ဝေးကွာသော ဂလက်စီတစ်ခုရှိ စွမ်းအားကြီးမားသော ရုတ်တရက်တောက်ပမှုတစ်ခုသည် တွင်းနက်များအပေါ် ကျွန်တော်တို့ အမြင်အား ပြောင်းလဲနိုင်သည်။
1ES 1927+654 လို့ခေါ်တဲ့ ဂလက်စီတစ်ခုမှာ ထူးဆန်းတဲ့ တစ်စုံတစ်ခု
ဖြစ်ပေါ်နေပါတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဒီဂလက်စီဗဟိုချက်မှာရှိတဲ့ ဧရာမတွင်းနက်ကြီးမှာ ဧရာမအပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ လအနည်းငယ်ကျော်လောက် ကြာအောင် အစကတည်းက
တောက်ပပါတယ်ဆိုတဲ့ ဝတ္ထုကြီးဟာ (ဒီလိုအလွန်တောက်ပ တဲ့ ဝတ္ထုတွေဟာ active galatic
nuclei (AGN) လို့ခေါ်တဲ့ တွင်းနက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်) ရုတ်တရက် ထပ်မံတောက်ပလာခဲ့ပါတယ်။
သာမန်အလင်းမှာ မြင်ရတာထက် အဆ ၁၀၀ လောက်ပိုပြီးတောက်ပလာခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင်တော့ နိုင်ငံတကာက
နက္ခတ္တရူပဗေဒပညာရှင်တွေဟာ ဒီလိုပြောင်းလဲရခြင်းရဲ့ အကြောင်းအရင်းကို ရှာတွေနိုင်ခဲ့ပြီလို့
ထင်ရပါတယ်။ တွင်းနက်ကို ရစ်ပတ်ချည်နှောင်နေတဲ့ သံလိုက်စက်ကွင်းမျဉ်းတွေဟာ အပေါ်အောက်ပြောင်းပြန်လှန်သွားပုံရပါတယ်။
ဒါက ဝတ္ထုရဲ့ဂုဏ်သတ္တိမှာ လျင်မြန်တဲ့ခဏတာပြောင်းလဲမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါက ကမ္ဘာပေါ်က
သံလိုက်အိမ်မြှောင်တွေဟာ မြောက်ဘက်ကိုပြရမယ့်အစား ရုတ်တရက် တောင်ဘက်ကို ညွှန်ပြလိုက်သလိုမျိုးနဲ့
တူပါတယ်။
ဒီတွေ့ရှိမှုတွေကိုတော့ Astrophysical Journal မှာ မေလ ၅ ရက်နေ့က
ထုတ်ဝေခဲ့ပြီး ဧရာမတွင်းနက်ကြီးတွေအပေါ် သိပ္ပံပညာရှင်တွေမြင်ပုံကို ပြောင်းလဲနိုင်ပါတယ်။
“ပုံမှန်ဆိုရင်တော့ တွင်းနက်တွေဟာ နှစ်သန်းပေါင်းများစွာကြာအောင်
ကြီးထွားဖွံ့ဖြိုးကြတာဖြစ်ပါတယ်။” လို့ Scepi က ဆိုပါတယ်။ “ဒါပေမယ့် ဒီဝတ္ထုတွေကတော့
အလွန်တိုတောင်းတဲ့အချိန်လေးအတွင်းမှာ ဆင့်ကဲပြောင်းလဲနိုင်ပါတယ်။ ဒီလိုလျင်မြန်တဲ့
ဆင့်ကဲပြောင်းလဲပုံကို နားလည်နိုင်ဖို့ သော့ချက်က သူတို့ရဲ့ သံလိုက်စက်ကွင်းမျဉ်းတွေ
ဖြစ်ပါတယ်။
ဒီလိုမျိုး သံလိုက်စက်ကွင်းပြောင်းပြန်လန်ပုံမျိုး ဖြစ်နိုင်တာကို
၂၀၂၁ ခုနှစ်မှာ Scepi က ပထဆုံး သီအိုရီပြုခဲ့တာဖြစ်ပါတယ်။
လေ့လာမှုအသစ်က ဒီအယူအဆကို ထောက်ခံနေပါတယ်။ မြေပြင်နဲ့အာကာသတယ်လီစကုပ်ခုနှစ်ခုကနေ
ရရှိထားတဲ့ အချက်အလက်တွေအရ ဧရာမတွင်းနက်ကြီးတွေရဲ့ သံလိုက်စက်ကွင်းတွေဟာ သိပ္ပံပညာရှင်တွေ
တွေးထင်ထားတာထက် ပိုပြီးလှုပ်ရှားသက်ဝင်မှုရှိနိုင်တယ်လို့ ဖော်ပြနေပါတယ်။ ဒီလိုဖြစ်တာ ဒီ AGN
တစ်ခုတည်းမဟုတ်ဘူးလို့ Begelman က မှတ်ချက်ပြုပါတယ်။
“ဒီဖြစ်ရပ်မှာ ဒါကို မြင်တယ်ဆိုရင် နောက်ဟာတွေမှာလည်း မလွဲမသေ
ဒီလိုမျိုး ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။” လို့ Begelman က ဆိုပါတယ်။ “အခုဆိုရင်တော့
ဘယ်လို ရှာရမလဲဆိုတာ ကျွန်တော်တို့ သိနေပါပြီ။”
ပုံမှန်မဟုတ်သော တွင်းနက်တစ်ခု
AGN တွေဟာ စကြဝဠာအတွင်းမှ အပြင်းထန်ဆုံးရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေကနေ
မွေးဖွားဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီဘီလူးကောင်ကြီးတွေဟာ ဂလက်စီပတ်ပတ်လည်မှာရှိတဲ့ ဓာတ်ငွေ့ပမာဏ
အမြောက်အများကို ဧရာမတွင်းနက်ကြီးတွေ ဆွဲယူတဲ့အခါမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ရေနုတ်မြောင်းထဲကို
ရစ်ဝဲကျနေတဲ့ ရေတွေလိုမျိုးပဲ ဒီဒြပ်ပစ္စည်းတွေဟာ တွင်းနက်နဲ့ နီးလာတဲ့အခါ လည်ပတ်နှုန်း
ပိုပြီး ပိုပြီး မြန်လာပါတယ်။ ဒီနောက်မှာတော့ အလင်းနှစ်ဘီလီယံပေါင်းများစွာကနေ
မြင်နိုင်လောက်တဲ့အထိ အလွန်ပြန်ထန်ပြီး အမျိုးမျိုး ပြောင်းလဲနေတဲ့ ဓာတ်ရောင်ခြည်တွေကို
ထုတ်လွှတ်ပေးနိုင်တဲ့ တောက်ပတဲ့ “accretion disk” တစ်ခု ဖြစ်လာပါတော့တယ်။
ဒီ accretion disk တွေမှာလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ အသွင်လက္ခဏာတစ်မျိုး
ရှိတယ်။ သူတို့က တွင်းနက်ဗဟိုချက်မှာ ပုံပျက်နေတဲ့ အားကောင်းတဲ့သံလိုက်စက်ကွင်း မျဉ်းတွေကို
ထုတ်လုပ်ပေးပါတယ်။
“ဒီသံလိုက်စက်ကွင်းမျဉ်းတွေဟာ တွင်းနက်ထဲကို ကျဆင်းတဲ့ ဓာတ်ငွေ့တွေအပေါ်
သက်ရောက်ရာမှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်တယ်ဆိုတာအတွက် Event Horizon Telescope နဲ့
တခြားလေ့လာမှုတွေကနေ ရရှိထားတဲ့ သက်သေအထောက် အထားတွေ အများကြီးရှိပါတယ်။” လို့ Dexter
က ဆိုပါတယ်။
ဒါက AGN တွေ ဘယ်လောက်လင်းလင်းတောက်ပနိုင်သလဲဆိုတဲ့အပေါ်လဲ သက်ရောက်မှုရှိနိုင်ပါတယ်။
၂၀၁၈ ခုနှစ် မေလတုန်းက ဒီဝတ္ထုကြီးဟာ စွမ်းအင်ရုတ်တရက်ပြင်းပြင်းထန်ထန်
တိုးလာခဲ့ပြီး အမြင့်ဆုံးအမှတ်ကို ရောက်ရှိခဲ့ပါတယ်။ မြင်နိုင်တဲ့အလင်းအမြောက်အများ
နဲ့ ပုံမှန်ထက် အဆမတန်ပိုများတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ပန်းထုတ်ခဲ့ပါတယ်။ ဒီအချိန်လောက်မှာပဲ AGN ရဲ့ X-rays ထုတ်လွှတ်မှုဟာ စတင်လျော့ကျလာပါတော့တယ်။
“ပုံမှန်အားဖြင့်တော့ အကယ်လို့ ခရမ်းလွန်ရောင်ခြည် မြင့်တက်လာတယ်ဆိုရင်
X-rays ကလဲ လိုက်တက်လာတာ ဖြစ်ပါတယ်။” လို့ Scepi က ဆိုပါတယ်။ “အခုဒီမှာတော့ ခရမ်းလွန်ရောင်ခြည်က
တက်လာပြီး X-rays က အတော်လေး ကျဆင်းသွားပါတယ်။ ဒါက လုံးဝပုံမှန်မဟုတ်ပါဘူး။”
အလှည့်အပြောင်း
ဒီပုံမှန်မဟုတ်တဲ့ အပြုအမူအတွက် ဖြစ်နိုင်ခြေရှိတဲ့
အဖြေတစ်ခုကို မနှစ်တုန်းက သုတေသီတွေတင်ပြခဲ့ပါတယ်။
ဒီအသွင်လက္ခဏာတွေက အပြင်ဘက်ဟင်းလင်းပြင်ကနေ ဓာတ်ငွေ့တွေ တောက်လျှောက်ဆွဲယူနေပြီး
တချို့ဓာတ်ငွေ့တွေမှာ သံလိုက်စက်ကွင်းတွေကို သယ်ဆောင်လာတာဖြစ်တယ်လို့ Begelman က ရှင်းပြပါတယ်။
အကယ်လို့ AGN က သူ့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လားရာဘက် ( မြောက်ဘက်အစား သူက တောင်ဘက်ကို
ညွှန်ပြနေတာလိုမျိုး) က သံလိုက်စက်ကွင်းတွေကို ဆွဲယူလိုက်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်စက်ကွင်းဟာ အားပျော့သွားပါတယ်။ ဒါက လွန်ဆွဲပွဲတစ်ပွဲမှာ တစ်ဖက်အသင်းက တခြားအရပ်ကို
ဆွဲနေတယ်ဆိုရင် နောက်အသင်းက ဆန့်ကျင်ဘက်ကို ဆွဲယူ အားမျှအောင် လုပ်တာမျိုးဖြစ်ပါတယ်။
ဒီလို AGN မျိုးဆိုရင် တွင်းနက်ရဲ့သံလိုက်စက်ကွင်းဟာ အလွန်အားပျော့သွားတာကြောင့် ပြောင်းပြန်လန်သွားနိုင်ပါတယ်လို့ အဖွဲ့က သီအိုရီပြုပါတယ်။
“အခြေခံအားဖြင့် သင်က သံလိုက်စက်ကွင်းတွေကို လုံးဝရှင်းထုတ်လိုက်တာပါပဲ။”
လို့ Begelman က ဆိုပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ X-rays ရောင်ခြည်ကြားမှာ အဆက်အစပ်ပြတ်တောက်မှုဟာ လုံးဝခိုင်မာတဲ့ သက်သေအထောက်အထားပါပဲ။ သံလိုက်စက်ကွင်းအားပျော့သွားတာ က AGN ရဲ့
ရုပ်ပိုင်းဆိုင်ရာမှာ ဒီလိုပြောင်းလဲမှုမျိုးကို ဖြစ်စေနိုင်တယ်လို့ နက္ခတ္တရူပဗေဒပညာရှင်တွေက ခန့်မှန်းပါတယ်။ တွင်းနက်ရဲ့ accretion disk ကို ပြောင်းလဲစေသဖြင့် ခရမ်းလွန်ရောင်ခြည်နဲ့
မြင်နိုင်တဲ့အလင်းတို့ကို ပိုထုတ်ပြီး ဒွိဟဖြစ်စေတဲ့ အလွန်နည်းပါး တဲ့ X-rays ရောင်ခြည်ထုတ်လွှတ်မှုကို
ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဘယ်သီအိုရီကမှ သုတေသီတွေမြင်နေရတာကို မရှင်းပြနိုင်ပါဘူး။
AGN ကိုယ်တိုင်ကတော့ ငြိမ်သက်သွားပြီး ၂၀၂၁ နွေရာသီလောက်မှာ ပုံမှန်
အနေ အထားကို ပြန်ရောက်သွားပါတယ်။ သို့သော်လည်း Scepi နဲ့ Begelman တို့ကတော့ ဒီဖြစ်စဉ်ကို
သဘာဝစမ်းသပ်ချက်တစ်ခုအဖြစ်မြင်ပါတယ်။ ဒီကရတဲ့အချက်အလက်တွေ က ညကောင်းကင်မှာ ပိုပြီးဆန်းကြယ်တဲ့
AGN တွေကို ရှာဖို့ရာ ဘယ်လိုအချက်ပြမျိုးကို ကြည့်ရမလဲဆိုတာ အတိအကျသိနိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။
“ဒီလိုအလားတူဖြစ်စဉ်မျိုးကို အရင်ကတည်းက ကျွန်တော်တို့ ရှာတွေ့ခဲ့တာလဲ
ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းကျွန်တော်တို့ မသိထားသေးလို့ပါ။” လို့ Scepi က ဆိုပါတယ်။
ကိုးကား
A
surging glow in a distant galaxy could change the way we look at black holes
(phys.org)

Comments
Post a Comment