ရိုဒီကျွန်းထက်ပင်ပို၍ကြီးသော တွေ့ဖူးခဲသမျှထဲမှ အကြီးမားဆုံးကြယ်တံခွန်၏ အရွယ် အစားကို အတည်ပြု နိုင်ခဲ့။
နက္ခတ္တဗေဒပညာရှင်တွေဟာ ဟယ်ဘယ်တယ်လီစကုပ်ကို အသုံးပြုပြီးတော့ တွေ့ခဲ့ဖူးသမျှတွေထဲက အကြီးမားဆုံးကြယ်တံခွန်၏ တည်ရှိမှုနှင့် ဒီကြယ်တံခွန်ဟာ နောင်လာမယ့်ဆယ်စုနှစ်အတွင်းမှာ နေအနားက ဖြတ်သန်းသွားမှာကို အတည်ပြု နိုင်ခဲ့ပါ တယ်။
ကြယ်တံခွန်တွေဟာ ရေခဲနဲ့ဖုန်မှုန့် ဘောလုံးကြီးတစ်ခုဖြစ်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ ကျောက်စိုင်ကျောက်ခဲ ဝတ္ထုတွေဖြစ်တာကြောင့် တစ်ခုနဲ့ တစ်ခု ကွာခြားကြပါတယ်။ များသောအားဖြင့် ကြယ်တံခွန်တွေဟာ သူတို့ရဲ့ နယူကလိ ယ သို့မဟုတ် ဦးခေါင်းကနေ ထားရစ်ခဲ့တဲ့ “အမြှီး” ကြောင့် လူသိများ ထင်ရှားကြပါတယ်။ ဒီအမြှီးဟာ နေနဲ့နီးတဲ့အခါ ကြယ်တံခွန်က ရေခဲတွေ အငွေ့ပျံရာက တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခုဆိုရင် နက္ခတ္တဗေဒပညာရှင်တွေဟာ တွေ့ခဲ့ဖူးသမျှတွေထဲက အကြီးမားဆုံး သော ကြယ်တံခွန်ရဲ့ အရွယ်အစားကို ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီကြယ်တံခွန်ကတော့ Bernardinelli-Bernstein Comet လို့လဲ သိကြတဲ့ Comet C/2014 UN271 ဖြစ်ပြီး မိုင် ၈၀ လောက် အကျယ်ရှိကာ ရိုဒီကျွန်းထက်ပင် ပိုလို့ ကြီးပါသေးတယ်။ သူ့ရဲ့ နယူက လိယသည် တန်ပေါင်း ၅၀၀ ထရီလီယံလောက် လေးမည်ဟု ခန့်မှန်းတွက်ချက်ရပြီး ကြယ်တံခွန်အများစုရဲ့ နယူကလိယထက် အဆပေါင်းတစ်သိန်းလောက် ပိုကြီးပါတယ်။
ဒါ့အပြင် ကြယ်တံခွန်ဟာ တစ်နာရီမိုင်ပေါင်း ၂၂၀၀၀၀ နဲ့ သွားနေပြီး ကမ္ဘာအနီး သို့ ဦးတည်ရွေ့လျားနေတာ ဖြစ်ပါတယ်။ ၂၀၃၁ ခုနှစ်မှာ အနီးဆုံးဖြတ်သန်းသွားမှာ ဖြစ် ပေမယ့် စိတ်ပူစရာတော့ မလိုပါ။ ဘာကြောင့်လဲဆိုတော့ အနီးဆုံးအကွာအဝေးက နေကနေ ၁ ဘီလီယံမိုင်အကွာလောက်မှာ ရှိနေမှာကြောင့်ပါ။ တွေ့ရှိမှုတွေကိုတော့ Astrophysical Journal မှာ ထုတ်ဝေခဲ့ပါတယ်။
“နေအဖွဲ့အစည်းအပြင်ပိုင်းရောက်ရင် မှေးမှိန်တဲ့ ဝတ္ထုတွေကို တွေ့မြင်ဖို့ ခက်ခဲ လာတာကြောင့် ဒီကြယ်တံခွန်က ကြယ်တံခွန်ထောင်ပေါင်းများစွာထဲက ရေခဲတောင်ရဲ့ ထိပ်ပိုင်းလေးသာဖြစ်ပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူဖြစ်တဲ့ David Jewitt က ဆိုပါတယ်။ “ဒီကြယ်တံခွန်က တော်တော်လေးကြီးမယ်လို့ အစတည်းက ကျွန်တော်တို့ သံသယရှိခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလောက်ဝေးကွာတဲ့ အရပ်မှာတောင် တော်တော်လေး တောက်ပနေလို့ပါ။ အခုတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါပြီ။”
ဒီကြယ်တံခွန်ကိုတော့ နက္ခတ္တဗေဒပညာရှင် Bernardinelli နဲ့ Gary Bernstein တို့က ပထမဆုံးတွေ့ရှိခဲ့ကြတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ပထဆုံးပုံရိပ်ကို ရရှိခဲ့ကြပါတယ်။ ကြယ်တံခွန်ကို နေနဲ့ မိုင် ၃ ဘီလီယံအကွာလောက်တည်းက ထောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ထိုစဉ်ကပင် သူ့ရဲ့အရွယ်အစားကို ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။
“ကြယ်တံခွန်ဟာ တော်တော်လေးတော့ ကြီးမယ်လို့ ကျွန်တော်တို့ ခန့်မှန်းမိပါ တယ်။ ဒါပေမယ့် ဒါကို အတည်ပြုနိုင်ဖို့ အကောင်းဆုံးဒေတာတွေလိုအပ်ပါတယ်။” ဟု စာတမ်းဦးဆောင်ရေးသားသူ Man-To Hui က ဆိုပါတယ်။
ကြယ်တံခွန်ရဲ့အရွယ်အစားကို အတည်ပြုနိုင်ဖို့အတွက် အဖွဲ့ဟာ ဟယ်ဘယ် တယ်လီစကုပ်ကိုအသုံးပြုပီးတော့ ပုံရိပ်ပေါင်းများစွာ ရိုက်ယူခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲကတော့ ကြယ်တံခွန်ဟာ နေနဲ့နီးလာတဲ့အခါ လောင်ကျွမ်းပြီး ကိုမာဟာ ပြန့်ကားလာတာကြောင့် နယူကလိယရဲ့ ပတ်လည်မှာ တိမ်တိုက်လိုမျိုး ကိုမာတစ်ခု ဖြစ်လာတာမလို့ ပုံရိပ်တွေကို ဖော်ထုတ်ရာမှာ စိတ်ပျက်စရာပါပဲ။”
အခုဆိုရင် ကြယ်တံခွန်ဟာ နေနဲ့ ၂ ဘီလီယံမိုင်အကွာမှာ ရှိနေပြီး အပူချိန်ကလဲ အနုတ် ၃၄၈ ဒီဂရီဖာရင်ဟိုက်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီအပူချိန်ဟာ ကြယ်တံခွန်မျက်နှာပြင်က ကာဗွန်မိုနောက်ဆိုဒ်တွေ အငွေ့ပျံဖို့ လုံလောက်နေပါပြီ။
ဒါ့ကြောင့် Hui နဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကြယ်တံခွန်အတွက် ကွန်ပျူတာ မော်ဒယ်တစ်ခုတည်ဆောက်ပြီး ကိုမာမပါဘဲ နယူကလိယပဲ ကျန်အောင် ဆောင်ရွက်ခဲ့ ပါတယ်။
နောက်တော့ ပတ်ပတ်လည်က ကိုမာအတွက် ကွန်ပျူတာမော်ဒယ်တည်ဆောက် ပြီး ကိုမာရဲ့တောက်ပမှုကို ဖယ်ထုတ်ခဲ့ပါတယ်။
နောက်တော့ ဒီဒေတာတွေကို စုပေါင်းပြီး ကြယ်တံခွန်ရဲ့ အရွယ်အစားနဲ့ နယူကလိယရဲ့ ပုံပန်းသွင်ပြင်ကိုပါ တွက်ထုတ်ခဲ့ပါတယ်။
“ဒါကကြီးပြီး မီးသွေးထက်တောင် နက်ပါသေးတယ်။” လို့ Jewitt က ဆိုပါတယ်။
ဒီကြယ်တံခွန်ဟာ နေကိုတစ်ပတ်ပြည့်ဖို့ နှစ်သုံးသန်းအချိန်ယူရပြီး ဒါက အလင်းနှစ် တစ်ဝက်နည်းပါးလောက်တောင် ရှိပါတယ်။
ကိုးကား
https://phys.org/news/2022-04-astronomers-size-largest-comet-bigger.html
Comments
Post a Comment