ကြယ်စုံတွဲစနစ်အတွင်းက ဂြိုဟ်တွေက ပြင်ပသက်ရှိတွေအတွက် နားခိုရာဒေသ ဖြစ်နိုင်။

 

          နေလိုမျိုးအရွယ်အစား ကြယ်တစ်ဝက်လောက်က စုံတွဲစနစ်တွေဖြစ်ကြပါတယ်။ ကိုပန်ဟေဂန်တက္ကသိုလ်သုတေသနအရတော့ ကြယ်စုံတွဲစနစ်အတွင်းက ဂြိုဟ်စနစ်တွေဟာ ကြယ်တစ်လုံးနားက စနစ်တွေနဲ့ အတော်လေးကွဲပြားခြားနားနေနိုင်ပါတယ်။ ဒါကပဲ ပြင်ပသက်ရှိတွေကို ရှာဖွေရာမှာ ပစ်မှတ်အသစ်ဖြစ်လာစေပါတယ်။

          သက်ရှိတည်ရှိတဲ့ တစ်ခုတည်းသော ဂြိုဟ်ဟာ နေကိုလှည့်ပတ်နေတဲ့ ကမ္ဘာဖြစ်ပါတယ်။ ဒီတော့ နေလိုမျိုးအရွယ်အစားနားက ဂြိုဟ်စနစ်တွေဟာ ပြင်ပသက်ရှိတွေကို ရှာဖွေရာမှာ အဓိကပစ်မှတ်ဆိုတာကတော့ အသိအသာကြီးပါပဲ။ ဒီကတ်တလောက်အတွင်းက ဒုတိယမြောက်အားလုံးနီးပါးကလည်း စုံတွဲကြယ်တစ်လုံးဖြစ်ကြပါတယ်။ ကိုပန်ဟေဂန်တက္ကသိုလ်သုတေသနကနေရရှိထားတဲ့ ရလဒ်အသစ်ကနေပြီးတော့ နေလိုမျိုး ကြယ်တစ်လုံးထက်စာရင် ကြယ်စုံတွဲတွေနားမှာ ဖြစ်ပေါ်တဲ့ ဂြိုဟ်စနစ်တွေဟာ မတူညီတဲ့ ပုံသဏ္ဍာန်မျိုးနဲ့ ဖြစ်ပေါ်ခဲ့မယ်လို့ ညွှန်ပြနေပါတယ်။

          “ရလဒ်က စိတ်လှုပ်ရှားဖွယ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လာမယ့်နှစ်တွေမှာ အလွန်စွမ်းအားကြီးတဲ့ အမျိုးမျိုးသော တိုင်းတာရေးကိရိယာအသစ်တွေကို တပ်ဆင်သွားမှာကြောင့်ဖြစ်ပါတယ်။ ဒါတွေက အမျိုးမျိးသော ကြယ်တွေနားမှာ ဂြိုဟ်တွေဘယ်လိုဖြစ်ပေါ်ခဲ့သလဲဆိုတာအတွက် နားလည်မှုကို သိသိသာသာ ပိုကောင်းလာစေပါလိမ့်မယ်။ ဒီရလဒ်တွေဟာ ပြင်ပသက်ရှိတွေကို ရှာဖွေရမယ့် စိတ်ဝင်စားဖွယ်နေရာတွေကို ညွှန်ပြပေးနိုင်ပါလိမ့်မယ်။” လို့ Professor Jes Kristian က ဆိုပါတယ်။

ပေါက်ကွဲမှုတွေက ဂြိုဟ်စနစ်တွေကို ပုံဖော်ပါတယ်။

          တွေ့ရှိမှုအသစ်က ကမ္ဘာနဲ့ အလင်းနှစ် ၁၀၀၀ အကွာက သက်တမ်းနုကြယ်စုံတွဲ တစ်ခုအတွက် ALMA တယ်လီစကုပ် ရရှိထားတဲ့ လေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ NGC 1333-IRAS2A လို့ အမည်ရတဲ့ ကြယ်စုံတွဲစနစ်ဟာ ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တွေပါဝင်တဲ့ ချပ်ပြားတစ်ခုနဲ့ ဝန်းရံခြင်းခံထားရပါတယ်။ လေ့လာတွေ့ရှိချက်တွေက ကြယ်စုံတွဲစနစ်ရဲ့ ဆင့်ကဲပြောင်းလဲပုံရဲ့ snapshot တစ်ခုကိုသာ ထောက်ပံ့ပေးနိုင် ပါတယ်။ ဒါပေမယ့် အဖွဲ့က အချိန်ရှေ့နောက်သွားနိုင်တဲ့ ကွန်ပျူတာသရုပ်ပြမှုတွေနဲ့ လေ့လာမှုကို ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။

          “လေ့လာမှုကနေပြီးတော့ ကြယ်နှစ်စင်းကို ချဲ့ကြည့်နိုင်အောင်နဲ့ ဖုန်မှုန့်တွေနဲ့ ဓာတ်ငွေ့တွေ ချပ်ပြားကြီးဆီကို ဘယ်လိုရွေ့လျားနေသလဲဆိုတာကို လေ့လာနိုင်အောင် ခွင့်ပြုပေးထားပါတယ်။ ကွန်ပျူတာသရုပ်ပြမှုတွေကနေပြီးတော့ ဘယ်ရူပဗေဒနိယာမက ဒီနေရာမှာ ဆောင်ရွက်နေပြီး ကျွန်တော်တို့ လေ့လာတွေ့ရှိထားတဲ့ snapshot ရောက်ခင်အထိ ဘယ်လို ဆင့်ကဲပြောင်းလဲလာသလဲနဲ့ ဒီစနစ်ကြီးရဲ့ နောက်ပိုင်းဆင့်ကဲပြောင်းလဲ လာပုံနဲ့ပတ်သက်ပြီးပါ ပြောပြပေးနိုင်ပါတယ်။” လို့ Rajika L. Kurawita က ရှင်းပြပါတယ်။  

          သတိထားစရာက ဓာတ်ငွေ့နဲ့ဖုန်မှုန့်ရွေ့လျားမှုတွေဟာ ဆက်တိုက်ပုံစံတစ်ခု မဟုတ်တာပါပဲ။ တစ်နေရာတစ်ချိန်ချိန်မှာတော့ (နှစ်ထောင်ပေါင်းများစွာမှာတစ်ကြိမ် နှစ်ရာပေါင်းအချိန်လောက်) ရွေ့လျားမှုတွေဟာ ပြင်းထန်ခက်ထန်လာတတ်ပါတယ်။ ဒီလို အချိန်မှာတော့ စုံတွဲကြယ်စနစ်ကြီးဟာ သူ့ပုံမှန်အနေအထားကို ပြန်မရောက်မီအထိ ဆယ်ဆမှ အဆတစ်ရာလောက်အထိ ပိုပြီးတောက်ပသွားတတ်ပါတယ်။

          ဒီသံသရာစက်ဝန်းကို စုံတွဲကြယ်ရဲ့ အတွဲဖြစ်မှုပုံစံနဲ့ ရှင်းပြလို့ရနိုင်ပါတယ်။ ကြယ်နှစ်စင်းက တစ်ခုနဲ့တစ်ခု လှည့်ပတ်နေတာဖြစ်တာကြောင့် အချိန်တစ်ခုမှာတော့ သူတို့ နှစ်စင်းလုံးရဲ့ ဒြပ်ဆွဲအားချိတ်ဆက်မှုက ဓာတ်ငွေ့နဲ့ဖုန်မှုန့်ချပ်ပြားကြီးကို သက်ရောက်စေပြီး မြောက်များစွာသော ဒြပ်ပစ္စည်းတွေကို ကြယ်တွေပေါ် ကျရောက်စေပါတယ်။


ALMA's World at night

          “ဒီလိုကျရောက်သွားတဲ့ ဒြပ်ပစ္စည်းတွေက အလွန်များပြားတဲ့ အပူပမာဏကို ဖြစ်စေပါတယ်။ ဒီအပူက ကြယ်ကို ပုံမှန်ထက် ပိုပြီးတောက်ပစေပါတယ်။” လို့ Rajika L. Kurawita လို့ဆိုပါတယ်။

          “ဒီလိုပေါက်ကွဲမှုတွေက ဓာတ်ငွေ့နဲ့ဖုန်မှုန့်ချပ်ပြားကြီးကို တစ်စဆီ ဆွဲစုတ်ပစ်လိုက်ပါတယ်။ တစ်ဖန် ချပ်ပြားကြီးပြန်လည်တည်ဆောက်စဉ်မှာတော့ ဒီပေါက်ကွဲမှုတွေဟာ နောက်ပိုင်းဖြစ်ပေါ်လာမယ့် ဂြိုဟ်စနစ်တွေကို ဆက်လက် သက်ရောက်မှု ရှိနေနိုင် ပါတယ်။” လို့ Rajika L. Kurawita ကဆက်ပြောပါတယ်

ကြယ်တံခွန်တွေက အသက်ဇီဝအတွက်လိုအပ်တဲ့ အခြေခံပစ္စည်းတွေကို သယ်ဆောင်လာပါတယ်။

          အခုတွေ့ရှိထားတဲ့ ဂြိုဟ်စနစ်က ဂြိုဟ်ဖြစ်ပေါ်ဖို့အတွက် အလွန်သက်တမ်းနုနေ ပါသေးတယ်။ အဖွဲ့က ဂြိုဟ်စနစ်ဖြစ်ပေါ်ပုံတွေကို စူးစမ်းနိုင်ဖို့အတွက် ALMA မှာ လေ့လာစူးစမ်းချိန်အများကြီးပိုရဖို့ မျှော်လင့်နေပါတယ်။

          လေ့လာစူးစမ်းမှုမှာတော့ ဂြိုဟ်တွေတင်မဟုတ်ဘဲ ကြယ်တံခွန်တွေလဲ ပါဝင်ပါ တယ်။

          “ကြယ်တံခွန်တွေက သက်ရှိဆင့်ကဲပြောင်းလဲမှုကို ဖန်တီးရာမှာ အဓိကကျတဲ့ ကဏ္ဍကနေ ပါဝင်ပါတယ်။ ကြယ်တံခွန်တွေဟာ အော်ဂဲနစ်မော်လီကျုးတွေပါဝင်တဲ့ ရေခဲပမာဏအများအပြားကို မကြာခဏသယ်ဆောင်လာတတ်ပါတယ်။ ဂြိုဟ်သက်တမ်း နုစဉ်ကာလမှာ ကြယ်တံခွန်တွေက အော်ဂနစ်မော်လီကျူးတွေကို ထိန်းသိမ်းပေးထား ပါတယ်။ နောက်တော့မှ ဂြိုဟ်ရဲ့မျက်နှာပြင်ပေါ်ကို ရိုက်ခတ်မှုတွေအဖြစ် မော်လီကျူးတွေ ကို ယူဆောင်လာပေးတာ ဖြစ်ပါတယ်။” လို့ Jes Kristian က ဆိုပါတယ်။  

          ဒီအကြောင်းအရာမှာဆိုရင် ပေါက်ကွဲမှုတွေကိုရဲ့ကဏ္ဍကို နားလည်ဖို့ အရေးကြီး ပါတယ်။

          “ပေါက်ကွဲမှုတွေကြောင့် ဖြစ်လာတဲ့အပူက သူတို့ပတ်လည်က ဖုန်မှုန့်တွေနဲ့ ရေခဲတွေကို အငွေ့ပျံသွားစေပါတယ်။ ဒါက ဂြိုဟ်အဖြစ်ဖွဲ့စည်းမယ့် ပစ္စည်းတွေရဲ့ ဓာတု ဖွဲ့စည်းပုံကို ပြောင်းလဲသွားစေပါတယ်။”

          ဒါ့ကြောင့် ဓာတုဗေဒကလဲ research scope အတွင်းမှာ တစ်စိတ်တစ်ဒေသ ပါဝင် ပါတယ်။

          “ALMA ရရှိနိုင်တဲ့ လှိုင်းအလျားက အနည်းငယ်ရှုပ်ထွေးတဲ့အော်ဂဲနစ် မော်လီကျူးတွေကို မြင်နိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။ ဒီမော်လီကျူးတွေက ကျွန်တော်တို့ သိထားတဲ့ အသက်ဇီဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုပြီးရှုပ်ထွေးတဲ့ မော်လီကျူးတွေ အတွက် အခြေခံပစ္စည်းတွေဖြစ်နိုင်ပါတယ်။”  

သက်ရှိရှာဖွေဖို့အတွက် စွမ်းအားမြင့် ကိရိယာတွေလဲ လိုအပ်ပါတယ်။

          ALMA (Atacama Large Millimeter Array) က ကိရိယာတစ်ခုတည်းမဟုတ်ပါ ဘူး။ တယ်လီစကုပ် ၆၆ ခု စုပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ ဒါက တယ်လီစကုပ်တစ်ခု တည်းနဲ့ ရနိုင်တာထက် ပိုပြီးကောင်းတဲ့ resolution ကို ထောက်ပံ့ပေးနိုင်ပါတယ်။

          သိပ်မကြာခင်မှာပဲ James Webb Telescope က သက်ရှိရှာဖွေမှုလုပ်ငန်းမှာ ဝင်ပါ တော့မှာ ဖြစ်ပါတယ်။ ဒီဆယ်စုနှစ်အကုန်လောက်မှာ JWT ကို ပိုကောင်းသွားအောင် ELT (European Large Telescope) နဲ့ အလွန်စွမ်းအားမြင့်တဲ့ SKA (Square Kilometer Array) တို့က ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ခုလုံးကို ၂၀၂၇ ခုနှစ်လောက်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာပေါ်က အကြီးဆုံး optical telescope ELT က ပြင်ပဂြိုဟ်တွေရဲ့ လေထုအခြေအနေကို လေ့လာစူးစမ်းသွားမှာဖြစ်ပြီး တယ်လီစကုပ် ထောင်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ထားတဲ့ SKA ကတော့ ALMA ထက် ပိုရှည်လျား တဲ့ လှိုင်းအလျားတွေကို ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

          “SKA က အော်ဂဲနစ်မော်လီကျူးအကြီးကြီးတွေကို တိုက်ရိုက်လေ့လာနိုင်ဖို့ ခွင့်ပြု ပေးပါလိ့မ်မယ်။ JWT ကတော့ အနီအောက်ရောင်ခြည်မှာ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ရေခဲအတွင်းက မော်လီကျူးတွေကို လေ့လာဖို့ ကိုက်ပါလိမ့်မယ်။ နောက်ဆုံးမှတော့ ဓာတ်ငွေ့အတွင်းက မော်လီကျူးတွေကိုလေ့လာဖို့ ALMA ရှိပါတယ်။” လို့ Jes Kristian က ကောက်ချက်ချပါတယ်။

ကိုးကား

Planets of binary stars as possible homes for alien life (phys.org)

 

         

            

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။