ကမ္ဘာ့ပြင်ပဂြိုဟ်တစ်လုံးကနေ ဝပ်ဘ်တယ်လီစကုပ်ရရှိခဲ့တဲ့ အချက်အလက်တွေက သိပ္ပံပညာရှင်တွေကို ဘယ်လိုအကျိုးပြုနိုင်မလဲ။
မနေ့ညကတော့ တကယ့်ကို အံ့အားသင့်ဖွယ် ညတစ်ညဖြစ်ခဲ့တာပါပဲ။ ဂျူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ သမ္မတဂျိူးဘိုင်ဒန်က ဝပ်ဘ်ရဲ့ ပထမဆုံး ပုံရိပ်ဖြစ်တဲ့ Deep Field Image ကို ပြသခဲ့ပြီးနောက်မှာတော့ ဂျူလိုင်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီမှာ နောက်ဆက်တွဲပုံရိပ်လေးခုကို ဆက်လက်ပြသခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ပုံရိပ် လေးခုစလုံးဟာ အံ့အားသင့်ဖွယ် ပြတ်သားထင်ရှားတဲ့ ပုံရိပ်တွေဖြစ်ခဲ့ပြီး နက္ခတ္တဗေဒ ပညာရပ်ဟာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီဆိုတာ ထင်ထင်ရှားရှား ပြသနေ ခဲ့ပါတယ်။ ဒီပုံလေးခုထဲမှာ ကျွန်တော်စိတ်ဝင်စားဆုံးကတော့ exoplanet data ပဲ ဖြစ်ပါ တယ်။ ဒါ့ကြောင့်မလို့ ဒီနေ့မှာတော့ အခုရရှိခဲ့တဲ့ exoplanet data အသစ်ကနေပြီးတော့ သိပ္ပံပညာရှင်တွေကို ဘာအချက်အလက်အသစ်တွေ ပြောပြနိုင်သလဲဆိုတာကို တင်ပြ သွားပါမယ်။ ဂျိမ်းစ်ဝပ်တယ်လီစကုပ်ရဲ့ အဓိကပန်းတိုင်နှစ်ခုထဲမှာ ကမ္ဘာ့ပြင်ပဂြိုဟ် (exoplanet) တွေကို လေ့လာဖို့ကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ့်ရည်မှန်းချက် အစစ်ကတော့ သက်ရှိရှင်သန်နိုင်မယ့် ကမ္ဘာမဟုတ်တဲ့ တ...