ဝေးကွာသောအရပ်ရှိဂလက်စီများနှင့် ပတ်သက်သော တွေ့ရှိမှုအသစ်။ ကြယ်များသည် ကျွန်တော်တို့ ထင်ထားသည်ထက် ပို၍လေးလံနေပါသည်။
ကိုပန်ဟေဂန်တက္ကသိုလ်မှ နက္ခတ္တရူပဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က နဂါးငွေ့တန်း
ဂလက်စီအလွန်က ကြယ်တွေနဲ့ပတ်သက်ပြီး အရေးပါတဲ့ရလဒ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီရလဒ်က
တွင်းနက်ဖြစ်ပေါ်မှုတွေ၊ စူပါနိုဗာတွေနဲ့ ဘာကြောင့် ဂလက်စီတွေ သေဆုံးရသလဲ စတဲ့ နက္ခတ္တဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး
ကျွန်တော်တို့နားလည်ထားမှုကို ပြောင်းလဲစေနိုင်ပါတယ်။
ကောင်းကင်ယံကို လူသားတွေ လေ့လာနေသမျှကာလပတ်လုံးမှာ ဝေးကွာတဲ့
အရပ်ကဂလက်စီတွေ ဘယ်လိုပုံစံရှိမလဲဆိုတာဟာ အမြဲဆန်းကြယ်နေခဲ့ပါတယ်။ Astronomical
Journal မှာ ယနေ့ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုက ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်စီအလွန်က
ကြယ်တွေအပေါ် ယခင်ကကျွန်တော်တို့နားလည်ထားမှုကို စိန်ခေါ်မှုပြုနေပါတယ်။
၁၉၉၅ ခုနှစ်ကစပြီးတော့ စကြဝဠာအတွင်းက တခြားဂလက်စီတွေမှာရှိတဲ့
ကြယ်တွေရဲ့ဖွဲ့စည်းတည်ဆောက်ပုံဟာ ကျွန်တော်တို့နဂါးငွေ့တန်းဂလက်စီအတွင်းက ကြယ်ဘီလီယံပေါင်းများစွာ
(ဒြပ်ထုနိမ့်၊ ဒြပ်ခုအလယ်အလတ်နဲ့ ဒြပ်ထုမြင့်ကြယ် အစုအဝေးကြီးတစ်ခု) နဲ့ အတူတူပဲလို့
ယူဆထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စကြဝဠာ တစ်လွှားရှိ ဂလက်စီပေါင်း ၁၄၀ ၀၀၀ ကျော်မှ
ရရှိထားတဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အဆင့်မြင့်မော်ဒယ်ပေါင်းများစွာရဲ့ အကူအညီနဲ့အတူ
အဖွဲ့က နဂါးငွေ့တန်းမှာလိုမျိုးပဲ တခြားဂလက်စီတွေမှာလဲ အလားတူ ဖြန့်ဝေတည်ရှိပုံများ
ရှိသလားလို့ စမ်းသပ်ကြည့်ခဲ့ပါတယ်။ အဖြေကတော့ မရှိပါဘူး။ ဝေးကွာတဲ့အရပ်က ဂလက်စီတွေမှာရှိတဲ့
ကြယ်တွေဟာ ကျွန်တော်တို့ဒေသတွင်း အိမ်နီးချင်းတွေက ကြယ်တွေထက် ပိုပြီးလေးလံနေကြောင်း
ဖော်ပြနေပါတယ်။ ဒီတွေ့ရှိမှုက စကြဝဠာနဲ့ပတ်သက်ပြီး ကျွန်တော်တို့သိထားသမျှအပေါ် ကြီးကြီးမားမား
သက်ရောက်မှုရှိနိုင်ပါတယ်။
“ကြယ်တစ်စင်းရဲ့ဒြပ်ထုက နက္ခတ္တဗေဒပညာရှင်တွေကို အများကြီးပြောပြနိုင်ပါ
တယ်။ အကယ်လို့ သင်ကဒြပ်ထုကို ပြောင်းလဲလိုက်မယ်ဆိုရင် သင်က ဒြပ်ထုမြင့်ကြယ် တွေကနေသာ
ဖြစ်ပေါ်လာတဲ့ စူပါနိုဗာနဲ့ တွင်းနက်အရေအတွက်ကိုပါ ပြောင်းလဲလိုက် တာဖြစ်ပါတယ်။ ဒါ့ကြောင့်
ကျွန်တော်တို့ ရလဒ်က အရင်ကကျွန်တော်တို့ ယူဆခဲ့သမျှ အရာအားလုံးကို ပြန်ပြီးစမ်းစစ်ကြည့်သင့်တယ်လို့
ပြောနေပါတယ်။ ဘာကြောင့်လဲဆို တော့ ဝေးကွာတဲ့အရပ်က ဂလက်စီတွေဟာ ကျွန်တော်တို့နဲ့ ကွဲပြားနေလို့
ဖြစ်ပါတယ်။” လို့ စာတမ်းဦးဆောင်ရေးသားသူ Albert Sneppen က ဆိုပါတယ်။
ဂလက်စီပေါင်း ၁၄၀ ၀၀၀ မှ အလင်းကို
သရုပ်ခွဲစိစစ်ခြင်း။
သုတေသီတွေအနေနဲ့ တခြားဂလက်စီတွေမှာရှိတဲ့ ကြယ်တွေကို တယ်လီစကုပ်နဲ့
မလေ့လာနိုင်တာကြောင့် သူတို့ရဲ့ အလေးချိန်နဲ့ အရွယ်အစားဟာ ကျွန်တော်တို့ဂလက်စီနဲ့ အတူတူပဲလို့
နှစ်ပေါင်းငါးဆယ်ကျော်လောက် ယူဆခဲ့ကြတာဖြစ်ပါတယ်။
ဝေးကွာတဲ့အရပ်က ဂလက်စီတွေဆိုတာ ကျွန်တော်တို့နဲ့ အလင်းနှစ်ဘီလီပေါင်း
များစွာဝေးကွာတဲ့ ဂလက်စီတွေကို ပြောတာ ဖြစ်ပါတယ်။ ဒီတော့ သူတို့ထဲက စွမ်းအား အကြီးဆုံးကြယ်တွေရဲ့
အလင်းလောက်သာ ကျွန်တော်တို့ ကမ္ဘာဆီရောက်လာနိုင်ပါတယ်။ ဒါကပဲ ကမ္ဘာပေါ်က သုတေသီတွေကို
ခေါင်းခဲစေတဲ့အကြောင်းဖြစ်ပါတယ်။ အကြောင်းကတော့ တခြားဂလက်စီတွေမှာရှိတဲ့ ကြယ်တွေရဲ့ဖြန့်ဝေတည်ရှိပုံ
ဘယ်လိုရှိသလဲဆိုတာ သူတို့ သေချာမသိနိုင်တော့လို့ပါ။ ဒီမရေရာမှုကပဲ တခြားဂလက်စီတွေမှာ
လဲ ကြယ်ဖြန့်ဝေတည်ရှိပုံဟာ နဂါးငွေ့တန်းနဲ့အတူတူပဲလို့ သူတို့ကို ယုံကြည်စေခြင်း ဖြစ်ပါတယ်။
“ကျွန်တော်တို့က ရေခဲတုံးကြီးရဲ့ ထိပ်ပိုင်းလောက်ကိုသာ အချိန်အကြာကြီး
မြင်ခဲ့ရတာဖြစ်တဲ့အတွက် တခြားဂလက်စီတွေဟာ ကျွန်တော်တို့ ဂလက်စီနဲ့အတူတူပဲလို့ မျှော်လင့်ထားတာကတော့
ကောင်းမွန်တဲ့ယူဆချက်တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူကမှလဲ တခြားဂလက်စီတွေမှာ ကွဲပြားခြားနားတဲ့
ဖြန့်ဝေတည်ရှိပုံရှိတယ်လို့ သက်သေမပြနိုင်ပါဘူး။ ဒီလေ့လာမှုက သက်သေပြဖို့ အခွင့်အရေးပေးထားပါတယ်။
ဒါက ဂလက်စီဖြစ်ပေါ်ပုံနဲ့ ဆင့်ကဲပြောင်းလဲပုံအပေါ် ပိုပြီးနက်နဲတဲ့ နားလည်မှု ရနိုင်ဖို့
တံခါး ဖွင့်ပေးနိုင်ပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူ Charles Steinhardt က ဆိုပါတယ်။
လေ့လာမှုမှာ သုတေသီတွေက COSMOS ကတ်တလောက်ကို အသုံးပြုပြီး ဂလက်စီပေါင်း
၁၄၀ ၀၀၀ ကလာတဲ့ အလင်းကို စိစစ်သရုပ်ခွဲခဲ့ပါတယ်။ ဒီဂလက်စီတွေက စကြဝဠာရဲ့ အနီးဆုံးကနေ
အဝေးဆုံးထိ ဖြန့်ကျက်တည်ရှိနေတာ ဖြစ်ပါတယ်။
ဒြပ်ထုမြင့်ဂလက်စီတွေက အရင်သေဆုံးပါတယ်။
သုတေသီတွေရဲ့အဆိုအရ ဒီတွေ့ရှိမှုအသစ်က မြောက်များစွာသော ဂယက်ရိုက်မှု
တွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအနေနဲ့ ဘာကြောင့်ဂလက်စီတွေသေဆုံးသွားပြီး ကြယ် အသစ်ဖြစ်ပေါ်မှု
ရပ်တန့်သွားရသလဲဆိုတာဟာ မဖြေရှင်းနိုင်ဖြစ်နေပါတယ်။ ဒီရလဒ် အသစ်ကနေပြီးတော့ simple
trend တစ်ခုနဲ့ ရှင်းပြနိုင်တယ်လို့ ထင်မြင်ချက်ပေးထား ပါတယ်။
“အခုအဆိုရင် ကြယ်တွေရဲ့ဒြပ်ထုကို ပိုပြီးကောင်းကောင်း အဖြေရှာနိုင်လာပါပြီ။
ကျွန်တော်တို့ ပုံစံအသစ်တစ်မျိုးကို မြင်တွေ့နေရပါပြီ။ ဒါကတော့ ဒြပ်ထုနိမ့်ကြယ်တွေရှိ
တဲ့ ဂလက်စီဟာ ကြယ်တွေဆက်လက်ဖြစ်ပေါ်နေပြီး ဒြပ်ထုမြင့်ကြယ်တွေများတဲ့ ဂလက်စီဟာ ကြယ်အသစ်ဖြစ်ပေါ်မှုတွေ
ရပ်တန့်သွားပါတယ်။ ဒီထင်မြင်ချက်ကနေပြီး တော့ ဂလက်စီတွေသေဆုံးမှုနဲ့ပတ်သက်ပြီး ယေဘုယျကျတဲ့
trend တစ်ခုကို ထင်မြင် ချက်ပေးထားပါတယ်။” လို့ Sneppen က ကောက်ချက်ချပါတယ်။
ကိုးကား
New
discovery about distant galaxies: Stars are heavier than we thought (phys.org)
Comments
Post a Comment