ဂျိမ်းစ်ဝပ်တယ်လီစကုပ်၏ အအေးမြဆုံးတိုင်းတာရေးကိရိယာများသည် လုပ်ငန်းဆောင်ရွက်မည့် အပူချိန်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
နာဆာရဲ့ဂျိမ်းဝပ်တယ်လီစကုပ်ဟာ မဟာပေါက်ကွဲပြီးပြီးနောက် ခဏကြာမှာ ဖြစ်ပေါ်ခဲ့တဲ့ ပထမဆုံး ဂလက်စီတွေနဲ့ ကြယ်တွေကို မြင်တွေ့နိုင်ပါတော့မယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုရင် သူ့ရဲ့ တိုင်းတာ ရေးကိရိယာတန်ဆာပလာတွေဟာ အေးနိုင်သမျှ အေးအောင်လုပ်ဆောင်ရပါလိမ့်မယ်။ ဧပြီလ ၇ ရက်နေ့မှာ ဝပ်ရဲ့ Mid-Infrared Instrument (MIRI) ဟာ သူ့ရဲ့နောက်ဆုံး လုပ်ငန်းဆောင်ရွက်ရမယ့် အပူချိန်ဖြစ်တဲ့ ၇ ကယ်ဗင် (-၄၄၇ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် -၂၆၆ ဒီဂရီဆဲလ်စီးယပ်စ်) အောက်ကို ရောက်ရှိခဲ့ပါတယ်။
ဝပ်ရဲ့တခြားတိုင်းတာရေးကိရိယာသုံးခုနဲ့အတူ MIRI ကိုလည်း ဝပ်ရဲ့ တင်းနစ်ကွင်းအရွယ်အစား ရှိတဲ့ နေဒိုင်းကာကြီးနောက်မှာ ကနဦးအအေးခံခဲ့ပြီး အပူချိန် ၉၀ ကယ်ဗင်အောက်အထိ ကျစေခဲ့ပါတယ်။ သို့သော် လည်း ၇ ကယ်ဗင်အောက်ရောက်ဖို့အတွက်ဆိုရင်တော့ လျှပ်စစ်ဓာတ်နဲ့စွမ်းအင်ပေးမယ့် cryocooler တစ်ခုကို လိုအပ်ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက အဖွဲ့က “pinch point” လို့ခေါ်တဲ့ စိတ်ခေါ်မှုတစ်ရပ်ကို ဖြတ် သန်းနိုင်ခဲ့ပါတယ်။ ကိရိယာဟာ ၁၅ ကယ်ဗင်ကနေ ၆.၄ ကယ်ဗင်ကိုကူးပြောင်းတဲ့အမှတ်ဖြစ်ပါတယ်။
“MIRI cooler team က pinch point ရောက်နိုင်ဖို့ တော်တော်လေးကို အလုပ်လုပ်ခဲ့ရပါတယ်။” လို့ Jet Propulsion Laboratory က Analyn Schneider က ဆိုပါတယ်။ “ဒီအခြေပြောင်းအလုပ်ကို သွားရတော့မယ့်အချိန်မှာ အဖွဲ့က စိတ်လှုပ်ရှားနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ performance ကထင်ထားတာထက်တောင် ပိုကောင်းနေပါသေးတယ်။”
အပူချိန်နိမ့်ကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝပ်ရဲ့တိုင်းတာရေးကိရိယာ လေးခု စလုံးဟာ အနီအောက်ရောင်ခြည် (ကျွန်တော်တို့ သာမန်မျက်စိနဲ့မြင်နိုင်တဲ့ အလင်းထင် လှိုင်းအလျားအနည်းငယ် ပိုရှည်တဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်တစ်မျိုး) မှာ အလုပ်လုပ်မှာကြောင့် ဖြစ်ပါတယ်။ ဖုန်မှုန့်မြူခိုးကြားမှာ ပုန်းခိုနေတဲ့ ဝေးကွာတဲ့အရပ်က ကြယ်တွေနဲ့ ဂလက်စီတွေ၊ ကျွန်တော်တို့ နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်တွေ အားလုံးဟာ အနီအောက်ရောင်ခြည်ထုတ်လွှတ်ကြပါတယ်။ သို့သော် တချို့နွေးထွေးတဲ့ပစ္စည်းတွေကလည်း ဒီရောင်ခြည်မျိုးထုတ်လွှတ်သေးပါတယ်။ ဒီထဲမှာတော့ ဝပ်ရဲ့ ကိုယ်တိုင် လျှပ်စစ်နဲ့အလင်းဆိုင်ရာ ပစ္စည်းတွေလဲ ပါဝင်ပါတယ်။ ဒီတိုင်းတာရေးကိရိယာလေးခုနဲ့ ဒီပစ္စည်းတွေကို အပူချိန်လျော့ချခြင်းက ဒီမလိုလားအပ်တဲ့ အနီအောက်ရောင်ခြည်တွေကို ထိန်းချုပ်ပေးပါလိမ့်မယ်။ MIRI က တခြားပစ္စည်းသုံးခုထက် ပိုရှည်လျားတဲ့ အနီအောက်ရောင်ခြည်တွေကို ထောက်လှမ်းရမှာဖြစ်တာကြောင့် သူ့ကို ပိုပြီးအေးမြအောင်လုပ်ပေးဖို့ လိုအပ် ပါတယ်။
ဝပ်ရဲ့ထောက်လှမ်းစက်တွေကို အအေးခံဖို့လိုအပ်တဲ့ တခြားအကြောင်းအရင်းကတော့ dark current လို့ခေါ်တဲ့ ထောက်လှမ်းစက်အတွင်းက အက်တမ်တုန်ခါမှုတွေကြောင့်ဖြစ်တဲ့ လျှပ်စီးကြောင်းတွေကို ထိန်းချုပ် ပေးဖို့ ဖြစ်ပါတယ်။ dark current တွေက ထောက်လှမ်းစက်အတွင်းမှာ တကယ့်အချက်ပြလိုမျိုး ပုံပေါ်တတ် တာကြောင့် false alarm တစ်ခုဖြစ်စေနိုင်ပါတယ်။ ဒီ false signals တွေကြားမှာ နက္ခတ္တဗေဒညာရှင်တွေ အမှန်တကယ်ရှာချင်တဲ့ အချက်ပြဟာ နစ်မြုပ်ပျောက်ကွယ်သွားနိုင်ပါတယ်။ အပူချိန်ဟာ ထောက်လှမ်းစက် အတွင်းမှာ အက်တမ်တွေ ဘယ်လောက်မြန်မြန်တုန်ခါသလဲဆိုတာကို တိုင်းတာနိုင်တာကြောင့် အပူချိန်လျော့ ချခြင်းဟာ တုန်ခါမှုလျော့ချခြင်းဖြစ်တဲ့အတွက် dark current ပမာဏကို နည်းသွားစေနိုင်ပါတယ်။
MIRI ရဲ့ လှိုင်းအလျားပိုရှည်တဲ့ အနီအောက်ရောင်ခြည်ကို တိုင်းတာနိုင်စွမ်းကြောင့် dark current တွေကို ပိုပြီး အာရုံခံနိုင်စွမ်းကောင်းပါတယ်။ ဒီတော့ ဒီပြဿာနာကို ဖြေရှင်းနိုင်ဖို့ သူက တခြားသုံးခုထက် ပိုပြီး အေးမြဖို့ လိုအပ်ပါတယ်။ တိုင်းတာရေးကိရိယာရဲ့ အပူချိန်တစ်ဒီဂရီတက်တိုင်းမှာ dark current ကလည်း ၁၀ ဆ လောက်ထိုးတက်သွားတာဖြစ်ပါတယ်။
MIRI က လိုချင်တဲ့ ၆.၄ ကယ်ဗင်ကို ရောက်ပြီဆိုတာနဲ့ သိပ္ပံပညာရှင်တွေဟာ တိုင်းတာရေးကိရိယာဟာ မျှော်မှန်းထားတဲ့အတိုင်း လုပ်ဆောင်ရဲ့လားဆိုတာသေချာဖို့ ဆက်တိုက်စစ်ဆေးရပါတော့မယ်။ “ဒီလို အချိန်လေးအတွက် ကျွန်တော်တို့ နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့တာပါ။” လို့ JPL က Mike Ressler က ဆိုပါတယ်။ “ဒါက ဇာတ်ညွှန်းတစ်ခုလိုပါပဲ။ ကျွန်တော်တို့ လုပ်ရမယ့် အရာအားလုံးကို ရေးချထားပြီး ပြန်လည်လေ့ကျင့်တယ်။ စမ်းသပ်ထားတဲ့ ဒေတာတွေဝင်လာရင် ကျွန်တော်တို့ မျှော်လင့် ထားတဲ့အတိုင်း ရှိနေသလားဆိုတာ စစ်ပါတယ်။”
MIRI က သိပ္ပံမစ်ရှင်မဆောင်ရွက်နိုင်ခင်မှာ အဖွဲ့အနေနဲ့ လုပ်စရာစိန်ခေါ်မှုတွေ အများကြီး ရှိနေပါသေး တယ်။ အခုဆိုရင် တိုင်းတာရေးကိရိယာက လုပ်ဆောင်ရမယ့် အပူချိန်မှာရောက်နေပြီ။ ဒီကိရိယာရဲ့ ဆောင်ရွက်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးဖို့ ကြယ်နဲ့ တခြားပစ္စည်းတွေရဲ့ စမ်းသပ်ပုံရိပ်တွေကို အဖွဲ့က ယူရပါတော့မယ်။
ကိုးကား
https://phys.org/news/2022-04-james-webb-telescope-coldest-instrument.html
#newstein
Comments
Post a Comment