အဝေးကွာဆုံးသော ဂလက်စီတစ်ခုအား သိပ္ပံပညာရှင်များမှ ထောက်လှမ်းနိုင်ခဲ့။ GN-z11 ကို ကျော်လွန်၍ စံချိန်သစ်တင်ခဲ့။

 


          နိုင်ငံတကာနက္ခတ္တဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ စကြဝဠာအတွင်းက အဝေးကွာ ဆုံးသော နက္ခတ္တပစ္စည်းတစ်ခု (ဂလက်စီတစ်ခု) အား ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။

          HD1 လို့အမည်ရတဲ့ ဂလက်စီအလျောင်းအလျာတစ်ခုဟာ အလင်းနှစ် ၁၃.၅ ဘီလီယံအကွာမှာရှိနေတယ်လို့ လွန်ခဲ့တဲ့ ကြာသပတေးနေ့က Astrophysical Joural မှာ ဖော်ပြခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ ဒီပစ္စည်းက ဘာလဲဆိုတာကို အတိအကျ သိနိုင်ဖို့ စတင်စူးစမ်းလေ့လာနေပြီ ဖြစ်ပါတယ်။

          အဖွဲ့က အိုင်ဒီယာနှစ်ခုကို တင်ပြပါတယ်။ တစ်ခုကတော့ HD1 ဟာ အလွန်မြန်ဆန် တဲ့ နှုန်းတစ်ခုနဲ့ ကြယ်မွေးဖွားဖြစ်ပေါ်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး  population III ကြယ် ( စကြဝဠာရဲ့ပထမဆုံးသောကြယ်တွေ) တွေရဲ့ မွေးရပ်ဒေသတစ်ခု ဖြစ်နိုင်ဖို့ အလားအလာ ကောင်း ရှိပါတယ်။ ဒုတိယတစ်ခုကတော့ HD1 မှာ နေဒြပ်ထု အဆပေါင်း သန်း ၁၀၀ လောက်ရှိတဲ့ ဧရာမတွင်းနက်ကြီးတစ်ခုပါဝင်နေပါတယ်။

          “ဒီလောက်အဝေးကြီးက အရင်းအမြစ်တစ်ခုရဲ့သဘာဝကို အဖြေပေးနိုင်ဖို့က‌တော့ တကယ့်ကို စိန်ခေါ်မှုတစ်ရပ်ပါပဲ။” ဟု စာတမ်းတွဲဖက်ရေးသားသူဖြစ်တဲ့ ဖာဖီယို ပကာစီက ဆိုပါတယ်။ “ဒါက မြူခိုးမှုန်တွေအုပ်ဆိုင်းနေတဲ့ ပင်လယ်ပြင်ထဲက သင်္ဘော တစ်စင်းရဲ့ နိုင်ငံကိုယ်စားပြုအလံကို ကမ်းခြေကနေ လှမ်းမျှော်ကြည့်နေရတာနဲ့ တူပါတယ်။ တစ်စုံတစ်ယောက်ဟာ အလံရဲ့အရောင်တချို့နဲ့ ပုံသဏ္ဍာန်အချို့ကိုတော့ မြင်နိုင်ပေမယ့် တစ်ခုလုံးကိုတော့ မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါက ဖြစ်နိုင်ခြေတွေများစွာ ပါဝင်တဲ့ဖြစ်ရပ်မျိုးဖြစ်ပြီး ကာလရှည်ကြာ သရုပ်ခွဲစစ်ဆေးရမယ့် ကိစ္စမျိုးပါ။”

           HD1 ဟာ ခရမ်းလွန်ရောင်ခြည်မှာ အလွန်တောက်ပနေတာကို တွေ့ရပါတယ်။ ဒါကို ရှင်းပြနိုင်ဖို့အတွက်ဆိုရင် “အဲ့နေရာမှာ စွမ်းအင်မြင့်ဖြစ်စဉ်တချို့ အခုဖြစ်နေတာ ဒါမှ မဟုတ် လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာက ဖြစ်နေခဲ့တာဖြစ်မယ်” လို့ ပကာစီက ရှင်းပြပါတယ်။

          စစချင်းတော့ သိပ္ပံပညာရှင်တွေအနေနဲ့ HD1 ဟာ Standard Starburst Galaxy (ကြယ်ဖြစ်ပေါ်နှုန်းအလွန်မြင့်မားတဲ့ ဂလက်စီတစ်မျိုး) ဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ဒီစနစ်မှာ ကြယ်ဘယ်လောက်နှုန်းဖြစ်ပေါ်နေသလဲ ဆိုတာတွက်ထုတ်ကြည့်တဲ့ အခါမှတော့ မယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ နှုန်းတစ်ခုနဲ့ ဖြစ်ပေါ်နေတာကို တွေ့ ရပါတယ်။ HD1 ဟာ တစ်နှစ်မှာ ကြယ်ပေါင်း ၁၀၀ လောက်မွေးဖွားထုတ်လုပ်ပေးနေပါ တယ်။ ဒါက ဒီလိုမျိုးဂလက်စီတွေအတွက် ကျွန်တော်တို့ မှန်းထားတာထက် အနည်းဆုံး ၁၀ ဆလောက်ပိုများနေပါတယ်။

          ဒါ့ကြောင့်ပဲ အဖွဲ့က HD1 ဟာ သာမန်ဂလက်စီတစ်ခုမဟုတ်ဘူးဆိုတာ စတင် သတိ ထားမိခဲ့တာ ဖြစ်ပါတယ်။

          “စကြဝဠာအတွင်းမှာ ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ ကြယ်တွေဟာ လက်ရှိကြယ်တွေ ထက် ဒြပ်ထုပိုမြင့်တယ်။ ပိုပြီးတောက်ပတယ်။ ပြီးတော့ ပိုပြီး ပူပြင်းပါတယ်။” ဟု ပကာစီ က ဆိုပါတယ်။ “အကယ်လို့ ကျွန်တော်တို့က HD1 ထဲက ကြယ်တွေဟာ ပထမဆုံးကြယ် တွေ သို့မဟုတ် population III star တွေဖြစ်တယ်လို့ ယူဆမယ်ဆိုရင်တော့ သူ့ရဲ့ တွေ့ ရတဲ့ ဂုဏ်သတ္တတွေဟာ ရှင်းပြလို့ လွယ်သွားပါမယ်။ တကယ်တော့ population III star တွေဟာ ယ‌နေ့ခတ်ကြယ်တွေထက် ခရမ်းလွန်ရောင်ခြည်ကို ပိုပြီးထုတ်လွှတ်နိုင်ပါတယ်။ ဒါကပဲ HD1 ရဲ့ ခရမ်းလွန်ရောင်ခြည် အလွန်အမင်းတောက်ပမှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ပါတယ်။”

😮

အစော‌ဆုံး ဂလက်စီအလျောင်းအလျာများနှင့် စကြဝဠာသမိုင်းအား ဖော်ပြထားသော timeline တစ်ခု။

          သို့သော်လည်း ဧရာမတွင်းနက်ကြီးတစ်ခုကလည်း ခရမ်းလွန်ရောင်ခြည် အလွန် အမင်းတောက်ပမှုကို ရှင်းပြနိုင်ပါတယ်။ ဓာတ်ငွေ့အမြောက်အများကို တွင်းနက်က စား သုံးတဲ့အခါ တွင်းနက်အနီးတစ်ဝိုက်မှာ စွမ်းအင်မြင့်ဖိုတွန်တွေကို ထုတ်လုပ်ပေးတာ ကြောင့် ဖြစ်ပါတယ်။

          အကယ်လို့ ဒါကသာ အကြောင်းအရင်းဖြစ်ခဲ့မယ်ဆိုရင် ဒါက အခုလက်ရှိ စံချိန် ချိုးထားတဲ့ တွင်းနက်ထက် မဟာပေါက်ကွဲမှုနဲ့ပိုနီးတဲ့ စကြဝဠာရဲ့ အစောဆုံး ဧရာမ တွင်းနက်တစ်ခုဖြစ်လာပါလိမ့်မယ်။

          HD1 ဟာ အစောပိုင်းစကြဝဠာရဲ့ သက်တမ်းအနုဆုံးပြယုဂ်တစ်ခုပါပဲ။” လို့ စာ တမ်းတွဲဖက်ရေးသားသူ အေဗီလိုအဗ်ကဆိုပါတယ်။ “ဒါက အမြင့်ဆုံးကွေဆာအနီရွေ့မှုကို နှစ်ဆနီးပါးလောက် ကျော်လွန်ပြီး စံချိန်ချိုးလိုက်နိုင်တာ ဖြစ်ပါတယ်။”

          HD1 ကို Subaru Telescope နဲ့ နာရီပေါင်း ၁၂၀၀ စူးစမ်းလေ့လာပြီးနောက် ရှာတွေ့ ခဲ့ခြင်း ဖြစ်ပါတယ်။

          “နက္ခတ္တဝတ္ထုပေါင်း ၇၀၀၀၀၀ ကျော်လောက်ထဲက HD1 ကို ရှာဖွေရတာ အလွန် ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။” လို့ ဂလက်စီကို ရှာတွေ့ခဲ့တဲ့ Yuichi Harikane က ဆိုပါတယ်။ HD1 ရဲ့ အနီရောင်က အလင်းနှစ် ၁၃.၅ ဘီလီယံမှာရှိရမယ့် မျှော်မှန်းထား တဲ့ လက္ခဏာတွေအားလုံးနဲ့ ကောင်းကောင်းကိုက်ညီမှုရှိပါတယ်။ ဒါကို ကျွန်တော်တွေ့ တုန်းကဆို ကြက်သီးတောင်ထမိပါတယ်။”

          လောလောဆယ်တွက်ချက်ထားချက်အရတော့ လက်ရှိ အဝေးကွာဆုံးလို့ စံချိန် တင်ထားတဲ့ GN-z11 ထက် အလင်းနှစ် သန်း ၁၀၀ ပိုကွာဝေးပါတယ်။

          ဂျိမ်းဝပ်ဘ်တယ်လီစကုပ်ကို အသုံးပြုပြီးတော့ သုတေသီတွေအနေနဲ့ HD1 ရဲ့ အကွာအဝေးကို အတည်ပြုနိုင်ဖို့ ဆက်လက်‌စူးစမ်းသွားပါဦးမယ်။ အကယ်လို့ လက်ရှိ တွက်ချက်မှုတွေကို အတည်ပြုနိုင်ပြီဆိုရင်တော့ HD1 ဟာ စံချိန်တင်ခဲ့သမျှတွေထဲမှာ အဝေးကွာဆုံးနဲ့ သက်တမ်းအရင့်ဆုံး ဂလက်စီတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုးကား

https://phys.org/news/2022-04-scientists-farthest-galaxy.html

#newstein

 

Comments

Popular posts from this blog

အလွန့်အလွန်ဒြပ်ထုမြင့်သော ကာဗွန်-အောက်ဆီဂျင် ကြယ်ဖြူပုများ၏ ဖြစ်ပေါ်ပုံအား စူးစမ်းလေ့လာခြင်း။

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။