပြန်ပါဘူး။

          ၁၉၈၀ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်တွေထဲမှာ ရူပဗေဒပညာရှင်တွေဟာ ကြိုးမျှင်သီအိုရီနဲ့ တင် မကျေနပ်နိုင်တော့ဘဲ ကွမ်တမ်ဒြပ်ဆွဲသီအိုရီကို ချဉ်းကပ်နိုင်ဖို့ နောက်ထပ် သင်္ချာနည်းလမ်းသစ်အမျိုးမျိုးနဲ့ ထွက်လာကြပါတော့တယ်။

          သူတို့တွေထဲက အလားအလာအကောင်းဆုံးတစ်ခုကတော့ loop quantum gravity (ကွင်းကွမ်တမ်ဒြပ်ဆွဲအား) ဖြစ်ပါတယ်။ ဒီသီအိုရီက အချိန်နဲ့နေရာကွန်ရက် ကြီးဟာ အလွန်အလွန်သေးငယ်တဲ့ အပိုင်းပြတ်အတုံး သို့မဟုတ် ကွင်း ကွန်ရက်တစ်ခုနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။

            loop quantum gravity ရဲ့ ပြောင်မြောက်ဖွယ်လက္ခဏာတွေထဲက တစ်ခု ကတော့ ဒါက အချိန်ကို လုံးဝဖယ်ထုတ်ပစ်လိုက်ခြင်း ဖြစ်ပါတယ်။

          အချိန်ကိုဖယ်ရှားပစ်တဲ့ သီအိုရီဟာ loop quantum gravity တစ်ခုတည်းမဟုတ်ပါ ဘူး။ တခြားသော ချဉ်းကပ်မှုတွေမှာလည်း အချိန်ကို လက်တွေ့လောကကြီးရဲ့ အခြေခံ လက္ခဏာတစ်ရပ်အဖြစ်ကနေ ဖယ်ထုတ်ထားတာမျိုး တွေ့နိုင်ပါသေးတယ်။

အချိန်ထွက်ပေါ်မှု။

          ဒီတော့ ကျွန်တော်တို့ဟာ စကြဝဠာကြီးကို ရှင်းပြနိုင်မယ့် ရူပဗေဒသီအိုရီအသစ် တစ်ခုကို လိုအပ်နေပြီး ဒီသီအိုရီဟာလည်း အချိန်ဆိုတဲ့အရာမျိုး မပါဝင်ရပါဘူး။

          အကယ်လို့ ဒီလိုသီအိုရီတစ်ခုဟာ မှန်နေတယ်ဆိုပါစို့။ ဒါဆို ဘာဆက်ဖြစ်ပါမလဲ။ အချိန်မရှိဘူးဆိုတာကို ကျွန်တော်တို့ လက်ခံရမှာပါလား။ ဒါက ရှုပ်ထွေးတဲ့ကိစ္စတစ်ခု ဖြစ်ပြီး တည်ရှိတယ်ဆိုတဲ့အပေါ် ကျွန်တော်တို့ ဘယ်လိုယူဆသလဲအပေါ် မူတည်နေပါ တယ်။

       ရူပဗေဒသီအိုရီတွေမှာ ဇယားကွက်တွေ၊ ထိုင်ခုံတွေနဲ့ လူတွေမပါဝင်ပါဘူး။ သို့သော် လည်း ကျွန်တော်တို့ အခုအချိန်အထိ ဇယားကွက်တွေ၊ ထိုင်ခုံတွေနဲ့ လူတွေ ရှိနေတယ်လို့ လက်ခံထားဆဲ ဖြစ်ပါတယ်။

      ဘာဖြစ်လို့ပါလဲ။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ရူပဗေဒက ဖော်ပြထားတဲ့ level ထက်ပိုမြင့်တဲ့ level မှာ တည်ရှိနေတာကြောင့်ဖြစ်ပါတယ်။

       ဥပမာအားဖြင့် ဇယားကွက်တွေဟာ စကြဝဠာတစ်လျှောက်ရှိနေတဲ့ အခြေခံ ရူပဗေဒအမှုန်တွေကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီဇယားကွက်က အခြေခံအမှုန်တွေကနေ ဘယ်လို ဖြစ်ပေါ်လာသလဲဆိုတာအတွက် ကျွန်တော်တို့ ကောင်း ကောင်းနားလည် သဘောပေါက်ပေမယ့် အချိန်ဟာ ပိုပြီးအခြေခံကျတဲ့ တစ်စုံတစ်ခုကနေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ နားလည်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ အသိဉာဏ် မရှိပါဘူး။

          ဒါ့ကြောင့် အချိန်ဘယ်လို ထွက်ပေါ်လာသလဲဆိုတာအတွက် ကျွန်တော်တို့ ဖြေရှင်း ချက်ကောင်းကောင်း မပေးနိုင်သေးသ၍ အချိန်ရှိတယ်လို့ ကျွန်တော်တို့ ယူဆတာဟာ ရှင်းရှင်းလင်းလင်း ရှိမှာမဟုတ်ပါဘူး။

          အချိန်ဟာ ဘယ် level မှာမှ ရှိမနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အချိန်နဲ့ အေဂျင်စီ

          အချိန်ဟာ ဘယ် level မှာမှ ရှိမနေဘူးလို့ ပြောခြင်းက ဇယားကွက်တွေ လုံးဝရှိမနေ ဘူးလို့ ပြောခြင်းနဲ့အတူတူပါပဲ။

      ဇယားကွက်မရှိတဲ့လောကကြီးဟာ ခက်ထန်ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင် သော်လည်း အချိန်မရှိတဲ့ လောကကြီးကတော့ လုံးဝကို ကပ်ဘေးတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဘဝကြီးတစ်ခုလုံးဟာ အချိန်နဲ့နှီးနွယ်ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။

အတိတ်မှာ ကြုံတွေခဲ့တဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘာလုပ်မလဲဆိုတာ ပြင်ဆင်ကြပါတယ်။ အတိတ်ကလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပစ္စုပ္ပန်မှာ ခံကြရပါတယ်။  

         ကျွန်တော်တို့ဟာ တစ်စိတ်တစ်ဒေသအားဖြင့် အချိန်ရဲ့အေးဂျင့်တွေဖြစ်ကြပါ တယ်။ ဘာကြောင့်လဲဆိုတော့ အနာဂတ်မှာ အပြောင်းအလဲတွေကို လိုချင်တဲ့အတွက် အချိန်ဆိုတဲ့ သမိုင်းကြောင်းကြီးထဲမှာ ပါဝင်ဆင်နွဲနေကြတာ ဖြစ်ပါတယ်။

     ဒါပေမယ့် အကယ်လို့ အနာဂတ်ဆိုတာမျိုးမရှိဘူးဆိုရင် အနာဂတ်မှာပြောင်းလဲဖို့ ကျွန်တော်တို့ ကြိုးစားနေကြခြင်းဟာ ဘယ်လိုအဓိပ္ပါယ်ရှိတော့မှာပါလဲ။

  အတိတ်ဆိုတာမရှိဘူးဆိုရင် အတိတ်ကလုပ်ရပ်တွေအတွက် တစ်စုံတစ်ယောက်ကို အပြစ်ပေးတယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ရှိတော့မှာပါလဲ။

          အချိန်ဆိုတာမရှိဘူးဆိုတာကို တွေ့ရှိခြင်းက လောကကြီးတစ်ခုလုံးကို ဂယက်ရိုက် ခတ်သွားစေနိုင်ပါတယ်။ ကျွန်တော်တို့ မနက်အိပ်ရာကထပြီး အလုပ်လုပ်စရာ အကြောင်း လဲ ရှိတော့မှာ မဟုတ်ပါဘူး။

ပုံမှန်အတိုင်းရှိမယ့် လုပ်ငန်းဆောင်တာများ

          ဒီအရှုပ်ထုပ်ထဲကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းတစ်ခုရှိပါတယ်။

         ရူပဗေဒက အချိန်ကို ဖယ်ထုတ်လိုက်သော်လည်း ကျိုးကြောင်းဆီလျော်မှုတရား ကတော့ ကျန်ရစ်ခဲ့ဦးမှာပါပဲ။ အကြောင်းကြောင့် အကျိုးဖြစ်တယ်။ အကျိုးကြောင့် အကြောင်းဖြစ်တယ်။

          ရူပဗေဒက ကျွန်တော်တို့ကို အချိန်မဟုတ်ဘဲ ကျိုးကြောင်းဆီလျော်မှု သဘော တရားကသာ စကြဝဠာကြီးရဲ့ အခြေခံအသွင်လက္ခဏာတစ်ခုဖြစ်တယ်လို့ ပြောပြနေတာ မျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ နေစဉ်ဘဝကြီးကို ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်လို့ ဆိုခြင်းဖြစ်ပါတယ်။  

ကိုးကား

https://phys.org/news/2022-04-physicists-philosophers.html

            

            

           

Comments

Popular posts from this blog

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။