နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။


          စွမ်းအင် အလွန်မြင့်ပြီးတော့ ထောက်လှမ်းဖို့ အလွန်ခက်ခဲတဲ့ နျူထရီနိုတွေဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ရောက်မလာခင် အလင်းနှစ်ဘီလီယံပေါင်းများစွာ ဖြတ်ကျော် လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေခံအမှုန်တွေဟာ စကြဝဠာရဲ့ အနက်အရှိုင်းဆုံး ဒေသက နေလာတယ်ဆိုတာ ကျွန်တော်တို့ သိထားပေမယ့် သူတို့ရဲ့ ဇစ်မြစ်အတိအကျကတော့ အခုအချိန်အထိ ပဟေဠိဖြစ်နေဆဲပါ။

          အခုဆိုရင်တော့ သုတေသီအဖွဲ့တစ်ဖွဲ့ကနေပြီးတော့ ဒီဆန်းကြယ်မှုကို အလင်းပတ် ဖြန်းနိုင်ဖို့ အဖြေတစ်ခုနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ နျူထရီနိုတွေဟာ ဘလေဇာ လို့ခေါ်တဲ့ ဧရာမတွင်းနက်ကြီးတွေပါဝင်တဲ့ ဂလက်စီအလယ်ဗဟိုချက်ကနေ လာတယ်လို့ ယူဆချက်ဖြစ်ပါတယ်။ သူတို့ရလဒ်ကိုတော့ Astrophysical Journal မှာ ထုတ်ပြန်ခဲ့ပါ တယ်။

          ကမ္ဘာ့လေထုဟာ အာကာသရောင်ခြည်တွေရဲ့ ရိုက်ခတ်မှုကို အမြဲတစေခံနေရတာ ဖြစ်ပါတယ်။ ဒီထဲမှာ အီလက်ထရွန်ဗို့ ၁၀ ^ ၂၀ လောက်ထိ ရှိတဲ့ စွမ်းအင်မြင့် လျှပ်စစ် ဓာတ်ဆောင်အမှုန်တွေလဲ ပါဝင်နေပါတယ်။ ဒါက ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံး အမှုန်အရှိန်မြှင့်စက်ကြီးက တတ်နိုင်တဲ့ စွမ်းအင်ပမာဏထက် အဆသန်းပေါင်းများစွာ ပိုများပါတယ်။ ဒီလို အလွန်စွမ်းအင်မြင့်တဲ့အမှုန်တွေဟာ နက်ရှိုင်းတဲ့အာကာဟင်းလင်း ပြင်ကနေ ရောက်လာတာဖြစ်ပြီး အလင်းနှစ်ဘီလီယံပေါင်းများစွာ ဖြတ်ကျော်လာတာ ဖြစ်ပါတယ်။ သူတို့ဘယ်နေရာကနေ လာကြတာပါလဲ။ ဒီလောက်များပြားတဲ့ စွမ်းအင် ပမာဏနဲ့ သူတို့ကို ဘယ်ကနေ ပစ်ထုတ်လိုက်ပါသလဲ။ ဒီမေးခွန်းတွေဟာ ရာစုနှစ် တစ်ခုကြာလောက် နက္ခတ္တရူပဗေဒမှာ ကြုံတွေနေရတဲ့ ပြဿနာတွေဖြစ်ပါတယ်။

          အာကသရောင်ခြည်မွေးဖွားရာ ဒေသတွေဟာ နျူထရီနိုတွေကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ နျူထရီနိုတွေဟာ ဓာတ်ပြယ်အမှုန်တွေဖြစ်တာကြောင့် အလွန်ထောက်လှမ်း ရခက်ပါတယ်။ သူတို့မှာ ဒြပ်ထုမရှိသလောက်ဖြစ်ပြီး ဒြပ်သားနဲ့ အပြန်အလှန်သက်ရောက် မှု မရှိသလောက် နည်းပါးပါတယ်။ သူတို့ဟာ စကြဝဠာတစ်လွှား ရွက်လွှင့်လာကြပြီး ဂလက်စီတွေ၊ ဂြိုဟ်တွေနဲ့ လူ့ခန္ဓာကိုယ်ကိုတောင် အတားအဆီးမရှိဖြတ်သန်းသွားနိုင်ပါ တယ်။ နေ့စဉ် နျူထရီနိုသန်းပေါင်းများစွာ သင့်ခန္ဓာကိုယ်ကို ဖြတ်သန်းသွားနေတာ သင် သတိမထားမိနိုင်ပါဘူး။ “နက္ခတ္တရူပဗေဒဆိုင်ရာ နျူထရီနိုတွေဟာ cosmic rays acceleration တွေပါဝင်တဲ့ ဖြစ်စဉ်တွေမှု ထုတ်လုပ်တာ သေချာပါတယ်။” လို့ သုတေသီ တစ်ယောက်က ရှင်းပြပါတယ်။ ဒါ့ကြောင့်မလို့ ဒီနျူထရီနိုတွေဟာ အာကာသရောင်ခြည် အရင်းအမြစ်တွေကို ရှာဖွေရာမှာ အရေးပါတဲ့ messenger တွေ ဖြစ်နေတာပါ။

အပြန်အလှန်ငြင်းခုန်မှုများကြားမှ ရှေ့သို့တစ်လှမ်း

          နက္ခတ္တရူပဗေဒပညာရှင်တွေ စုဆောင်းသိမ်းဆည်းတဲ့ မြောက်များစွာသော အချက် အလက်တွေ ရှိပေမယ့်လဲ စွမ်းအင်မြင့်နျူထရီနိုတွေနဲ့ သူတို့အရင်းခံတဲ့ နက္ခတ္တရူပဗေဒ ဖြစ်စဉ်တွေကြားက ဆက်နွယ်မှုဟာ နှစ်ပေါင်းများစွာကြာအောင် မဖြေရှင်းနိုင်တဲ့ ပြဿ နာတစ်ခုအနေနဲ့ ရှိနေခဲ့ပါတယ်။ ဒါက အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ၂၀၁၇ လောက်တုန်းက သုတေသီတွေက TXS 0506 + 056 လို့ခေါ်တဲ့ ဘလေဇာတစ်ခုကို နျူထရီ နိုအရင်းအမြစ်တစ်ခုအဖြစ် တင်သွင်းခဲ့ကြပါတယ်။ ဘလေဇာတွေဆိုတာကတော့ ဧရာမ တွင်းနက်ကြီးတွေစွမ်းအင်ထောက်ပံ့ပေးထားတဲ့ active galactic nuclei တွေ ဖြစ်ပါ တယ်။ ဒီတွင်းနက်တွေကနေ ထုတ်လွှတ်တဲ့ရောင်ခြည်ဟာ ဂလက်စီတစ်ခုလုံးက ထုတ်လုပ်တဲ့ ရောင်ခြည်ထက်ပိုများပါတယ်။ ဒီတွေ့ရှိမှုက ဘလေဇာတွေနဲ့ စွမ်းအင်မြင့် နျူထရီနိုကြားမှာ တကယ်ပဲအဆက်အစပ်ရှိနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံအသိုင်း အဝိုင်းမှာ မီးပွားရိုက်ခတ်သွားခဲ့ပါတယ်။

          ဒီဟာရဲ့ရိုက်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ multi-messenger research project ကို စတင်ခဲ့ပါတယ်။ အဓိကရည်မှန်းချက်ကတော့ နျူထရီနိုတွေရဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီး အလင်းပြနိုင်ဖို့နဲ့ ဒီအရင်းအမြစ်ဟာ ဘလေဇာတွေဖြစ်ကြောင်း ပိုပြီးသေချာစေနိုင်ဖို့ အတွက် ဖြစ်ပါတယ်။

          အခုဆိုရင်တော့ ဒီပရောဂျက်ကနေ ပထမဆုံး အောင်မြင်မှုအသီးအပွင့်ကို ပြသနေပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ထုတ်ပြန်တဲ့ Astrophysical Journal မှာ သုတေသီအဖွဲ့က ဘလေဇာတွေဟာ နျူထရီနိုတွေနဲ့ဆက်စပ်နေတာဟာ အတော် လေး သေချာမှုရှိကြောင်း ပြသခဲ့ပါတယ်။

ဘလေဇာများ၏ ကဏ္ဍကို ဖော်ထုတ်ခြင်း

          Andrea Tramacera လို့ခေါ်တဲ့ ပညာရှင်တစ်ယောက်က “စုပုံခြင်းဖြစ်စဉ်နဲ့ တွင်းနက်ရဲ့လည်ပတ်မှုဟာ ဒီ relativistic jets တွေကို ထွက်ပေါ်လာစေပါတယ်။ (relativistic jets တွေဆိုတာကတော့ အလင်းအလျင်နီးပါး အလျင်နဲ့ စုပုံထားတဲ့ ဒြပ်သား တွေ  ဝင်ရိုးနှစ်ခုကနေ ပန်းထွက်မှု ဖြစ်ပါတယ်။) ဒီမှာဆိုရင်တော့ အမှုန်တွေဟာ အရှိန်မြှင့် လာကြပြီး မြင်နိုင်တဲ့အလင်းရောင်ခြည်ထက် ဘီလီယံပေါင်းများစွာ စွမ်းအင်ပိုများတဲ့ ရောင်ခြည်တွေကို ထုတ်လွှတ်တာပါ။ ဒီဝတ္ထုတွေနဲ့ အာကာသရောင်ခြည်တို့ကြားက ဆက်သွယ်မှုကို ရှာတွေ့တာဟာ စွမ်းအင်မြင့်နက္ခတ္တရူပဗေဒမှာ “ရိုစီတာကျောက်တုံး” ကို ရှာတွေ့သလိုပါပဲ။

          ဒီလိုရလဒ်မျိုးရနိုင်ဖို့ အဖွဲ့က အန္တာတိကက IceCube Neutrino Observatory (အာရုံခံနိုင်စွမ်းအကောင်းဆုံးနျူထရီနိုထောက်လှမ်းစက်ကြီး ဖြစ်တဲ့အပြင် အတိကျ ဆုံးသော ဘလေဇာကတ်တလောက်ရှိတဲ့နေရာလဲ ဖြစ်ပါတယ်) ကြီးက အကောင်းဆုံး နျူထရီနိုဒေတာတွေကို ရယူခဲ့ရပါတယ်။

More details in

Discovery of extragalactic neutrino factories (phys.org)

 

 

Comments

Popular posts from this blog

အလွန့်အလွန်ဒြပ်ထုမြင့်သော ကာဗွန်-အောက်ဆီဂျင် ကြယ်ဖြူပုများ၏ ဖြစ်ပေါ်ပုံအား စူးစမ်းလေ့လာခြင်း။

ပြင်ပဂြိုဟ်များ၏ လေထုအား အတန်းအစားခွဲခြားခြင်းက လေ့လာမှုနယ်ပယ်အသစ် တစ်ခု ဖြစ်လာ။

မိုက်ခရိုဥက္ကာခဲများ၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်အောင် တည်ဆောက်ထားသော နာဆာ၏ ဝပ်ဘ်တယ်လီစကုပ်။