ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။

 


          ­­အာကာသကြီးကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်တွေအားလုံးမှာ “mediocrity principle” လို့ခေါ်တဲ့ ဒဿနတစ်ခုရှိကြပါတယ်။ ဒါကတော့ ကမ္ဘာကြီး၊ နေနဲ့ နဂါးငွေ့တန်းဂလက်စီတို့ဟာ စကြဝဠာကအရာအားလုံးနဲ့နှိုင်းယှဉ်ရင် ဘာမှထူးခြားမနေဘူးလို့ ဆိုလိုပါတယ်။ မြန်မာလိုဆိုရင်တော့ အားလုံးက ဒီပုတ်ထဲက ဒီပဲ, ပဲပေါ့။

          အခုဆိုရင်တော့ သုတေသနအသစ်တစ်ခုက ဒီ mediocrity principle အတွက် နောက်ထပ် သက်သေအထောက်အထားတစ်ခုကို ပေါင်းထည့်နိုင်ခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဂလက်စီတွေဟာ အစောပိုင်းစကြဝဠာနဲ့နှိုင်းယှဉ်ရင် ရပ်နားနေကြပါတယ်။ နက္ခတ္တရူပဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ ဂျရီမီဒါလင်က ဒီအာကာသဆိုင်ရာ တွေ့ရှိချက်ကို Astrophysical Journal Letters မှာ ထုတ်ဝေခဲ့ပါတယ်။

          “ဒီသုတေသနက ပြောပြနေတာကတော့ ကျွန်တော်တို့မှာ ရယ်စရာရွေ့လျားမှု (လှုပ်ရှားမှုနည်းနည်းလေး) တစ်ခုရှိတယ်။ ဒါပေမယ့် ဒီရယ်စရာရွေ့လျားမှုလေးက စကြဝဠာနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ သိထားသမျှအားလုံးနဲ့ လိုက်လျောညီထွေဖြစ်နေတာပါပဲ။ ကျွန်တော်တို့က ဘာမှ ထူးခြားနေတာ မဟုတ်ပါဘူး။” လို့ ဒါလင်က ဆိုပါတယ်။ “ကျွန်တော်တို့က ဂလက်စီတစ်ခုအနေနဲ့ကော သို့မဟုတ် လေ့လာသူတွေအနေနဲ့ကော ဘာမှ ထူးခြားမနေပါဘူး။”

          လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်လောက်တုန်းက သုတေသီတွေဟာ စကြဝဠာနောက်ခံ မိုက်ခရိုလှိုင်းကို တွေ့ရှိခဲ့ကြပါတယ်။ ဒါက အကြမ်းအားဖြင့်တော့ မဟာပေါက်ကွဲမှုပြီးအတွင်း စကြဝဠာဖြစ်ပေါ်မှုမှာ ကျန်ရစ်ခဲ့တဲ့ လျှပ်စစ်သံလိုက်ရောင်စဉ်လှိုင်း ဖြစ်ပါတယ်။ ဒီမိုက်ခရိုလှိုင်းဟာ ကျွန်တော်တို့ ရွေ့လျားတဲ့လားရာအရပ်မှာ ပိုနွေးနေတဲ့ပုံပေါ်ပြီး ကျွန်တော်တို့ ရွေ့လျားမှုလားရာအဝေးဘက်မှာတော့ ပိုအေးနေတဲ့ပုံပေါ်နေပါတယ်။

          ဒီအစောပိုင်းစကြဝဠာရဲ့တောက်ပမှုကနေပြီးတော့ သိပ္ပံပညာရှင်တွေအနေနဲ့ နေ (နဲ့ သူ့ကိုလှည့်ပတ်နေတဲ့ ကမ္ဘာ) တို့ဟာ လားရာတစ်ခုခုကို အမြန်နှုန်းတစ်ခုနဲ့ ရွေ့လျားနေတယ်လို့ ‌ကောက်ချက်ချနိုင်ပါတယ်။ သုတေသီတွေအနေနဲ့ ကျွန်တော်တို့ ကောက်နုတ်ထားတဲ့ အမြန်နှုန်းဟာ အလင်းအလျင်ရာခိုင်နှုန်းရဲ့ အပိုင်းအစသာ ဖြစ်သော်လည်း သုည မဟုတ်တဲ့ တန်ဖိုး ဖြစ်ပါတယ်။

          နောက်တစ်မျိုးအနေနဲ့ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကနေမြင်ရတဲ့ ဂလက်စီတွေကို ရေတွက်ခြင်းအားဖြင့် သို့မဟုတ် သူတို့ရဲ့အလင်းအား အားလုံးကို ပေါင်းခြင်းဖြင့် ဒီကောက်နုတ်ချက်ကို စမ်းသပ်စစ်ဆေးနိုင်ပါသေးတယ်။ ဒါကို အချိန်နဲ့ နေရာအပေါ် အမြန်နှုန်း သက်ရောက်မှုကို ရှင်းပြနိုင်သော  အိုင်းစတိုင်းရဲ့ ၁၉၀၅ ခုနှစ် အထူးနှိုင်းရသီအိုရီကျေးဇူးနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူတစ်ယောက်ဟာ စကြဝဠာရဲ့ လားရာအရပ်တစ်ခု (ကမ္ဘာနဲ့ နေတို့ ရွေ့လျားနေသော အရပ်) ကို ငေးကြည့် ခြင်းဖြင့် တောက်ပတဲ့၊ ပိုပြာတဲ့ ပိုသိပ်သည်းဆများတဲ့ ဂလက်စီတွေကို မြင်ရသင့်ပါတယ်။ အလားတူပင် တခြားလားရာအရပ်ကို ကြည့်မယ်ဆိုရင်လည်း ပိုနက်တဲ့၊ ပိုနီတဲ့ ပိုသိပ်သည်းဆနိမ့်တဲ့ ဂလက်စီတွေကို မြင်သင့်ပါတယ်။

          သို့သော်လည်း မကြာသေးခင်နှစ်တွေက ဂလက်စီတွေကို ရေတွက်ဖို့ ကြိုးစားတဲ့အခါ (တကယ်အတိအကျလုပ်ဖို့ တော်တော်လေးခက်တဲ့ အလုပ်ဖြစ်ပါတယ်) နေဟာ အရင်ထင်ထားတာထက် ပိုပြီးမြန်မြန်ရွေ့လျားနေတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။ ဒါက စံအာကာသဗေဒမှာတော့ တော်တော်လေး ဆန်းကြယ်နေပါတယ်။

          “ကောင်းကင်တစ်ခုလုံးက ဂလက်စီအားလုံးကို ရေတွက်ဖို့က တော်တော်လေး ခက်ပါတယ်။” လို့ ဒါလင်က ဆိုပါတယ်။ “အခက်ဆုံးကတော့ ကျွန်တော်တို့ဂလက်စီက မြင်ကွင်းကိုပိတ်နေတာပါ။ ကျွန်တော်တို့ ဂလက်စီနဲ့နီးလာလေလေ ဂလက်စီအတွင်းက ဖုန်မှုန့်တွေက ပိုပြီးမှိန်အောင် ပြုလုပ်ပေးလေ ဖြစ်ပါတယ်။”

          ဒါလင်က ဒီအာကာသပဟေဠိနဲ့ပတ်သက်ပြီး စူစမ်းလိုစိတ်ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူက သူ့ဘာသူလေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပြီး ဂလက်စီရေတွက်မှုကို ပိုကောင်း စေမယ့် စစ်တမ်းနှစ်ခုရှိနေတာကို သိထားပါတယ်။ ဒါက အလျင်ဆန်းကြယ်မှုနဲ့ ပတ်သက် ပြီး အလင်းပေးနိုင်ပါတယ်။

          ဒီစစ်တမ်းနှစ်ခုက ကောင်းကင်ယံနှစ်ခြမ်းလုံးက မြင်ကွင်းအားလုံးကို လေ့လာဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ စစ်တမ်းအသစ်မှာ နဂါငွေ့တန်းဂလက်စီအတွင်းက ဖုန်မှုန့်တွေကိုဖြတ်သန်းပြီး လွယ်လွယ်ကူကူမြင်နိုင်ဖို့ ရေဒီယိုလှိုင်းတွေကို အသုံးပြုထားပါတယ်။ ဒါက စကြဝဠာကြီးရဲ့မြင်ကွင်းကို ပိုကောင်းကောင်းမြင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

          ဒါလင်က စစ်တမ်းကောက်ယူမှုကို သရုပ်ခွဲစိစစ်တဲ့အခါ ဂလက်စီအရေအတွက်နဲ့ သူတို့ရဲ့အလင်းအားဟာ စကြဝဠာနောက်ခံမိုက်ခရိုလှိုင်းကနေ မကြာသေးခင်က ကောက်နုတ်ထားတဲ့ သုတေသီတွေရဲ့ အမြန်နှုန်းနဲ့ လုံးဝကိုက်ညီမှုရှိနေတာကို တွေ့ရပါတယ်။

          “တောက်ပတဲ့ လားရာအရပ်နဲ့ မှေးမှိန်တဲ့ လားရာအရပ်ကို ကျွန်တော်တို့ တွေ့ရ ပါတယ်။ ဂလက်စီတွေအများကြီးရှိတဲ့ လားရာနဲ့ ဂလက်စီနည်းနည်းလေးပဲရှိတဲ့ လားရာ တို့ကို ကျွန်တော်တို့ တွေ့ထားပါတယ်။” လို့ သူက ဆိုပါတယ်။ “အကြီးမားဆုံးကွာခြား ချက်ကတော့ စကြဝဠာနောက်ခံမိုက်ခရိုလှိုင်းက အစောပိုင်းစကြဝဠာနဲ့ ကိုက်ညီနေပြီး မှန် ကန်တဲ့အမြန်နှုန်း ရှိနေခြင်းပါ။ ကျွန်တော်တို့ အာကာသဗေဒဟာ အေးဆေးပါပဲ။”

          “ဒါလင်ရဲ့တွေ့ရှိမှုက အရင်ကရလဒ်တွေနဲ့ ကွဲပြားနေပါတယ်။ သူ့ရဲ့စာတမ်းက နောက်ပိုင်းလေ့လာမှုတွေကို သူ့ရဲ့ရလဒ်ကို အတည်ပြုနိုင်ဖို့ သို့မဟုတ် ပယ်ချနိုင်ဖို့ တွန်းအားပေးနိုင်ပါတယ်။”

ကိုးကား

Putting the theory of special relativity into practice, by counting galaxies (phys.org)

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။