ဗီးနပ်စ်ဂြိုဟ်ရဲ့လေထုထဲမှာ အသက်ဇီဝရှိနေနိုင်သလား။

 


          လေ့လာမှုအသစ်တစ်ခုအရ ဗီးနပ်စ်ဂြိုဟ်ရဲ့လေထုအတွင်းက ဆာလ်ဖာရဲ့ ပုံမှန် မဟုတ်တဲ့အပြုအမူကို “လေနေ” ပြင်ပသက်ရှိပုံစံနဲ့ မရှင်းပြနိုင်ဘူးလို့ ဆိုပါတယ်။

          ကန်းဘရစ်တက္ကသိုလ်က သုတေသီတွေဟာ နက္ခတ္တဗေဒပညာရှင်တွေ ဆယ်စုနှစ်ကြာ ခန့်မှန်းထားတဲ့ “တိမ်တိုက်အတွင်းမှ သက်ရှိများ” အယူအဆကို စမ်းသပ်နိုင်ဖို့ ဇီဝဓာတုဗေဒနဲ့ လေထုဓာတုဗေဒနှစ်ခုစလုံးကို အသုံးပြုခဲ့ပြီး ဗီးနပ်ဂြိုဟ်ရဲ့ လေထုကို သက်ရှိဇီဝက မဖြေရှင်းနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

          လုံလုံလောက်လောက် ပေါများတဲ့ ဘယ်သက်ရှိပုံစံမျိုးမဆို အစာစားသောက်ရပြီး ပြန်လည်စွန့်ထုတ်ရတာကြောင့် ဂြိုဟ်ရဲ့လေထုအတွင်းမှာ ဓာတုလက်ဗွေရာတွေကို ချန်ရစ်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဗီးနပ်စ်ရဲ့လေထုမှာတော့ ဒီလိုလက်ဗွေရာမျိုး မတွေ့ရပါဘူး။

          အကယ်လို့ ဗီးနပ်စ်မှာ သက်ရှိကင်းမဲ့နေတယ်ဆိုရင်တောင် သူတို့ရဲ့ရလဒ်က ဂလက်စီတစ်လွှားက အလားတူဂြိုဟ်တွေရဲ့ လေထုကိုလေ့လာနိုင်ဖို့နဲ့ နေအဖွဲ့အစည်း ပြင်ပက သက်ရှိတည်ရှိမှုကို ထောက်လှမ်းနိုင်ဖို့ အသုံးပြုနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

          “လွန်ခဲ့နှစ်နှစ်ကို ဗီးနပ်ဂြိုဟ်ရဲ့ တိမ်တိုက်အတွင်းမှာ ကျွန်တော်တို့ တွေ့မြင်ရတဲ့ ထူးဆန်းတဲ့ ဆာလ်ဖာဓာတုဗေဒကို ရှင်းပြနိုင်ဖို့ ကြိုးစားရင်း အချိန်ကုန်ဆုံးခဲ့ကြပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူ ဒေါက်တာပေါ်လ်ရင်မာက ဆိုပါတယ်။ “ရူးကြောင်ကြောင် ဓာတုဗေဒမှာတော့ သက်ရှိဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သက်ရှိပြုလုပ်ဖို့ ကျွန်တော်တို့ မြင်တွေ့နေရတာအတွက် အလားအလာကောင်းတဲ့ဖြေရှင်းချက် ရှိသလား မရှိဘူးလား ဆိုတာကို လေ့လာနေကြပါတယ်။”

          သုတေသီတွေဟာ ဘာသာရပ်နှစ်ခုလုံးကို အသုံးပြုပြီး ဗီးနပ်စ်ဂြိုဟ်လေထုအတွင်းက ဓာတုစွမ်းအင်အရင်းမြစ်မှာ ဖြစ်ပေါ်နိုင်တဲ့ ဓာတုဓာတ်ပြုမှုတွေကို လေ့လာနေကြပါတယ်။

          “ဗီးနပ်ဂြိုဟ်ရဲ့လေထုအတွင်းမှာ ဆာလ်ဖာအခြေပြု “အစားအသောက်များ” ရနိုင်မလားလို့ ကျွန်တော်တို့ လေ့လာကြည့်ပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့ စားချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ရရှိနိုင်တဲ့အဓိကစွမ်းအင်အရင်းအမြစ် ဖြစ်ပါတယ်။” လို့ ပထမစာတမ်းရဲ့ ဦးဆောင်ရေးသားသူ ဆီရန်ဂျော်ဒန်က ဆိုပါတယ်။ “အကယ်လို့ ဒီအစားအစာတွေသာ သက်ရှိတွေရဲ့ စားသုံးခြင်းခံရမယ်ဆိုရင် လေထုအတွင်းမှာ ဆုံးရှုံးသွားတဲ့ သို့မဟုတ် အသစ်တိုးလာတဲ့ ဓာတုပစ္စည်းတွေရဲ့ သက်သေကို ကျွန်တော်တို့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။”

          ဒီမော်ဒယ်မှာ သုတေသီတွေက ဗီးနပ်လေထုရဲ့ အသွင်လက္ခဏာတစ်ခုတည်းကို ကြည့်ရှုခဲ့ကြပါတယ်။ ဒါကတော့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပေါကြွယ်ဝမှုဖြစ်ပါတယ်။ ကမ္ဘာ‌ပေါ်မှာဆိုရင် ဆာလ်ဖာဒိုင်အောက်ဆိုဒ်အများစုဟာ မီးတောင်ပေါက်ကွဲမှုတွေကနေ အများဆုံး လာကြတာဖြစ်ပါတယ်။ ဗီးနပ်စ်ဂြိုဟ်ပေါ်မှာတော့ တိမ်တိုက်အနိမ့်ပိုင်းမှာ ဆာလ်ဖာဒိုင် အောက်ဆိုဒ်ပမာဏပိုများနေပြီး အမြင့်ပေ မြင့်လာတာနဲ့အမျှ လေထုက တစ်နည်းနည်းနဲ့ စုပ်ယူသွားကြပါတယ်။

          “အကယ်လို့ သက်ရှိသာ ရှိခဲ့မယ်ဆိုရင် ဒါက လေထုဓာတုဗေဒကို သက်ရောက်နေတာ ဖြစ်ကိုဖြစ်ရပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူ ဒေါက်တာ အိုလီဗာရှော့တ်လီ က ဆိုပါတယ်။ “ဗီးနပ်စ်ပေါ်မှာ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပမာဏ‌ အများကြီးလျော့ကျမှုက သက်ရှိကြောင့်များ ဖြစ်နိုင်ပါသလား။”

          ဂျော်ဒန်တိုးတက်ခဲ့တဲ့ မော်ဒယ်တွေမှာ သက်ရှိပုံစံတွေ အစာစားဖို့နဲ့ စွန့်ထုတ်ဖို့လုပ်တဲ့ metabolic reactions စာရင်းတစ်ခု ပါဝင်ပါတယ်။ သုတေသီတွေက ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပမာလျော့ကျမှုကို ဒီ metabolic reactions တွေကများ ရှင်းပြ နိုင်မလားလို့ ကြည့်ခဲ့ကြပါတယ်။

           metabolic reactions တွေဟာ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ပမာဏ‌ လျော့ကျမှုကို ဖြစ်စေနိုင်ပေမယ့် ကျွန်တော်တို့ မမြင်ရသေးတဲ့ တခြားမော်လီကျူး ပမာဏများစွာ ထုတ်လုပ်ခြင်းဖြင့်သာ ဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ ဒီရလဒ်က ဂြိုဟ်တွေရဲ့လေထုတွေမှာ အလုပ်လုပ်နေတဲ့ ဓာတုဓာတ်ပြုမှုတွေအပေါ် ကျွန်တော်တို့နားလည်ထားမှုကို တစ်စစီ မပြိုလဲစေဘဲနဲ့ ဗီးနပ်ဂြိုဟ်ပေါ်မှာ သက်ရှိတည်ရှိနိုင်မှုဟာ အတော်လေးခက်ခဲတဲ့ ကိစ္စ တစ်ခုဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

          “ဗီးနပ်ဂြိုဟ်ပေါ်မှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပမာဏ‌အတွက် သက်ရှိဟာ အကြောင်းအရင်းဖြစ်ခဲ့မယ်ဆိုရင်‌တော့ ဗီးနပ်စ်ရဲ့ လေထု ဓာတုဗေဒနဲ့ပတ်သက်ပြီး ကျွန်တော်တို့သိထားသမျှကို တစ်စစီပြိုကွဲပျက်စီးစေပါလိမ့်မယ်။” လို့ ဂျော်ဒန်ကဆိုပါတယ်။ “ကျွန်တော်တို့လဲ သက်ရှိကို အလားအလာရှိတဲ့ ဖြေရှင်းချက်တစ်ခုဖြစ်စေချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မော်ဒယ်တွေကို အသုံးပြုလိုက်တဲ့ အခါမှတော့ ဒါက လက်ခံနိုင်တဲ့အဖြေမဟုတ်ဘူးဆိုတာ တွေ့လာရပါတယ်။ ဒါပေမယ့် ဗီနပ်စ်ပေါ်မှာ ကျွန်တော်တို့ မြင်တွေ့နေရတာအတွက် သက်ရှိတွေက အကြောင်းအရင်း မဟုတ်ဘူးဆိုရင် ဒါကဖြေရှင်းရမယ့် ပြဿနာတစ်ခု ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။”

          ဗီးနပ်စ်ဂြိုဟ်ရဲ့တိမ်တိုက်ထဲမှာ ဆာလ်ဖာစားသောက်ပြီး အသက်ရှင်တဲ့ အသက် ဇီဝတွေရဲ့ သက်သေအထောက်အထား မတွေ့ရသော်လဲ သူတို့ရဲ့ရလဒ်က ဂျိမ်းစ်ဝပ် တယ်လီစကုပ်ကြီး တခြားဂြိုဟ်စနစ်တွေရဲ့ ပုံရိပ်တွေကို ထုတ်ပြန်တဲ့အချိန်မှာ အကျိုးဖြစ် ထွန်းစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ လက်ရှိလေ့လာမှုမှာ အသုံးပြုနေတဲ့ တချို့ဆာလ်ဖာမော်လီကျူးတွေကို ဂျိမ်းစ်အလွယ်တကူမြင်နိုင်တာကြောင့် ကျွန်တော်တို့ အနီးအနားက ပစ္စည်းတွေရဲ့ ဓာတုပြုမူပုံတွေကို လေ့လာခြင်းက ဂလက်စီတစ်ဝိုက်က အခြားအလားတူဂြိုဟ်တွေကို အဖြေရှာရာမှာ သိပ္ပံပညာရှင်တွေကို အကူအညီပေးနိုင်ပါ တယ်။

          “ဘာကြောင့် တချို့ဂြိုဟ်တွေဟာ သက်ရှိရှင်သန်နိုင်သလဲဆိုတာကို နားလည်နိုင်ဖို့ ဘာကြောင့် အချို့ဂြိုဟ်တွေဟာ အသက်ကင်းမဲ့နေရသလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။” လို့ ရှော့တ်လီက ဆိုပါတယ်။ “အကယ်လို့ ဗီးနပ်စ်ဂြိုဟ်ရဲ့တိမ်တိုက်ထဲမှာ သာ သက်ရှိဖြစ်တည်နိုင်တယ်ဆိုရင် ဒါက အခြားဂြိုဟ်တွေပေါ် သက်ရှိလက္ခဏာ ရှာဖွေရာပုံကို လုံးဝပြောင်းလဲပစ်နိုင်ပါတယ်။”

          “အကယ်လို့ ကျွန်တော်တို့ ဗီးနပ်စ်ဂြိုဟ်ကြီးသာ အသက်ကင်းမဲ့နေမယ်ဆိုရင် တောင် အခြားစနစ်တွေထဲက ဗီးနပ်လိုမျိုးဂြိုဟ်တွေမှာ အသက်ဇီဝအရင်းအမြစ်ဖြစ်နိုင် လောက်ပါတယ်။” လို့ ရင်မာကဆိုပါတယ်။

ကိုးကား

No signs (yet) of life on Venus (phys.org)

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။