ပထမဆုံးကြယ်များနှင့် ပထမဆုံးအလင်း။ အိုင်းယွန်းပြည်လည်ဖြစ်ပေါ်ခြင်းခေတ်။

 

          စကြဝဠာကြီးဟာ ကျွန်တော်တို့လေ့လာလို့ မကုန်နိုင်တဲ့ သဘာဝဓာတ်ခွဲခန်းကြီး တစ်ခုဖြစ်ပါတယ်။ ကြယ်တွေ၊ ဂလက်စီတွေနဲ့ စကြဝဠာကြီးကိုယ်တိုင်ကိုက စိတ်ဝင်စား ဖို့ကောင်းတဲ့ အသွင်လက္ခဏာတွေနဲ့ ပြည့်နှက်နေပါတယ်။ စကြဝဠာသမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း စကြဝဠာဆင့်ကဲပြောင်းလဲပုံဟာ လူသားတို့ အမြဲတစေမေးခွန်း ထုတ်နေတဲ့ အကြောင်းအရာဖြစ်ပါတယ်။ စကြဝဠာကြီး ဘယ်ကစဖြစ်လာသလဲ။ ဘယ်လို တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ကျွန်တော်တို့ အခုမြင်နေရတဲ့ လက်ရှိအခြေအနေကို ရောက်လာ သလဲ စတဲ့မေးခွန်းတွေဟာ လူသားတို့ အဖြေရှာနေကြတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

          စကြဝဠာသမိုင်းကြောင်းမှာ အဓိက အသွင်ပြောင်းလဲမှုကြီးနှစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အသွင်ပြောင်းလဲမှုဆိုတဲ့နေရာမှာ ပိုးကောင်ကနေ လိပ်ပြာဖြစ်လာသလိုမျိုး၊ ရေကနေ ရေခဲ ဖြစ်သလိုမျိုး ပြောင်းလဲခြင်းကို ဆိုလိုပါတယ်။ ဒီနှစ်ခုကတော့ ပြန်လည်ပေါင်းစည်း ခြင်း (Recombination) နဲ့ အိုင်းယွန်းပြန်လည်ဖြစ်ခြင်း (Reionization) တို့ ဖြစ်ပါတယ်။ ဒီနှစ်ခုကြားမှာတော့ အမှောင်ခေတ်လို့ခေါ်တဲ့ “Dark Ages” တစ်ခုရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အောက်ကျအသေးစိတ်ပြန်ပြောပါဦးမယ်။ ဒီနေ့ ကျွန်တော်တို့ အဓိကထား ဆွေးနွေးမယ့် အကြောင်းကတော့ ပထမဆုံးကြယ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပထမဆုံး အလင်းကို ဖြစ်ပေါ်စေတဲ့ အိုင်းယွန်းပြန်လည်ဖြစ်ခြင်းခေတ်ပဲ ဖြစ်ပါတယ်။ ဒီတော့ အစ အဆုံးဖတ်ဖို့ အကြံပြုပါရစေ။

စကြဝဠာသမိုင်းအကျဉ်းချုပ်

          အာကာသစံမော်ဒယ်အရ စကြဝဠာကြီးဟာ မဟာပေါက်ကွဲမှုတစ်ခုနဲ့ စတင်ခဲ့ပါ တယ်။ မဟာပေါက်ကွဲမှုမတိုင်ခင်က ဘာဖြစ်ခဲ့လဲ ဘယ်သူမှမသိပါ။ မဟာပေါက်ကွဲမှု ဖြစ်ပြီးစက္ကန့်ပိုင်းအကြာမှာ ဖောင်းပွခြင်း (inflation) အပါအဝင် ဖြစ်စဉ်ပေါင်းများစွာဖြစ် ခဲ့ပါတယ်။ အဲ့ဒီအချိန်က စကြဝဠာကြီးဟာ ပလပ်စမာစွပ်ပြုပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါ တယ်။ ဆိုလိုတာကတော့ အက်တမ်တွေ၊ မော်လီကျူးတွေအဖြစ် မပေါင်းစည်းနိုင်သေးဘဲ အိုင်းယွန်းတွေအဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။

          မဟာပေါက်ကွဲမှုအပြီးနှစ်ပေါင်း ၃၈၀, ၀၀၀ အကြာမှာတော့ စကြဝဠာဟာ လုံလုံ လောက်လောက် အေးမြလာခဲ့ပြီး အက်တမ်တွေအဖြစ် စတင်ပေါင်းစည်းပါတော့တယ်။ ဒီလို ပရိုတွန်တွေ၊ အီလက်ထရွန်တွေနဲ့ နျူထရွန်တွေ ပေါင်းစည်းမှုဖြစ်စဉ်ကို ပြန်လည် ပေါင်းစည်းခြင်း (Recombination) လို့ခေါ်ပါတယ်။ ဒီပေါင်းစည်းခြင်းဖြစ်စဉ်ကြောင့် ရှေး အကျဆုံးအလင်းဟာ စတင်လွတ်မြောက်ခဲ့ပြီး စကြဝဠာဟာ ခဏတာအလင်းပေါက်သွား ခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အမြဲပြောပြောနေတဲ့ စကြဝဠာနောက်ခံမိုက်ခရိုလှိုင်း (Cosmic Microwave Background) ပဲ ဖြစ်ပါတယ်။ ဒီအလင်းဟာ ပထမဆုံးနဲ့ ရှေးအကျ ဆုံး အလင်းပါပဲ။

          ဒီအပူရောင်ခြည်ဟာ ဓာတ်ငွေ့မြူခိုးတိမ်တိုက်ကြီးကို စကြဝဠာပြန့်ကားမှုနဲ့ အတူ ကျော်ဖြတ်ရင်းနဲ့ အနီဘက်ကိုရွေ့သွားကာ ကျွန်တော်တို့ဆီရောက်တဲ့အခါမှာတော့ မိုက် ခရိုလှိုင်းဖြစ်နေခဲ့ပါပြီ။ ဒီထက်ဝေးကွာတဲ့အနာဂတ်မှသာ ဒါကိုမြင်နိုင်မယ်ဆိုရင်တော့ ရေဒီယိုလှိုင်းဖြစ်နေပါလိမ့်မယ်။ သို့သော် ဒီကနေရလာတဲ့ အချက်အလက်တွေဟာ အာကာသမော်ဒယ်တစ်ခု တည်ဆောက်နိုင်လောက်အောင်ကို စွမ်းအားကြီးမားခဲ့ပါတယ်။

          ဒါပေမယ့် ဒီအလင်းဟာ စကြဝဠာကို အလင်းဆင်နိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ ဒါ့ ကြောင့် အမှောင်ခေတ်စတင်ပါတော့တယ်။ အမှောင်ခေတ်ဆိုတဲ့အတိုင်းပဲ ဒီအချိန် အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအားလုံးကို ကျွန်တော်တို့ လုံးဝမသိနိုင်ပါ ဘူး။ ဒီအတွက် အကြောင်းအရင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ အလင်းအရင်းအမြစ် အသစ်မရှိသေးတာကြောင့်ရယ် နောက်တစ်ခုကတော့ စကြဝဠာတစ်လွှား အပြည့်ဖုံးနေ တဲ့ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံမော်လီကျုး မြူခိုးတိမ်တိုက်ကြီးကြောင့်ဖြစ်ပါတယ်။ ဒီမြူခိုး တိမ်တိုက်ကြီးကို ရှင်းလင်းနိုင်မယ့် အလင်းအရင်းအမြစ်ဟာ ပထမဆုံးကြယ်တွေ စတင် တဲ့ အချိန်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

ပထမဆုံးသော ကြယ်များ

          CMB ကိုကြည့်မယ်ဆိုရင် စကြဝဠာကြီးဟာ ပျမ်းမျှအားဖြင့် isotropy နဲ့ homogeneous ဖြစ်တယ်လို့ ထင်ရပေမယ့် တချို့နေရာတွေမှာ အလွန်သေးငယ်တဲ့ သိပ် သည်းဆ အတက်အကျလေးတွေရှိနေပါတယ်။ ဒီအတက်အကျလေးတွေကြောင့် တချို့ သော ဓာတ်ငွေ့တိမ်တိုက်ကြီးတွေဟာ ကိုယ်ပိုင်ဒြပ်ဆွဲအားနဲ့ ပြိုပျက်တဲ့အခါ မှာတော့ ပထမဆုံးသော ကြယ်တွေဖြစ်ပေါ်လာပါတော့တယ်။ ဒီဓာတ်ငွေ့တိမ်တိုက်တွေကနေ ဖြစ်ပေါ်လာတဲ့ ကြယ်တွေကလာတဲ့ အလင်းဟာ အလင်းအရင်းအမြစ် အသစ် ဖြစ်နိုင်ပါ တယ်။ ဒီကြယ်တွေကနေ ထွက်ပေါ်လာတဲ့အလင်းဟာ ဓာတ်ငွေ့မြူခိုးတွေကို ရှင်းထုတ် လိုက်ပြီး စကြဝဠာကို အိုင်းယွန်းပြည်လည်ဖြစ်စေကာ အိုင်းယွန်းပြန်လည်ဖြစ်ခြင်း ခေတ်ကို စတင်လိုက်ပါတော့တယ်။

          ပထမဆုံးသော ကြယ်တွေဟာ မဟာပေါက်ကွဲမှုအပြီး နှစ်ပေါင်း သန်း ၁၅၀ အကြာ မှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို သိပါသလဲ။ နောက်ကျကျွန်တော်တို့ ဆက် ဆွေးနွေးပါမယ်။ ဒီလို ပထမဆုံးကြယ်တွေကို popullation III stars တွေလို့ သိကြပါ တယ်။ သူတို့မှာ ကျွန်တော်တို့ ကမ္ဘာကြီးကို ပြုလုပ်ဖန်တီးထားတဲ့ လေးလံတဲ့ဒြပ်စင်တွေ မပါဝင်သေးပါဘူး။ သူတို့ကိုဟိုက်ဒြိုဂျင်၊ ဟီလီယံနဲ့ လီသီယံအနည်းငယ်တို့နဲ့သာ ပြုလုပ် ထားပြီး နေထက်အဆပေါင်းများစွာ ပိုကြီးကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ သက်တမ်းက လည်း တိုတောင်းကြပါတယ်။ လုံလောက်တဲ့အပူချိန်ရောက်ပြီး နျူကလိယပေါင်းစည်း ခြင်း လုပ်ဆောင်နိုင်တဲ့အချိန်ရောက်တဲ့အခါမှာတော့ သူတို့ကနေ စွမ်းအင်မြင့် ခရမ်းလွန် ရောင်ခြည်ကို ထုတ်လွှတ်ကြပါတယ်။


စကြဝဠာနောက်ခံမိုက်ခရိုလှိုင်းတွင် အပူချိန်ပြောင်းလဲမှုများကို မြင်နိုင်ပါသည်။ 

          ဒီကြယ်ကြီးတွေကနေ ထွက်ပေါ်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အက်တမ်တွေ ထဲက အီလက်ထရွန်ကို ဆွဲထုတ်နိုင်လောက်အောင် စွမ်းအင်ရှိတာကြောင့် စကြဝဠာကြီး ဟာ တစ်ဖန်အိုင်းယွန်းပြန်ဖြစ်ရပါတော့တယ်။ နောက်ပြီး ဒီကြယ်ကြီးတွေဟာ သက်တမ်း တိုတာကြောင့် သူတို့ပေါက်ကွဲမှု (စူပါနိုဗာ) ကနေ ထွက်လာတဲ့ ရောင်ခြည်တွေကလဲ ဓာတ်ငွေ့တွေကို အိုင်းယွန်းပြန်ဖြစ်စေပါတယ်။ (ပထမဆုံးသော စူပါနိုဗာဖြစ်စဉ်ပြီးတဲ့အခါ မှသာ လေးလံတဲ့ဒြပ်စင်တွေ စကြဝဠာတစ်လွှားပြန့်နှံ့သွားတာဖြစ်ပါတယ်။)

          စစချင်းမှာတော့ သူတို့ကနေထွက်လာတဲ့အလင်းဟာ အနီးအနားက ဓာတ်ပြယ် ဟိုက်ဒြိုဂျင်ကိုသာ အိုင်းယွန်းဖြစ်စေနိုင်တာကြောင့် အိုင်းယွန်းပူဖောင်းကြီးအဖြစ်နဲ့ ရှိနေ ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဒီအိုင်းယွန်းပူဖောင်းတွေများများလာပြီး တစ်ခုနဲ့တစ်ခု ထပ်သွားတဲ့အချိန်မှာတော့ ရောင်ခြည်တွေဟာ အာကာသတစ်လွှားကို အတားအဆီးမရှိ ရွက်လွှင့်နိုင်ခဲ့ပါတယ်။ ဒီအိုင်းယွန်း ဖြစ်ဓာတ်ငွေ့တွေဟာ ဂလက်စီတွေနဲ့ ဂလက်စီအစု အဝေးတွေကြားမှာ မျောလွင့်နေရာကနေ စကြဝဠာကြီးဟာ အိုင်းယွန်းအသွင်ပြန်ဆောင် လာပြီး ကျွန်တော်တို့ အခုမြင်နေ ရတဲ့ စကြဝဠာကြီး ဖြစ်လာပါတော့တယ်။      

          ပြောလက်စနဲ့ဒါလေးဆက်လိုက်ပါမယ်။ ဒီဓာတ်ငွေ့တွေကနေတစ်ဆင့် ဒြပ်ဆွဲအား နဲ့ ပြန်လည်ပြိုပျက်ပြီး ဒုတိယမြောက်မျိုးဆက်ကြယ် (second generation star) တွေ ဖြစ်လာပါတယ်။ သူတို့ကလဲ အချိန်တစ်ခုကြာတဲ့အခါ စူပါနိုဗာဖြစ်စဉ်နဲ့ပေါက်ကွဲပြီး ဒြပ်စင်အမြောက်အများ ဂလက်စီတစ်လွှား ဖြန့်ဖြူပေးပါတယ်။ ကျွန်တော်တို့ နေဟာ တတိယမြောက်မျိုးဆက် (third generation star) ဖြစ်ပါတယ်။ ဒုတိယမြောက်မျိုးဆက် ကြယ်တွေကနေ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါတွေကို ကျွန်တော်တို့ ဘယ်လိုသိပါသလဲ။

          အိုင်းယွန်းပြန်လည်ဖြစ်ခြင်းခေတ်ကို လေ့လာရတာဟာ အလွန်ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်သလို နက္ခတ္တဗေဒပညာရှင်တွေအတွက် လေ့လာစရာတစ်ခုပါပဲ။ ဒီနေရာမှာ အဓိကကျတဲ့ ဖိုတွန်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ၂၁ စင်တီမီတာ လှိုင်းအလျားရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဖြစ်ပြီး နောက်တစ်ခုကတော့ လိုင်းမန်းအယ်‌ဖာ (lyman-alpha) ဖြစ်ပါတယ်။ ဒီထဲက တစ်ခုက အိုင်းယွန်းပြန်လည်ဖြစ်ခြင်းခေတ် ဘယ်အချိန်မှာ စတင်သလဲ ဆိုတာ ပြောပြနိုင်ပြီး တစ်ခုကတော့ ဘယ်အချိန်မှာ ပြီးဆုံးခဲ့သလဲ ဆိုတာကို ပြောပြနိုင်ပါတယ်။

          အိုင်းယွန်းပြန်လည်ဖြစ်ပေါ်ခြင်းခေတ်ဟာ ပထမဆုံးကြယ်တွေဖြစ်ပေါ်တဲ့အချိန်မှာ စတင်ခဲ့ပြီး မဟာပေါက်ကွဲမှုအပြီး နှစ်ပေါင်း ၁ ဘီလီယံအကြာလောက်မှာ အဆုံးသတ်သွား ခဲ့ပါတယ်။ ဘယ်လိုသိပါသလဲ။

၂၁ စင်တီမီတာ ဖိုတွန်

          အေးခဲဟိုက်ဒြိုဂျင်ဓာတ်ငွေ့အတွင်းမှာရှိတဲ့ အီလက်ထရွန်ဟာ ၂၁ စင်တီမီတာရှိတဲ့ ဖိုတွန်ကို စုပ်ယူတိုင်း သို့မဟုတ် ထုတ်လွှတ်တိုင်း သူ့ရဲ့စပင်လားရာ ပြောင်းပြန်လည်သွား ပါတယ်။ ၂၁ စင်တီမီတာက ဓာတ်ပြယ်ဟိုက်ဒြိုဂျင်မှာ ဖြစ်ပေါ်ပါတယ်။ ပထမဆုံးသော ကြယ်တွေစတင်လောင်ကျွမ်းတဲ့အခါမှာ သူတို့ကထွက်လာတဲ့ ရောင်ခြည်တွေက ပတ်ပတ်လည်က ဓာတ်ငွေ့တွေကို အပူပေးလိုက်ပါတယ်။ ဒါက ၂၁ စင်တီမီတာဖိုတွန် ထုတ်လွှတ်မှုထက် စုပ်ယူမှုကို ပိုဖြစ်စေပါတယ်။ ဒါက CMB မှာ အနည်း ငယ်ကျဆင်းမှု တစ်ခုကို ဖြစ်စေပါတယ်။

          ဒီစုပ်ယူခြင်းခံရတဲ့လှိုင်းအလျားဟာ စကြဝဠာပြန့်ကားမှုကြောင့် ဆန့်ထွက် (အနီဘက်ရွေ့) သွားခဲ့ပါတယ်။ အနီဘက်ဘယ်လောက် ရွေ့သွားသလဲဆိုတာက ဘယ်အချိန်မှာ ပထမဆုံးကြယ်တွေဖြစ်ပေါ်ခဲ့သလဲဆိုတာကို ပြောပြနိုင်ပါတယ်။ ဘာလို့ လဲဆိုတော့ ဒီစုပ်ယူမှုဟာ ပထမဆုံးကြယ်တွေဖြစ်ပေါ်ချိန်မှာသာ ဖြစ်ပေါ်နိုင်ပါတယ်။


21 cm line ဖြစ်ပေါ်ပုံ

ကွေဆာများ
          ဒုတိယဖိုတွန်နဲ့ပတ်သက်ပြီး မဆွေးနွေးခင်မှာ ကွေဆာတွေအကြောင်းကို ပြောချင် ပါသေးတယ်။ ဒါကမဆိုင်ဘူးလို့ ထင်ရပေမယ့် နောက်ပိုင်းမှာတော့ လုံးဝသက်ဆိုင်နေတာ ကိုတွေ့ရပါလိမ့်မယ်။ စကြဝဠာအတွင်း ပထမဆုံးမျိုးဆက်ကြယ်တွေ နောက်ဆုံးစူပါနိုဗာ နဲ့ ပေါက်ကွဲသွားတဲ့အခါမှာတော့ တွင်းနက်တွေဖြစ်ပေါ်လာပါတယ်။ တစ်ဖန် ဒီတွင်းနက် တွေဟာလဲ တစ်ခုနဲ့တစ်ခုရောနှောသွားကြပြီး ပိုပြီးကြီးမားတဲ့ တွင်းနက်ကြီးတွေ ဖြစ်လာ ကြပါတယ်။ နောက်ဆုံးမှာတော့ နေထက် သန်းပေါင်းများစွာဒြပ်ထုပိုမြင့်တဲ့ ဧရာမတွင်း နက်ကြီးတွေအဖြစ် ဂလက်စီတွေရဲ့ဗဟိုချက်မှာ အဆုံးသတ်သွားကြပါတယ်။


ကွေဆာတစ်ခု၏ သရုပ်ပြပုံ 

          ဒီဧရာမတွင်းနက်ကြီးတွေကို ပတ်ပတ်လည်က ပလပ်စမာတွေက စွမ်းအင်ပေးတဲ့ အခါမှာတော့ ပထမဆုံးသော ကွေဆာတွေဖြစ်ပေါ်လာပါတော့တယ်။ ဒီကွေဆာတွေဟာ နေထက်သန်းပေါင်းများစွာ တောက်ပပြီး စကြဝဠအတွင်းမှာ အလင်းလတ်ဆုံး အာကာသ ဝတ္ထုတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က အလွန်ဝေးကွာတာကြောင့် ကောင်းကင်မှာ အကောင်းဆုံးတယ်လီစကုပ်တွေနဲ့တောင် မှိန်ပြပြအနီရောင် အစက်ပြောက်လေးတွေ အဖြစ်ပဲ မြင်နိုင်ပါတယ်။ ဟုတ်ပြီ။ ဒါက အိုင်းယွန်းပြန်လည်ဖြစ်ပေါ်ခြင်း ခေတ်နဲ့ ဘယ်လို သက်ဆိုင်ပါသလဲ။

လိုင်းမန်းအယ်ဖာဖိုတွန်  

          လှိုင်းအလျား ၁၂၁. ၅၇ စင်တီမီတာရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ဟိုက်ဒြိုဂျင်ရဲ့ ground နဲ့ second အီလက်ထရွန်ပတ်လမ်းကြောင်းအတွင်း အီလက်ထရွန် ခုန်ကူးတဲ့ အချိန်မှာ စုပ်ယူ သို့မဟုတ် ထုတ်လွှတ်နိုင်ပါတယ်။ ဒီဖိုတွန်ကို လိုင်းမန်းအယ်ဖာလို့ နာမည်ပေးထားပါတယ်။ တခြားစွမ်းအင်မြင်းခရမ်းလွန်ရောင်ခြည်တွေက ဟိုက်ဒြိုဂျင်ကို အိုင်းယွန်းဖြစ်စေပေမယ့် ဓာတ်ပြယ်ဟိုက်ဒြိုဂျင်ကတော့ ဒီဖိုတွန်ကို စုပ်ယူဖို့ အလွန် အားထက်သန်နေပါတယ်။

          ပထမဆုံးသောကွေဆာကနေ ထွက်ပေါ်လာတဲ့ အလင်းထဲမှာ လှိုင်းအလျား အမျိုး မျိုးရှိတဲ့ စွမ်းအင်မြင့်ခရမ်းလွန်ရောင်ခြည်တွေလာပါတယ်။ ဒီထဲမှာ လိုင်းမန်းအယ်ဖာလဲ ပါဝင်လာခဲ့ပါတယ်။ စစချင်းမှာတော့ ကွေဆာ ကိုယ်တိုင်က အိုင်းယွန်းဖြစ်ပူဖောင်းကြီးကို ဖန်တီးထားနိုင်တာကြောင့် လိုင်းမန်းအယ်ဖာဟာ အကွာအဝေးတစ်ခုထိ ခရီးရောက်နိုင် ပါတယ်။ ဒီလိုနဲ့ လိုင်းမန်းအယ်ဖာဟာ ခရီးသွားရင်း ပူဖောင်းကြီးရဲ့ အနားသတ်နားကို ရောက်လာတဲ့အချိန်မှာ စကြဝဠာဟာ အနည်းငယ် ပြန့်ကားသွားတာကြောင့် တစ်ချိန်က လိုင်းမန်းအယ်ဖာဖြစ်ခဲ့တဲ့ ဖိုတွန်တွေဟာ အနီရွေ့သွားပြီး ဓာတ်ပြယ်ဟိုက်ဒြိုဂျင်ရဲ့ စုပ်ယူမှုဒဏ်ကနေ လွတ်မြောက်သွားပါတော့တယ်။

          သို့သော် သူ့ရဲ့အောက်က ဖိုတွန်ရဲ့လှိုင်းအလျားကလဲ ဆန့်ထွက်သွားတာကြောင့် လိုင်းမန်းအယ်ဖာလှိုင်းအလျားကို ရောက်ရှိလာခဲ့ပါတယ်။ နောက်ဆုံး စွမ်းအင် အမြင့်ဆုံး ခရမ်းလွန်ရောင်ခြည် စုပ်ယူခံရတဲ့အချိန်အထိ ဒီလိုပဲဆက်သွားနေခဲ့ပါတယ်။ ကွေဆာတွေ ကလာတဲ့အလင်းမှာ ဒီလိုရောင်စဉ်တွေဖြတ်ယူခံရတာကို ပြသနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဓာတ်ပြယ်ဟိုက်ဒြိုဂျင်တိမ်တိုက် တစ်ခုကို ဖြတ်တိုင်း လိုင်းမန်းအယ်ဖာက စုပ်ယူခံလိုက်ရလို့ပါ။ ဒီအချိန်က အိုင်ယွန်းပြန်လည်ဖြစ်ခြင်းခေတ်ပြီးဆုံးတာကို ဖော်ပြ နေပါတယ်။

အနီရောင်မျဉ်းရဲ့ ဘယ်ဘက်အခြမ်းက တစ်ချိန်တုန်းက စွမ်းအင်မြင့်ခရမ်းလွန် ရောင်ခြည် ဖြစ်ခဲ့ဖူးတဲ့ ဖိုတွန်တွေဟာ အခုအချိန်မှာတော့ လုံးဝပျောက်ကွယ်သွားပြီကို ပြသနေ ပါတယ်။ ဒီနေရာကို လိုင်းမန်းအယ်ဖာသစ်တော (lyman-alpha forest) လို့ခေါ်ပါတယ်။ GP trough အစက ဘယ်အချိန်မှာ အိုင်းယွန်းပြန်လည်ဖြစ်ခြင်းခေတ် ပြီးဆုံးသွားသလဲ ဆိုတာကိုပြသပြီး သူ့ရဲ့အကျယ်က စကြဝဠာကြီး ဘယ်အချိန်မှာ အပြည့်အဝ အိုင်းယွန်း ဖြစ်သွားသလဲ ဆိုတာကို ပြသနေပါတယ်။

GP trough အပြီးမှာ ကွေဆာရဲ့ အိုင်းယွန်းဖြစ်ပူဖောင်းကြောင့် အသက်ရှင်သန်နိုင်ခဲ့တဲ့ အလင်းကို ပြသနေပါတယ်။ ဒီအချက်တွေက အိုင်းယွန်းပြန်လည် ဖြစ်ခြင်းခေတ် ဘယ်လိုဆင့်ကဲပြောင်းလဲလာပြီး အဆုံးသတ်သွားသလဲ ဆိုတာကို ဖော်ပြ ပေးနေပါတယ်။ ဒီလို ဆန်းကြယ်တဲ့ စကြဝဠာသမိုင်းကြောင်းကို ဖော်ပြပေးနိုင်တဲ့ ဖိုတွန် နှစ်မျိုးကို နောက်ပိုင်းမျိုးဆက်သစ် တယ်လီစကုပ်တွေ လေ့လာတဲ့အချိန်မှာတော့ ဒီခေတ် နဲ့ပတ်သက်ပြီး ပိုပြီး အသေးစိတ်ကျကျသိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အခု လုပ်နိုင်တာကတော့ မျိုးဆက်သစ်တယ်လီစကုပ်တွေ ဘာလုပ်ပေးနိုင်မလဲ ဆိုတာပါပဲ။

Photos are credited to Google

သိပ္ပံဆောင်းပါးများဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ကိုးကား

(181) The Cosmic Dark Ages - YouTube

First Light and First stars (PDF)

https://www.bing.com/search?q=epoch+of+reionization&FORM=HDRSC1

တယ်လီဂရမ်ချန်နယ်

https://t.me/wfMGPRK2Bh82NTY1

 

 

         

 

           

Comments

Popular posts from this blog

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။