ဂျူပီတာဂြိုဟ်၏ လပေါ်ရှိ ရေများသည် ထင်ထားသည်ထက် မျက်နှာပြင်နှင့် ပို၍နီးကပ်နိုင်။

 


          ဂျူပီတာဂြိုဟ်ရဲ့ လ(ယူရိုပါ) ရဲ့ မျက်နှာပြင်ပေါ်က အစင်းချောင်းကြီးတွေက သူတို့ရဲ့ အောက်မှာ ရေတိမ်ကန်များရှိနိုင်ကြောင်း ညွှန်ပြနေတာကြောင့် ပြင်ပသက်ရှိ ရှာဖွေရာမှာ မျှော်လင့်ချက်မြင့်တက်စေတယ်လို့ လွန်ခဲ့တဲ့ အင်္ဂါနေ့က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

          သူ့ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ပင်လယ်သမုဒ္ဒရာတွေကြောင့် ယူရိုပါလဟာဆိုရင် နေအဖွဲ့အစည်းအတွင်းမှာ သက်ရှိတည်ရှိနိုင်တဲ့ အလားအလာအရှိဆုံး လတစ်စင်းအဖြစ် ရပ်တည်ခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ဒါ့အပြင် ဒီသမုဒ္ဒရာရေပြင်မှာလည်း သက်ရှိတွေအတွက် အဓိကအရေးကြီးဆုံးဖြစ်တဲ့ အရည်အဖြစ်နဲ့ရေပါဝင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ထားကြပါတယ်။

          သို့သော်လည်း ပြဿနာတစ်ခုရှိနေပါတယ်။ ဒါကတော့ သူ့ရဲ့ သမုဒ္ဒရာရေပြင်ဟာ လကြီးရဲ့ ရေခဲအခွံလွှာအောက် ၂၅-၅၀ ကီလိုမီတာလောက်မှာ နစ်မြုပ်နေတယ်လို့ ခန့်မှန်း ထားတာ ဖြစ်ပါတယ်။

          ယခုဆောင်းပါးမှာတော့ သိပ္ပံပညာရှင်အချို့က ဒီသမုဒ္ဒရာရေပြင်ဟာ ထင်ထား တာထက် မျက်နှာပြင်နဲ့ပိုနီးနိုင်တယ်လို့ ဆိုပါတယ်။

          ဒီရှာတွေ့မှုဟာ ကံကောင်းထောက်မပြီး ရရှိလာတာဖြစ်ပါတယ်။ ဂရင်းလန်ကျွန်းက ရေခဲလွှာတွေကို လေ့လာနေတဲ့ ဘူမိရူပဗေဒပညာရှင်တွေက ယူရိုပါနဲ့ပတ်သက်တဲ့ တင်ပြချက်တစ်ခုကို ကြည့်နေတဲ့အချိန်မှာ သူတို့မျက်မှန်းတန်းမိနေတဲ့ လက္ခဏာတစ်ခုကို မထင်မှတ်ပဲ တွေ့မြင်ရာကနေလာပါတယ်။

          “ယူရိုပါပေါ်က နှစ်ထပ်စင်းကြောင်းတွေကို ကျွန်တော်တို့ မြင်တုန်းက ကျွန်တော်တို့က ဂရင်းလန်းကျွန်းမျက်နှာပြင်ပေါ်မှာ သက်ရောက်မှုရှိနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတာဗျ။” လို့ ဘူမိရူပဗေဒပညာရှင်ဖြစ်တဲ့ Dustin Shroeder က ဆိုပါတယ်။

          သူတို့က ဂရင်းလန်ကျွန်းပေါ်က M ပုံသဏ္ဍာန် ရေခဲတောင်စွယ်တောင်စွန်းတွေဟာ ယူရိုပါ မှာ မြင်တွေ့ရတဲ့ နှစ်ထပ်အစင်းကြောင်း ပုံစံငယ်လေးလိုမျိုးဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ ဒီလိုမျိုးအစင်းကြောင်းတွေဟာ လပေါ်မှာ အများစုတွေ့ရတဲ့ အသွင်လက္ခဏာတွေဖြစ်ပါတယ်။

          ယူရိုပါမှာတွေ့ရတဲ့ နှစ်ထပ်အစင်းကြောင်းတွေကို ၁၉၉၀ ခုနှစ်တုန်းက ဂယ်လီလီ ယို အာကာသယာဉ်ကနေ ပထမဆုံးဓာတ်ပုံရိုက်ကူးနိုင်ခဲ့တာဖြစ်ပေမယ့် သူတို့အကြောင်း နဲ့ ပတ်သက်ပြီးတော့ အနည်းငယ်သာ သိထားပါတယ်။

          သိပ္ပံပညာရှင်တွေက ရေခဲလွှာမျက်နှာပြင်အောက် မီတာ ၃၀ ပတ်လည်လောက်မှာ ရေကန်လေးတွေဖြစ်ပေါ်ချိန်မှာ ဂရင်းလန်းကျွန်းရဲ့ အစင်းကြောင်းတွေ ဖြစ်ပေါ်တာကို ရှာတွေ့နိုင်ဖို့ ice-penetrating radar ကို အသုံးပြုခဲ့ပါတယ်။

          “ဒါက အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူရိုပါ ပေါ်က နှစ်ထပ်အစင်းကြောင်းတွေကို နှစ်နှစ်ဆယ်ကျော်လေ့လာခဲ့ပေမယ့် ဒီဟာတွေ ဘယ်လိုဖြစ်လာသလဲဆိုတာနဲ့ပတ်သက်ပြီး ဘာမှရေရေရာရာမသိခဲ့ရပါဘူး။ “ ဟု စာတမ်း ဦးဆောင်ရေးသားသူ Riley Cluberg က ဆိုပါတယ်။

          ဒါက ကမ္ဘာပေါ်မှာ အလားတူဖြစ်စဉ်မျိုးကို ပထမဆုံးမြင်တွေ့ရတာဖြစ်ပြီး ဒီအစင်းကြောင်းကြီးတွေ ဘယ်လိုဖြစ်လာသလဲဆိုတာကို ဦးတည်သွားနိုင်တဲ့ မျက်နှာပြင် အောက်ဖြစ်စဉ်တွေကို အမှန်တကယ် လေ့လာတွေ့ရှိရတာပါပဲ။” လို့ သူကဆိုပါတယ်။

          အကယ်လို့ ယူရိုပါရဲ့အစင်းကြောင်းတွေဟာလည်း ဒီပုံစံအတိုင်း ဖြစ်ပေါ်ခဲ့တာ ဆိုရင် ရေတိမ်ကန်လေးတွေဟာလည်း အတော်လေးပေါများလိမ့်မယ်။”

သက်ရှိအလားအလာ

          ယူရိုပါရဲ့ ရေကန်လေးတွေဟာ လကြီးရဲ့ ရေခဲလွှာမျက်နှာပြင်ရဲ့အောက် ၅ ကီလိုမီတာလောက်မှာ နစ်မြုပ်နေတာ ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ဒါက ရေနက်ပိုင်းထက်စာရင် တော့ ရယူဖို့ ပိုလွယ်ကူပါတယ်။

          “များသောအားဖြင့် ဒီလိုမျိုးရေကန်လေးတွေဟာ သမုဒ္ဒရာရေပြင်က ရေခဲလွှာအတွင်းကို အက်ကြောင်းကနေတစ်ဆင့် ဖောက်ထွက်ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီရေကန်လေးတွေမှာ သက်ရှိအထောက်အထား တွေ့ရတယ်ဆိုရင် သမုဒ္ဒရာ ကိုယ်တိုင်မှာလည်း သက်ရှိရှိနိုင်တယ်လို့ ဆိုလိုနေပါတယ်။” လို့ Culberg က ဆိုပါတယ်။  

          “မျက်နှာပြင်နဲ့နီးကပ်တဲ့ နေရာမှာရှိနေတဲ့ရေဟာ တခြားသောလတွေနဲ့ အာကာသအတွင်းက လာတဲ့ “စိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတုပစ္စည်းများ” ပါဝင်နိုင်တာကြောင့် သက်ရှိဖြစ်တည်နိုင်ခြေကို ပိုပြီးမြင့်တက်စေပါတယ်။” လို့ Schroeder က ဆိုပါတယ်။

          နောက်ထပ်ပိုပြီးသိရှိနိုင်ဖို့ ကျွန်တော်တို့ အကြာကြီးစောင့်စရာမလိုပါဘူး။

          နာဆာရဲ့ ယူရိုပါကလစ်ပါမစ်ရှင်ကို ၂၀၂၄ မှာ လွှတ်တင်ဖို့ စီစဉ်ထားပြီး ၂၀၃၀ မှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီယာဉ်မှာ ဂရင်းလန်တုန်းက ဘူမိရူပဗေဒပညာရှင်တွေအသုံးပြု ခဲ့တဲ့ အလားတူ ice-penetrating radar လည်း ပါဝင်မှာဖြစ်ပါတယ်။

          ဒီလကြီးရဲ့ သမုဒ္ဒရာရေပြင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်သမုဒ္ဒရာအားလုံး စုပေါင်းထားတာထက် ပိုများမယ်လို့ ခန့်မှန်းထားပါတယ်။

          “အကယ်လို့ ယူရိုပါမှာသာ သက်ရှိတည်ရှိမယ်ဆိုရင် ဒါက ကမ္ဘာပေါ်မှာ မြစ်ဖျားမခံ တဲ့ သက်ရှိအရင်းအမြစ်သာ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက ဂလက်စီတစ်လျှောက် သက်ရှိ ဖြစ်တည်နိုင်မှုဟာ ပေါကြွယ်ဝပါတယ်။” လို့ Robert Pappalardo က ဆိုပါတယ်။

ကိုးကား

Water on Jupiter's moon closer to surface than thought: study (phys.org)  

 

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။