အသေးစိတ်အကျဆုံး နဂါးငွေ့တန်းဂလက်စီ စစ်တမ်းကောက်ယူမှုတွင် ဂီရာဂြိုဟ်တု မြင်တွေ့ခဲ့သော ထူးဆန်းသောကြယ်များ။

 


          ဂီရာဟာ ESA မစ်ရှင်တစ်ခုဖြစ်ပြီး နဂါးငွေ့တန်းဂလက်စီရဲ့ တိကျသေချာပြီး ပြီးပြည့်စုံတဲ့ သုံးဖက်မြင်ပုံရိပ်တစ်ခု ဖန်တီးနိုင်ဖို့ စေလွှတ်ထားတာ ဖြစ်ပါတယ်။ ဒါက နက္ခတ္တဗေဒပညာရှင်တွေကို နဂါးငွေ့တန်းဂလက်စီရဲ့ တည်ဆောက်ပုံနဲ့ လွန်ခဲ့တဲ့ နှစ်ဘီလီယံပေါင်းများစွာက ဆင့်ကဲပြောင်းလဲမှုကို ပြန်လည်တည်ဆောက်နိုင်ဖို့၊ ကြယ်သံသရာလည်ပုံတွေနဲ့ စကြဝဠာအတွင်းမှာ ကျွန်တော်တို့ အခန်းကဏ္ဍက ဘယ်လို ရှိသလဲဆိုတာကို ပိုပြီးနားလည်နိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။

          အခုနောက်ဆုံး ဂီရာထုတ်ဝေခဲ့တဲ့ ဒေတာတွေမှာတော့ နဂါးငွေ့တန်းဂလက်စီအတွင်းက ကြယ်ပေါင်း ၂ ဘီလီယံအတွက် သစ်ဆန်းပြီး ပိုမိုကောင်းမွန်တဲ့ အသေးစိတ် အချက်အလက်တွေပါဝင်လာခဲ့ပါတယ်။ ဒီကတ်တလောက်ထဲမှာဆိုရင် ဓာတုဖွဲ့စည်းတည်ဆောက်ပုံတွေအပါအဝင် ကြယ်တွေရဲ့ အပူချိန်၊ အရောင်၊ ဒြပ်ထု၊ သက်တမ်းနဲ့ ကျွန်တော်တို့ဆီကနေ သို့မဟုတ် ကျွန်တော်တို့ဆီကို ရွေ့နေတဲ့ အလျင်တို့ပါ ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင်ဒေတာတွေထဲမှာ ကြယ်တွေရဲ့ အထူးအမျိုးအစားခွဲတွေ လဲ ပါဝင်လာခဲ့ပါတယ်။

          ဒါတွေအပြင် ဒီဒေတာထဲမှာ ကြယ်စုံတွဲတွေ၊ နေအဖွဲ့အစည်း ပစ္စည်းတွေဖြစ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ၊ ဂြိုဟ်တွေရဲ့ ဂြိုဟ်ရံလတွေ၊ ဂလက်စီသန်းပေါင်းများစွာနဲ့ နဂါးငွေ့တန်းအလွန်က ကွေဆာတွေပါဝင်တဲ့ အကြီးဆုံးကတ်တလောက်ကြီးကိုလဲ ဖန်တီးထားပါသေးတယ်။

ကြယ်ငလျင်များ

          ဒီဒေတာအသစ်က ရရှိလာတဲ့ ထူးဆန်းတဲ့ တွေ့ရှိမှုတစ်ခုကတော့ ဂီရာဟာ ကြယ်မျက်နှာပြင်ပေါ်က လှုပ်ရှားမှုအသေးလေးတွေဖြစ်တဲ့ ကြယ်ငလျင်တွေကို ထောက်လှမ်း နိုင်ခြင်းဖြစ်ပါတယ်။ ဒါတွေက ကြယ်ရဲ့ပုံပန်းသွင်ပြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဂီရာဟာ ဒါတွေကို ထောက်လှမ်းဖို့ ဒီဇိုင်းဆွဲတည်ဆောက်ထားတာ မဟုတ်ပါဘူး။

          လတ်တလောကဆိုရင် ဂီရာဟာ စက်လုံးပုံသဏ္ဍာန်ကို ထိန်းသိမ်းနေရင်းနဲ့ ကြယ်ကို အချိန်မှန်မှန် ကျုံ့လိုက်ဆန့်လိုက် ဖြစ်စေနိုင်တဲ့ radial oscillation တွေကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂီရာက နောက်ထပ် ပြင်းထန်တဲ့ တုန်ခါမှုတွေကိုလဲ ထောက် လှမ်းနိုင်ခဲ့ပါသေးတယ်။ ဒီလို nonradial oscillation တွေက ကြယ်တစ်ခုလုံးရဲ့ ပုံပန်း သွင်ပြင်ကို ပြောင်းလဲစေနိုင်တာကြောင့် ထောက်လှမ်းရလည်း ပိုခက်တာ ဖြစ်ပါတယ်။

          ကြယ်ထောင်ပေါင်းများစွာမှာ ပြင်းထန်တဲ့ nonradial starquakes တွေကိုလဲ ဂီရာ တွေ့ရှိထားပါတယ်။ ဒါ့အပြင် ဂီရာက ဒီလိုတုန်ခါမှုမျိုးတွေကို အရင်ကမြင်ရခဲတယ်လို့လဲ ဖော်ပြနေပါတယ်။ လက်ရှိသီအိုရီတွေအရဆိုရင် ဒီကြယ်တွေမှာ ဒီလိုကြယ်ငလျင်မျိုး မရှိ သင့်ပါဘူး။

          “ကြယ်ငလျင်တွေကနေပြီးတော့ ကြယ်တွေနဲ့ပတ်သက်ပြီး အများကြီး ကျွန်တော်တို့ကို သင်ပြနိုင်ပါတယ်။ အဓိကအားဖြင့်တော့ သူတို့ရဲ့ အတွင်းပိုင်းလုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ ဂီရာက ဒြပ်ထုမြင့်ကြယ်ကြီးတွေရဲ့ “astroseismology” ဘာ သာရပ်အတွက် အခွင့်အလမ်းတစ်ခု ဖွင့်ပေးလိုက်တာပဲ” လို့ Gaia collaboration member တစ်ယောက်ဖြစ်တဲ့ Conny Aerts က ဆိုပါတယ်။

ကြယ်တွေရဲ့ DNA

          ကြယ်တွေဘာနဲ့ပြုလုပ်ထားသလဲဆိုတာက သူတို့ရဲ့မွေးရပ်ဇာတိနဲ့ ဘယ်ကို ပြောင်းရွေ့သွားခဲ့သလဲဆိုတာ ပြောပြနိုင်ပြီး နဂါးငွေ့တန်းဂလက်စီရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ပြောပြနိုင်တာ ဖြစ်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ ဒေတာမှာ ဂီရာက နေအဖွဲ့အစည်းအိမ်နီးချင်းတွေကနေ ကျွန်တော်တို့အနားက ဂလက်စီငယ်လေးတွေအထိ ပါဝင်တဲ့ အကြီးမားဆုံးဓာတုမြေပုံတစ်ခုကို ဖော်ပြနိုင်ခဲ့ပါတယ်။

          တချို့ကြယ်တွေဟာ ကျွန်တော်တို့နေထက် ပိုပြီး “လေးလံတဲ့ သတ္တု” တွေ ပါဝင် ကြပါတယ်။ မဟာပေါက်ကွဲမှုဖြစ်စဉ်အတွင်းမှာ ပေါ့ပါးတဲ့ဒြပ်စင်တွေ (ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံ) တို့သာ ဖြစ်ပေါ်နိုင်ခဲ့ပါတယ်။ အခြားလေးလံတဲ့ဒြပ်စင်တွေ (နက္ခတ္တဗေဒပညာ ရှင်တွေကတော့ သတ္တုတွေလို့ ခေါ်ပါတယ်) ဟာ ကြယ်တွေရဲ့အတွင်းပိုင်းမှာ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ ကြယ်တွေသေဆုံးတဲ့အခါ စူပါနိုဗာပေါက်ကွဲမှုနဲ့အတူ ဒီသတ္တုတွေကို ကြယ်တွေကြားကွက်လပ်လို့ခေါ်တဲ့ “intersteller space” ထဲကို စေလွှတ်လိုက်ပါတယ်။ ကြယ်ဖြစ်ပေါ်နှုန်းနဲ့ သေဆုံးနှုန်း မြင့်တဲ့ ဒေသတစ်ခုဟာ သတ္တုပေါကြွယ်ဝ တဲ့ ပတ်ဝန်းကျင်တစ်ခုဆီကို ဦးတည်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကြယ်တစ်ခုရဲ့ ဓာတု ဖွဲ့စည်းပုံဟာ DNA တစ်ခုလိုဖြစ်ပြီး သူ့ရဲ့ဇာတိအရပ်နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ သတင်း အချက်အလက်ကို ကျွန်တော်တို့ကို ပေးစွမ်းနိုင်ပါတယ်။

          ဂီရာကျေးဇူးနဲ့ ကျွန်တော်တို့ ဂလက်စီအတွင်းက ကြယ်တချို့ဟာ ရှေးဦးမူလ ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး နေလိုမျိုးကြယ်တွေကတော့ အရင်တုန်းက ကြယ်မျိုးဆက် တွေက ရတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်ဆိုတာ ကျွန်တော်တို့ သိနိုင်ပါတယ်။ ကျွန် တော်တို့ ဂလက်စီရဲ့ ပြင်ညီမျက်နှာပြင်နဲ့ ဗဟိုချက်နဲ့ နီးတဲ့ ကြယ်တွေဟာ ဝေးတဲ့အရပ်က ကြယ်တွေထက် သတ္တုပိုပြီး ပေါကြွယ်ဝပါတယ်။ ဓာတုဖွဲ့စည်းပုံပေါ် အခြေခံပြီး ကျွန် တော်တို့ ဂလက်စီမဟုတ်တဲ့ တခြားဂလက်စီတွေကနေ အစပြုလာတဲ့ ကြယ်တွေကိုလဲ အတည်ပြုနိုင်ခဲ့ပါတယ်။

          “ဒီလိုကွဲပြားခြားနားမှုတွေက အရေးကြီးပါတယ်။ အကြောင်းကတော့ ဒါက ကျွန်တော်တို့ဂလက်စီဖြစ်ပေါ်ပုံ သမိုင်းကြောင်းကို ပြောပြနိုင်ပါတယ်။ ကျွန်တော်တို့ ဂလက်စီအတွင်းမှာ ရွှေ့ပြောင်းမှုတွေနဲ့ တခြားအပြင်ဘက်က ဂလက်စီကနေ စုပြုံမှုတွေ ကိုလဲ ဖော်ပြနေပါတယ်။” လို့ နောက်ထပ် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ de la Cote d’Azur က ဆိုပါတယ်။

ကြယ်စုံတွဲများ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ကွေဆာများ

          ယမန်နေ့ကထုတ်ပြန်ခဲ့တဲ့ တခြားစာတမ်းတွေမှာ ဂီရာတွေ့ရှိမှုအလားအလာရဲ့ အတိမ်အနက်နဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေပါဝင်ပါတယ်။ ကြယ်စုံတွဲကတ်တလောက် ကအသစ်ကနေပြီးတော့ ကြယ်စုံတွဲစနစ်ပေါင်း ၈၀၀၀ ကျော်ရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ ဒြပ် ထု တွေကို ဖော်ပြထားပါတယ်။ ကျောက်စိုင်ကျောက်ခဲပစ္စည်း ၁၅၀ ကျော်ပါဝင်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား စစ်တမ်းကောက်ယူမှုအသစ်ကတော့ နေအဖွဲ့အစည်းရဲ့ ဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်းတူးဆွနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂီရာက ပြောင်းလဲနေတဲ့ကြယ်ပေါင်း ၁၀ သန်း၊ ကြယ်တွေကြားက ထူးဆန်းတဲ့ macro-molecules တွေအပြင် ကျွန်တော်တို့ ဂလက်စီအလွန်က ဂလက်စီတွေနဲ့ ကွေဆာတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ထုတ်ပြန်ခဲ့ပါသေးတယ်။

          “ဝတ္ထုတစ်ခုတည်းကို ပစ်မှတ်ထား စေလွှတ်တဲ့ တခြားမစ်ရှင်တွေနဲ့ မတူတာက တော့ ဂီရာ survey mission တစ်ခု ဖြစ်ခြင်းပါ။ ဒါက ကြယ်ဘီလီပေါင်းများစွာကို အကြိမ် ပေါင်းများစွာ စစ်တမ်းကောက်ယူရခြင်းဖြစ်လို့ တခြားမစ်ရှင်တွေ လွတ်သွားနိုင်တဲ့ တွေ့ရှိ မှုတွေကို ပြုလုပ်နိုင်ခြင်းဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါကသူ့ရဲ့အားသာချက်တစ်ခုဖြစ်ပြီး ရရှိထားတဲ့ ဒေတာအသစ်တွေကို ကြည့်ပြီး ကျွန်တော်တို့ ဂလက်စီနဲ့ အနီးအနားက အရာ တွေကို အကြောင်းကို ရှာတွေဖို့ မစောင့်နိုင်တော့ဘူး” လို့ Project scientist ဖြစ်တဲ့ Timo Prusti က ဆိုပါတယ်။

ကိုးကား

Gaia sees strange stars in most detailed Milky Way survey to date (phys.org)   

           

  

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။