အလွန့်အလွန်ဒြပ်ထုမြင့်သော ကာဗွန်-အောက်ဆီဂျင် ကြယ်ဖြူပုများ၏ ဖြစ်ပေါ်ပုံအား စူးစမ်းလေ့လာခြင်း။

 

          ကြယ်ဖြူပုတွေဟာ ကြယ်သင်္ချိုင်းမြေထဲမှာတော့ အပေါများဆုံးပစ္စည်းတွေ ဖြစ်ကြပါတယ်။ စကြဝဠာအတွင်းက ကြယ်အားလုံးရဲ့ ၉၇ ရာခိုင်နှုန်းလောက်ဟာ ကြယ်ဖြူပု အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြပါတယ်။ ဒီလိုပေါများကြွယ်ဝတဲ့ဝတ္ထုတွေဟာ ကြယ်တွေဆင့်ကဲပြောင်းလဲပုံ၊ ဖြစ်ပေါ်ပုံ၊ ဂလက်စီ သမိုင်းကြောင်းနဲ့ ကြယ်အရေအတွက်တွေကို နားလည်နိုင်ဖို့ စွမ်းအားကြီးမားတဲ့ တန်ဆာ ပလာတွေ ဖြစ်ကြပါတယ်။

          Royal Astronomical Society မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ ဒီကြယ် ဖြူပုတွေထဲက အလွန်ဒြပ်ထုမြင့်တဲ့ ကာဗွန်-အောက်စီဂျင်ကြယ်ဖြူပုတွေ (UMCOWDs) တွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

          ကြယ်ဆင့်ကဲပြောင်းလဲပုံမော်ဒယ်တွေအရတော့ နေဒြပ်ထု ၀.၄၅ ဆထက်နည်းတဲ့ ကြယ်ဖြူပုတွေဟာ ဟီလီယံ (He) ကြယ်ဖြူပုတွေ ဖြစ်ကြပြီး နေဒြပ်ထု ၀.၄၅ နဲ့ ၁.၀၅ ကြား ရှိတဲ့ ကြယ်ဖြူပုတွေဟာ ကာဗွန်-အောက်စီဂျင် ကြယ်ဖြူပု (CO) တွေဖြစ်ကြပါတယ်။ နေဒြပ်ထု ၁.၀၅ ထက်ပိုပြီးကြီးတဲ့ ကြယ်ဖြူပုတွေမှာတော့ အောက်စီဂျင်-နီယွန်အူတိုင်တစ်ခုရှိနိုင်ပြီး သူတို့တွေကိုတော့ အလွန်ဒြပ်ထုမြင့်တဲ့ ကြယ်ဖြူပုတွေ (UMWDs) တွေလို့ ခေါ်ကြပါတယ်။

          “UMWDs တွေဟာ type Ia supernovae explosion တွေ၊ asymptotic giant-branch phase မှာဖြစ်ပေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေ၊ သံလိုက်စက်ကွင်းအလွန်မြင့်တဲ့ ကြယ်ဖြူပုတွေတည်ရှိမှုနဲ့ ကြယ်ဖြူပုနှစ်ခုရောနှောမှု ဖြစ်စဉ်တွေကို နားလည်နိုင်ဖို့ အဓိက အရေးပါတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။” လို့ တရုတ်သိပ္ပံအကယ်ဒမီက မစ္စတာဝူက ဆိုပါ တယ်။

          မကြာသေးခင်ကပဲ ဂီရာဒေတာတွေကနေပြီးတော့ ဟက်စပရင်း-ရုစ်ဆဲလ်သရုပ်ပြ ပုံအတွင်းမှာ UMWDs တွေကို ပိုကောင်းကောင်း ဖော်ပြနိုင်ခဲ့ပါတယ်။ ဒါကနေပြီးတော့ crystallization နဲ့ sedimentation တို့လိုမျိုး extra cooling delay mechanism တွေဟာ UMWDs တွေပေါ်မှာ ဖြစ်ပေါ်နိုင်တယ်လို့ ညွှန်ပြနေပါတယ်။ နောက်ထပ်လေ့လာမှုတွေက နေပြီးတော့ UMWDs တွေဟာ long cooling delay တွေကိုလဲ ကြုံတွေနိုင်ပြီး ဒါတွေက သူတို့ဟာ ကာဗွန်-အောက်စီဂျင်ကြယ်ဖြူပုတွေဖြစ်ကြောင်း သွယ်ဝှိက်ညွှန်းဆိုနေပါ တယ်။

          ဒီလေ့လာမှုမှာတော့ သုတေသီတွေက ကာဗွန်-အောက်စီဂျင်ကြယ်ဖြူပုနဲ့ ဟီလီယံကြယ်ဖြူပု ရောနှောမှုတွေက UMCOWDs တွေအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သ လားလို့ လေ့လာခဲ့ကြပါတယ်။ ကြယ်ဖြူပုနှစ်စင်းရောနှောတဲ့ 3D simulation တစ်ခုကနေပြီးတော့ ဒီလိုရောနှောမှုဖြစ်စဉ်ဟာ ပင်မကြယ်ဖြူပုကြီးပေါ်မှာ ပူပြင်းတဲ့ကိုရိုနာတစ်ခုကို ဖြစ်ပေါ်စေနိုင်တဲ့ လျင်မြန်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ညွှန်ပြနေပါတယ်။ “ရောနှောမှု အကြွင်းအကျန်တွေရဲ့ ကနဦးတည်ဆောက်ပုံကို ပြန်လည်ရယူဖို့ 1D မော်ဒယ်ထဲမှာ ဒီရောနှောမှုဖြစ်စဉ်ကို fast accretion method နဲ့ simulate လုပ်ခဲ့ပါတယ်။

          ရောနှောမှုအကြွင်းအကျန်တွေရဲ့ တည်ဆောက်ပုံကို ပြန်လည်တည်ဆောက်ပြီး နောက်မှာတော့ ရောနှောပြီးနောက် ဒီအကြွင်းအကျန်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုဟာ R Coronae Borealis (R CrB) လို့ခေါ်တဲ့ ကြယ်တွေနဲ့ပုံစံတူနေတာကို တွေ့ရပါတယ်။ ဟီလီယံအခွံလွှာကြီးလောင်ကျွမ်းမှုက ကာဗွန်-အောက်စီဂျင်အူတိုင်ဖြစ်ပေါ်ဖို့ ဦးတည် သွားပုံရပါတယ်။ နောက်ဆုံး ကာဗွန်-အောက်စီဂျင်ကြယ်ဖြူပုရဲ့ ဒြပ်ထုကတော့ ရောနှော ပြီးနောက် ဆင့်ကဲပြောင်းလဲပုံအတွင်း wind တွေကြောင့် ဒြပ်ထုဆုံးရှုံးမှုဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကြယ်ဖြူပုအမျိုးအစားဟာ နေဒြပ်ထု ၁.၂ ဆထက်တော့ မပိုနိုင်ပါဘူး။ အူတိုင် ဒြပ်ထု နေဒြပ်ထု ၁.၂ ဆ ထက်ပိုကြီးတဲ့ အကြွင်းအကျန်တွေဟာ မျက်နှာပြင်ပေါ်မှာ ကာဗွန်လောင်ကျွမ်းမှုဖြစ်ပေါ်ပြီး သူတို့ရဲ့လက်ကျန်ဘဝကို အောက်စီဂျင်-နီယွန် ကြယ်ဖြူ ပုတွေအဖြစ်နဲ့ အဆုံးသတ်သွားရပါတယ်။

          အခုရလဒ်ကနေပြီးတော့ အနည်းဆုံးတော့ extra-long cooling dealys ကို ကြုံနေရတဲ့ UMWDs အချို့ဟာ ကာဗွန်-အောက်စီဂျင်ကြယ်ဖြူပုနဲ့ ဟီလီယံကြယ်ဖြူပု တွေရောနှောမှုကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ သွယ်ဝှိက်ညွှန်းဆိုနေပါတယ်။

ကိုးကား

Exploring formation of ultra-massive carbon-oxygen white dwarfs (phys.org)

 

         

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။