ကမ္ဘာ့လေထုသည် လူသားများအခြေချနိုင်ရန်လိုအပ်သော လကမ္ဘာ၏ ရေအရင်းအမြစ်ဖြစ်နိုင်။

 

    လ၏တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတွင် ရေခဲဖြန့်ကျက်တည်ရှိပုံ။

          ကမ္ဘာ့လေထုအပေါ်ပိုင်းကနေ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်အိုင်းယွန်းတို့ လွတ်ထွက်သွားပြီးနောက်မှာတော့ လပေါ်မှာ ပြန်လည်ပေါင်းစည်းသွားပြီး ကျွန်တော်တို့ အခုသိထားတဲ့ လရဲ့ ရေနဲ့ရေခဲပစ္စည်းအရင်းအမြစ်တွေဖြစ်လာတာလို့ သုတေသနအသစ်တစ်ခုက ဆိုပါတယ်။

          လပေါ်မှာ ရေတွေ့ရှိဖို့က နာဆာရဲ့ အာတီးမစ်ပရောဂျက်ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါက လပေါ်မှာလူသားတွေ ကာလရှည်ကြာတည်ရှိနိုင်ဖို့အတွက် စီစဉ်ထားတဲ့ ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ နာဆာက ဒီဆယ်စုနှစ်အတွင်းမှာ လူသားတွေကို လပေါ်ကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။

          “နာဆာရဲ့ အာတီးမစ်အဖွဲ့က လရဲ့တောင်ဘက်ဝင်ရိုးစွန်းမှာ အခြေစိုက်စခန်းတစ်ခု ဆောက်ဖို့ ကြံစည်နေပါတယ်။ ဒီဝင်ရိုးစွန်းမှာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကမ္ဘာ ပေါ်မှာ အရင်းပြုခဲ့တဲ့ ရေအိုင်းယွန်းတွေရှိနေပြီး ဒါတွေက အာကာသယာဉ်မှူးတွေရဲ့ အသက်ထောက်ပံ့ရေးစနစ်အတွက် အသုံးပြုလို့ရနိုင်ပါတယ်။” လို့ Kletetschka က ဆိုပါတယ်။

          လရဲ့ဝင်ရိုးစွန်းဒေသတွေမှာ ကမ္ဘာလေထုကနေလွတ်မြောက်လာတဲ့ အိုင်းယွန်းတွေကတစ်ဆင့် ဖန်တီးဖြစ်ပေါ်လာတဲ့ မျက်နှာပြင်အောက်ရေစုစုပေါင်း ၃၅၀၀ ကုဗစ်ကီလိုမီတာလောက်ရှိနိုင်တယ်လို့ သုတေသနအသစ်က ဆိုထားပါတယ်။ ဒါက ကမ္ဘာပေါ်က နဝမမြောက်အကြီးဆုံး ရေကန်ဖြစ်တဲ့ မြောက်အမေရိက, က ဟူရွန်ရေကန်နီးပါး ထုရှိပါတယ်။

          သုတေသီတွေရဲ့အဆိုအရ ဒီထုထည်အနေအထားအရဆိုရင် ကမ္ဘာ့လေထုရဲ့ ၁ ရာခိုင်နှုန်းလောက် လပေါ်ကို ရောက်ရှိနေပါတယ်။

          လပေါ်က ရေတွေအများစုဟာ လပေါ်ကိုရိုက်ခတ်တဲ့ ကြယ်တံခွန်တွေနဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေကနေတစ်ဆင့်ရောက်ရှိလာတယ်လို့ အများအားဖြင့် ယုံကြည်ထားကြတာ ဖြစ်ပါတယ်။ အများစုကတော့ late heavy bombardment လို့ခေါ်တဲ့ ကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကာလဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၅ ဘီလီယံခန့်က ဖြစ်ပေါ် ခဲ့တာ ဖြစ်ပြီး အစောပိုင်းကာအတွင်းပိုင်းဂြိုဟ်တွေနဲ့ လတို့ဟာ ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ရဲ့ ရိုက်ခတ်မှုကို အပြင်းအထန်ခံခဲ့ရတာ ဖြစ်ပါတယ်။

          ဆိုလာဝင်းတွေကလည်း ဒီအကြောင်းအရာရဲ့ အရင်းအမြစ်ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပါတယ်။ ဆိုလာဝင်းက ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်အိုင်းယွန်းတွေကို သယ်ဆောင်လာပါတယ်။ သူတို့ ပေါင်းစည်းသွားပြီးနောက် လပေါ်မှာ ရေမော်လီကျူးအဖြစ် အနည်ကျသွားတာ ဖြစ်နိုင်ပါတယ်။

          အခုဆိုရင်တော့ ဒီဖြစ်စဉ်ကို ရှင်းပြနိုင်မယ့် နောက်ထပ်နည်းလမ်းအသစ်တစ်ခု ရှိနေပါ ပြီ။

          မတ်လ ၁၆ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ စာတမ်းမှာ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင် အိုင်းယွန်းတို့ဟာ ကမ္ဘာ့သံလိုက်အလွှာရဲ့ အမြှီးတစ်လျှောက်ဖြတ်သန်းစဉ်မှာ လပေါ်ကို ရောက်ရှိလာတာဖြစ်တယ်လို့ ထင်ကြေးပေးထားပါတယ်။ သံလိုက်အလွှာဆိုတာကတော့ မျက်ရည်စက်သဏ္ဍာန်ပူဖောင်းတစ်ခုဖြစ်ပြီး ကမ္ဘာရဲ့သံလိုက်စက်ကွင်းကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီသံလိုက်အလွှာဟာဆိုရင် နေကလာတဲ့ လျှပ်စစ်ဓာတ်ဆောင် အမှုန်တွေရဲ့ အန္တရာယ်ကနေ ကမ္ဘာကို ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

          မြောက်များစွာသော အာကာသအေဂျင်စီတွေဖြစ်တဲ့ European Space Agency, Japan Aerospace Exploration Agency နဲ့ Indian Space Research Organization တို့ ကနေ တိုင်းတာချက်တွေအရ ဒီသံလိုက်အလွှာအပိုင်းကို လဖြတ်သွားတဲ့အချိန်မှာ ရေဖြစ်ပေါ်မယ့် အိုင်းယွန်းတွေသိသိသာသာများလာတာကို တွေ့ရကြောင်း ဖော်ပြနေပါတယ်။

          ဒီအိုင်းယွန်းတွေဟာ Late Heavy Bombardment ဖြစ်စဉ်ပြီးကတည်းက လပေါ် မှာ တဖြည်းဖြည်းစုပုံနေတာ ဖြစ်ပါတယ်။

          သံလိုက်လွှာအမြှီးအတွင်းမှာ လတည်ရှိခြင်းက ကမ္ဘာရဲ့သံလိုက်စက်ကွင်းမျဉ်း တွေကို သက်ရောက်မှုရှိနိုင်ပါတယ်။ ကျိုးပျက်သွားတဲ့ သံလိုက်စက်ကွင်းမျဉ်းတွေဟာ အာကာသထဲကို မိုင်ထောင်ပေါင်းများစွာ ဆန့်ထွက်သွားပါတယ်။ ကမ္ဘာရဲ့သံလိုက်စက် ကွင်းမျဉ်းအားလုံးဟာ ဂြိုဟ်ရဲ့အစွန်းနှစ်ဖက်ကို အမြဲ ဆက်နွယ်နေတာမဟုတ်ပါ။ တချို့ဟာ တစ်ဖက်တည်းမှာပဲ ဆက်နွယ်နေတာလည်း ရှိပါတယ်။

          သံလိုက်လွှာအမြှီးပိုင်းမှာ လရဲ့တည်ရှိမှုဟာ ဒီကျိုးပျက်နေတဲ့ မျဉ်းတွေထဲကအချို့ကို သူတို့ရဲ့ဆန့်ကျင်ဘက် အပျက်မျဉ်းတွေနဲ့ ပြန်ဆက်သွယ်သွားစေပါတယ်။ ဒီလို ဖြစ်တဲ့ အခါမှာတော့ ကမ္ဘာ့လေထုကနေ လွတ်မြောက်သွားတဲ့ ဟိုက်ဒြိုဂျင်နဲ့အောက်စီဂျင် အိုင်းယွန်းတို့ဟာ ဒီပြန်ဆက်သွယ်သွားတဲ့မျဉ်းကြောင်းတစ်လျှောက်ပြန်ဝင်လာကြပြီး ကမ္ဘာဘက်သို့ ဦးတည်အရှိန်မြှင့်လာပါတော့တယ်။

          ဒီလိုပြန်ဝင်လာတဲ့ အိုင်းယွန်းတွေဟာ ဖြတ်သန်းသွားတဲ့ လကို ရိုက်ခတ်တဲ့အခါမှာတော့ သူ့မှာ ဒါတွေကို ပြန်လည်တွန်းကန်နိုင်မယ့် သံလိုက်အလွှာမရှိတာကြောင့် မျက်နှာပြင်ကို တိုက်ရိုက်ကျရောက်လာတယ်လို့ စာတမ်းရေးသားသူတွေက ထင်မြင်ချက်ပေးပါ တယ်။

          “လပေါ်မှာ အိုင်းယွန်းမိုးရွာနေသလိုပါပဲ။ ကမ္ဘာပေါ်ကို ပြန်ရောက်လာတဲ့ ရေအိုင်းယွန်းမိုးတွေ လမျက်နှာပြင်ကို ကျဆင်းနေတာ ဖြစ်ပါတယ်။” လို့ Kleteschka က ဆိုပါတယ်။  

          ဒီအိုင်းယွန်းတွေဟာ lunar permafrost လို့ခေါ်တဲ့ မျက်နှာပြင်အောက်ရေခဲလွှာ တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီရေခဲပြင်တွေဟာ ဘူမိဖြစ်စဉ်တချို့ သို့မဟုတ် ဂြိုဟ် သိမ်ဂြိုဟ်မွှားတစ်ခုရဲ့ ရိုက်ခတ်မှုကြောင့် မျက်နှာပြင်အောက်ကိုရောက်သွားပြီး ရေဖြစ် လာနိုင်ပါတယ်။

ကိုးကား

Earth's atmosphere may be source of some lunar water (phys.org)

           

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။