ပထမဆုံးအကြိမ်အဖြစ် ကြယ်ဖြူပုပေါ်ရှိ X-rays ပေါက်ကွဲမှုတစ်ခုကို သုတေသီများ လေ့လာတွေ့ရှိ။

 


          ကျွန်တော်တို့နေလိုမျိုးကြယ်တွေဟာ သူတို့ရဲ့လောင်စာအားလုံး အသုံးပြုပြီးသွားတဲ့ အခါမှာတော့ သူတို့ရဲ့ အူတိုင်ဟာ ကျုံ့ဝင်သွားပြီး ကြယ်ဖြူပုများဖြစ်လာကြပါတယ်။ တစ်ခါတစ်ရံမှာတော့ ဒီလိုသေဆုံးကြယ်တွေဟာ အလွန်ပြင်းထန်ပူပြင်းတဲ့ပေါက်ကွဲမှုနဲ့အတူ တစ်ဖန် အသက်ရှင်လာပြီး X-ray ရောင်ခြည်မီးဘောလုံးကြီးကို ထုတ်လွှတ်ပါတော့တယ်။ German Institute မှ သုတေသနအဖွဲ့တစ်ဖွဲ့က ပထဆုံးအကြိမ်အဖြစ် ထိုကဲ့သို့ X-ray ပေါက်ကွဲမှု ကို စူးစမ်းလေ့လာနိုင်ခဲ့ပါတယ်။

          “ဒါကထီပေါက်တာလိုမျိုးပါပဲ။ တစ်သက်မှာတစ်ခါကြုံရတာပါ။” လို့ Ole Konig က ရှင်းပြပါတယ်။ “ဒီ X-rays တောက်ပမှုဟာ နာရီအနည်းငယ်သာကြာမြင့်ခဲ့ပြီး ဒီဖြစ်စဉ်ကို ခန့်မှန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အချိန်မှန် နေရာမှန်မှာ ဒီပေါက်ကွဲမှုဖြစ်တဲ့ နေရာတိုက်ရိုက်ကို စူးစမ်းလေ့လာမယ့် တိုင်းတာရေးကိရိယာက ညွှန်ပြထားနိုင်တယ်ဆိုမှသာ မြင်တွေ့နိုင်ပါတယ်။” လို့ နက္ခတ္တရူပဗေဒပညာရှင်တွေက ရှင်းပြပါတယ်။

          ဒီဖြစ်ရပ်မှာဆိုရင်တော့ တိုင်းတာရေးကိရိယာက eROSITA X-ray တယ်လီစကုပ် ဖြစ်ပါတယ်။ ဒီတယ်လီစကုပ်က ကမ္ဘာကနေ မိုင်ပေါင်း တစ်သန်းနဲ့တစ်ဝက်အကွာမှာ ရှိပြီး ၂၀၁၉ ခုနှစ်ကနေစလို့ X-rays စစ်တမ်းကောက်ယူမှုတွေကို ပြုလုပ်ဖို့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဂျူလိုင်လ ၇ ရက်နေ့မှာတော့ အစောပိုင်းလေးနာရီလောက်တုန်းက လုံးဝရှင်းလင်းနေတဲ့ ကောင်းကင်ရဲ့နေရာတစ်ခုမှာ ရုတ်တရတ် ပြင်းထန်တဲ့ X-rays ရောင်ခြည်‌ တောက်ပမှုကို တိုင်းတာရရှိခဲ့ပါတယ်။ လေးနာရီကြာပြီးနောက် ဒီနေရာမှာပဲ X-rays စစ်တမ်းကောက်ယူချိန်မှာတော့ ရောင်ခြည်တောက်ပမှုဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။ တိုင်းတာစက်ရဲ့ ဗဟိုချက်မှာ အလွန်တောက်ပခဲ့တဲ့ X-rays မီးတောက်ကြီးဟာ ရှစ်နာရီလောက်တော့ ကြာမြင့်ခဲ့ပါလိမ့်မယ်။

          ဒီလိုမျိုး X-rays ပေါက်ကွဲမှုမျိုးကို လွန်ခဲ့တဲ့ နှစ် ၃၀ လောက်တုန်းက သီအိုရီသုတေသနတစ်တစ်ခုမှာ ခန့်မှန်းခဲ့ပေမယ့် အခုအချိန်မတိုင်ခင်အထိ တိုက်ရိုက်ထောက်လှမ်း တွေ့ရှိခဲ့ခြင်း မရှိပါဘူး။ ဒီလိုမျိုး X-rays မီးဘောလုံးတွေကို ကျွန်တော်တို့နေလောက် အရွယ်အစားရှိတဲ့ ကြယ်ကြီးတွေ သူတို့ရဲ့ ဟိုက်ဒြိုဂျင်လောင်စာ ပြီးနောက် ဟီလီယံ လောင်စာတို့ကို သူတို့ရဲ့ အူတိုင်အတွင်းမှာ အပြီးသတ်လောင်ကျွမ်းမှုမပြီးခင် ကြယ်ရဲ့ မျက်နှာပြင်ပေါ်မှာတွေ့ရတတ်ပါတယ်။ ဒီကြယ်သေကြီးတွေဟာ ကြယ်ဖြူပုအဖြစ် မကျန်ရစ်မီအထိ ကျုံ့ဝင်သွားကြပါတယ်။ ဒီကြယ်ဖြူပုဟာ ကမ္ဘာအရွယ်အစားလောက်သာ ရှိပေမယ့် သူ့ရဲ့ဒြပ်ထုကတော့ ကျွန်တော်တို့ နေနီးပါးလောက်ရှိနိုင်ပါတယ်။ “ဒါကို မြင်နိုင်ဖို့တစ်ခုကတော့ ကျွန်တော်တို့ နေကြီးဟာ ပန်းသီးတစ်လုံးအရွယ်အစားလောက်အထိ ကျုံ့ဝင်သွားတယ်လို့ မြင်ယောင်ကြည့်ဖို့ပါပဲ။ ဒီလိုဆိုရင် ပင်အပ်ထိပ်လောက် အရွယ်အစားရှိတဲ့ ကမ္ဘာက ပန်းသီးလောက်အရွယ်အစား နေကြီးကို ၁၀ မီတာ အကွာ အဝေးကနေ ပတ်နေရပါလိမ့်မယ်။” လို့ Jorn Wilms က ရှင်းပြပါတယ်။

          “novae လို့ခေါ်တဲ့ ဒီလိုဖြစ်စဉ်မျိုးဟာ အချိန်တိုင်းဖြစ်ပေါ်နိုင်ပေမယ့် သူတို့စ ဖြစ်ပေါ်တဲ့ ကာလ (X-rays ထုတ်လွှတ်မှု အမြင့်ဆုံးဖြစ်တဲ့အချိန်) အတွင်း ထောက်လှမ်းဖို့ရာကတော့ တော်တော်ကို ခက်ခဲပါတယ်။” လို့ Dr.Victor က ဆိုပါတယ်။ “ခဏတာ ဖြစ်ပေါ်တဲ့ တောက်ပမှုကို‌ ထောက်လှမ်းရတာတင်မဟုတ်ဘဲ ထုတ်လွှတ်တဲ့ X-rays ရောင်စဉ်က အားပျော့တာကလဲ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ဒီလိုအားပျော့တဲ့ X-rays တွေဟာ သိပ်ပြီးစွမ်းအင်မကြီးမားတာကြောင့် ကြယ်တွေကြားကွက်လပ်က ဓာတ်ငွေ့တွေက အလွယ်တကူစုပ်ယူသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီရောင်စဉ်တန်းလောက်ကို ခပ်ဝေးဝေးမမြင်နိုင်တာကြောင့် ဒါက ကျွန်တော်တို့ တွေ့ရှိနိုင်တဲ့ ဝတ္ထုအရေအတွက် ပေါ် အကန့်အသတ်ဖြစ်စေပါတယ်။ တယ်လီစကုပ်အများစုက စုယ်ယူမှုကို သတိထားရတာကြောင့် အားကောင်းတဲ့ X-rays အတွက်သာ အဓိကဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒါကပဲ ဒီလိုဖြစ်စဉ်မျိုးကို ကျွန်တော်တို့ လွတ်သွားခဲ့ရတဲ့ အကြောင်းအရင်း ဖြစ်ပါလိမ့်မယ်။” လို့ Victor Doroshenko က ကောက်ချက်ချပါတယ်။

ကြယ်သေများသည် ကျောက်မျက်ရတာများနှင့် ဆင်တူပါသည်။

          တစ်ဖက်မှာလဲ အကယ်လို့ သင်က ပန်းသီးတစ်လုံးကို ပင်အပ်ခေါင်းအရွယ်အစားလောက် ချုံလိုက်တယ်ဆိုရင် ဒီခေါင်းသေးသေးလေးမှာ ပန်းသီးတစ်လုံးရဲ့ အလေးချိန် ရောက်ရှိသွားပါလိမ့်မယ်။ “ကြယ်ဖြူပုတစ်လုံးပေါ်က လက်ဖက်ရည်ဇွန်းတစ်စွန်းစာက ကမ္ဘာပေါ်က မြို့တစ်မြို့စာလောက်ရှိပါတယ်။” လို့ Jorn Wilms က ဆက်ပြောပါတယ်။ ဒီလို လောင်ကျွမ်းပြီးသား ကြယ်တွေဟာ အဓိကအားဖြင့် ကာဗွန်၊ အောက်စီဂျင်တို့နဲ့သာ ပြုလုပ်ထားတာကြောင့် သူတို့ကို အာကာအတွင်းမှာ လွင့်မျောနေတဲ့ ကမ္ဘာအရွယ်အစား ဧရာမစိန်တုံးကြီးတွေနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ ဒီလို တန်ဖိုးကြီးမားတဲ့ ကျောက်တုံးပုံစံဖြစ်နေတဲ့ ဒီဝတ္ထုကြီးတွေဟာ အလွန်ပူပြင်းလွန်းတဲ့အတွက် အဖြူရောင်နဲ့တောက်ပနေကြပါတယ်။ ဒါပေမယ့် သူတို့ကထွက်ပေါ်လာတဲ့ ရောင်ခြည်က အားပျော့တဲ့အတွက်ကြောင့် ကမ္ဘာမှ ထောက်လှမ်းဖို့ အလွန်ခက်ခဲပါတယ်။

          ဒါက ကြယ်ဖြူပုတစ်စင်းဟာ အဖော်ကြယ်တစ်စင်းနဲ့ အတူလှည့်မပတ်နေဘူး၊ သူ့ရဲ့အဖော်ကြယ်ဆီက ဟိုက်ဒြိုဂျင်ကို ဒြပ်ဆွဲအားနဲ့ ဆွဲယူမနေသေးဘူးဆိုရင်တော့ မှန်ကန်ပါသေးတယ်။ “အချိန်ကြာလာတာနဲ့အမျှ ဒီဟိုက်ဒြိုဂျင်ဟာ ကြယ်ဖြူပုပေါ်မှာ မီတာအနည်းငယ်လောက်ထူတဲ့ အလွှာတစ်ခုအဖြစ် စုပုံလာပါတယ်။” လို့ Jorn Wilms ဆိုပါတယ်။ ဒီအလွှာမှာ အလွန်ပြင်းထန်တဲ့ ဒြပ်ဆွဲအားက ဧရာမဖိအားတစ်ခုကို ထုတ်လုပ်ပြီး ဒီဖိအားကလဲ အလွန်ပြင်းထန်တာကြောင့် ကြယ်ကိုတစ်ဖန်ပြန်ပြီး တောက်လောင်စေပါတော့တယ်။ ဆက်တိုက်ဓာတ်ပြုမှုတစ်ခုကနေတစ်ဆင့် ဟိုက်ဒြိုဂျင်အလွှာ ကွဲထွက်တဲ့အချိန်မှာ ဧရာမပေါက်ကွဲမှုကြီးတစ်ခုကို ထုတ်လုပ်ပါတော့တယ်။ eROSITA တယ်လီစကုပ် ထောက်လှမ်းမိတာကလဲ ဒီလိုပေါက်ကွဲမှုမျိုးပဲ ဖြစ်ပါတယ်။

          “ကြယ်ဖြူပုတစ်စင်းရဲ့ လေထုကနေလာတဲ့ X-rays ထုတ်လွှတ်မှုရဲ့ ရုပ်ပိုင်းဆိုင်ရာ ဇစ်မြစ်အတွက် အနည်းငယ်သာ နားလည်သိရှိထားပြီး သူတို့ရဲ့ရောင်စဉ်ကို first principles ‌တွေကနေတော့ မော်ဒယ်တည်ဆောက်နိုင်ပါတယ်။ လေ့လာတွေ့ရှိချက်နဲ့ သီအိုရီမော်ဒယ်တွေကို နှိုင်းယှဉ်ခြင်းအားဖြင့် ဒီဝတ္ထုတွေနဲ့ပတ်သက်တဲ့ အခြေခံဂုဏ်သတ္တိတွေကို ကျွန်တော်တို့ လေ့လာနိုင်ပါတယ်။ ဥပမာအားဖြင့် သူတို့ရဲ့ အလေးချိန်၊ အရွယ်အစား သို့မဟုတ် သူတို့ရဲ့ ဓာတုဖွဲ့စည်းတည်ဆောက်ပုံတို့ ဖြစ်ပါတယ်။” လို့ Dr.Valery Suleimanov က ဆိုပါတယ်။

          ရလဒ်တွေအရတော့ ဒီကြယ်ဖြူပုဟာ နေဒြပ်ထုနီးပါးရှိပြီး အတော်လေးကြီးတဲ့ထဲမှာ ပါတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ အပူချိန် ၃၂၇ ၀၀၀ ကယ်ဗင်လောက်ရှိတဲ့ မီးတောက်တစ်ခုကို ထုတ်လွှတ်ခဲ့ပါတယ်။ ဒါက နေထက် အဆ ၆၀ လောက်ပိုပြီး ပူပြင်းပါတယ်။

          ဒီနိုဗာတွေဟာ သူတို့ရဲ့လောင်စာကို အလျင်အမြန် လောင်ကျွမ်းကြတာကြောင့် အလျင်အမြန်ပဲ အေးမြသွားပြီး X-rays ရောင်ခြည်ကလည်း မြင်နိုင်တဲ့အလင်းရောက်သည့် တိုင်အောင် ပို ပိုပြီး အားပျော့လာတတ်ပါတယ်။ ဒီမြင်နိုင်တဲ့အလင်းက eROSITA နဲ့ ထောက်လှမ်းပြီး တစ်ရက်ခွဲအကြာမှာ ကမ္ဘာကို ရောက်လာခဲ့ပါတယ်။ “အတော်လေး တောက်ပတဲ့ကြယ်တစ်စင်းဟာ ကောင်းကင်မှာပေါ်လာပြီး ပျောက်သွားတယ်။ တကယ် တော့ ဒါက ပေါက်ကွဲမှုက ထွက်ပေါ်လာတဲ့ မြင်နိုင်တဲ့အလင်းပဲ ဖြစ်ပါတယ်။ ဒါက အလွန် တောက်ပလွန်းတဲ့အတွက် နေ့ခင်းကြောင်တောင်မှာတောင် သာမန်မျက်စိနဲ့ မြင်နိုင်ပါ တယ်။” လို့ Ole Konig က ဆိုပါတယ်။ “ဒီလိုအသစ်ပေါ်လာတဲ့ ကြယ်တွေကို အရင်တုန်းကတော့ steller novae တွေလို့ အမည်ပေးခဲ့ပါတယ်။ ဒီလိုနိုဗာတွေဟာ X-rays တောက်ပမှုပြီးမှသာ မြင်နိုင်တာကြောင့် ဒီလိုဖြစ်စဉ်မျိုးကို ခန့်မှန်းနိုင်ဖို့ အလွန်ခက်ခဲ ပါတယ်။ ဒီလို X-ray ထောက်လှမ်းစက်မှာ လာပေါ်တာဟာ ကြုံတောင့်ကြုံခဲ ဖြစ်စဉ်မျိုး ပါပဲ။ “ကျွန်တော်တို့ တော်တော်လေးကံကောင်းတာပါ။” လို့ Ole Konig က ဆိုပါတယ်။

ကိုးကား

For the first time, researchers have observed an X-ray explosion on a white dwarf (phys.org)    

         

           

         

Comments

Popular posts from this blog

နျူထရွန်ကြယ်များ တိုက်မိရာမှ မဂ္ဂနက်တာများ ဖြစ်ပေါ်လာခြင်းအတွက် သက်သေ အထောက်အထား။

နာဆာရဲ့ ကမ္ဘာဂြိုဟ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ပထမဆုံး စမ်းသပ်မှုကို ဒီးဒီးမို့စ် စုံတွဲဂြိုဟ်သိမ်ဂြိုဟ်မွှားစနစ်မှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

“Ingenuity” အမည်ရှိ မားစ်ဟယ်လီကော်ပတာသည် Perseverance Rover Land အား ကူညီပေးခဲ့သော ဂီယာအား ထောက်လှမ်းတွေ့ရှိခဲ့။