ဝေးကွာသောအရပ်ရှိဂလက်စီတစ်ခုတွင် စွမ်းအားအကြီးဆုံးပါလ်ဆာတစ်ခု၏ သက်သေ အထောက်အထားအား တွေ့ရှိခဲ့။

 


          VLA Sky Survey (VLASS) ကနေရရှိလာတဲ့ ဒေတာတွေကို သရုပ်ခွဲစိစစ်ရာမှ သက်တမ်းအနုဆုံး နျူထရွန်ကြယ်တစ်စင်းကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ နျူထရွန်ကြယ်တွေဆိုတာကတော့ ဒြပ်ထုမြင့်ကြယ်တစ်စင်းပေါက်ကွဲရာကနေ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ရရှိလာတဲ့ ပုံရိပ်ကနေပြီးတော့ (လည်ပတ်နေတဲ့ ပါလ် ဆာရဲ့ သံလိုက်စက်ကွင်းကြောင့် ဖြစ်ပေါ်လာတဲ့) တောက်ပတဲ့ရေဒီယိုထုတ်လွှတ်မှုဟာ (စူပါနိုဗာပေါ်ကွဲမှုကနေ ကျန်ရစ်ခဲ့တဲ့) သိပ်သည်းတဲ့အမှိုက်စအခွံကြီးနောက်ကနေ ထွက်ပေါ်လာတာဖြစ်ကြောင်း ညွှန်ပြနေခဲ့ပါတယ်။

          VT 1137-0337 လို့ခေါ်တဲ့ ဝတ္ထုဟာ ဂလက်စီပုတစ်ခုဖြစ်ပြီး ကမ္ဘာကနေ အလင်းနှစ် ၃၉၅ သန်းအကွာမှာ တည်ရှိနေပါတယ်။ ဒါက ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ VLASS ပုံရိပ်မှာ ပထဆုံးပေါ်လာခဲ့တာပါ။ ဒီဒေသကိုပဲ ၁၉၉၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ စမ်တမ်း ကောက်ယူမှုမှာတော့ ဒါကိုမတွေ့ခဲ့ရပါဘူး။ ၂၀၁၈ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ နောက်ပိုင်း VLASS စစ်တမ်းကောက်ယူမှုတွေမှာတော့ ဆက်တိုက် ပေါ်နေခဲ့ပါတယ်။

          “ကျွန်တော်တို့ မြင်နေရတာက pulsar wind nebula တစ်ခုဖြစ်နိုင်ပါတယ်။” လို့ အမျိုးသားရေဒီယိုနက္ခတ္တဗေဒဌာနက Dillon Dong က ဆိုပါတယ်။ အလွန်အမင်း လျင်မြန်စွာလည်ပတ်နေတဲ့ နျူထရွန်ကြယ်တစ်စင်းရဲ့ ပြင်းထန်တဲ့ သံလိုက်စက်ကွင်းဟာ အနီးအနားက လျှပ်စစ်ဓာတ် ဆောင်အမှုန်တွေကို အလင်းအလျင်နီးပါးရောက်အောင် အရှိန်မြှင့်တင်တဲ့အခါမှာတော့ pulsar wind nebula တစ်ခု ဖန်တီးဖြစ်ပေါ်လာပါတော့တယ်။

          “သူ့ရဲ့ဝိသေဿလက္ခဏာအရတော့ ဒီပါလ်ဆာဟာ သက်တမ်းအလွန်နုပြီး ၁၄ နှစ်လောက်ပဲရှိလောက်ပါသေးတယ်။ နှစ် ၆၀ သို့မဟုတ် ၈၀ ထက်တော့ မပိုပါဘူး” လို့ Hallinan က ဆိုပါတယ်။ 

          အစောပိုင်း VLA စစ်တမ်းနဲ့ ယှဉ်ရင် VLASS စစ်တမ်းကောက်ယူမှုမှာ သိရှိထားတဲ့ ဂလက်စီတွေနဲ့ ဆက်စပ်နေတဲ့ တောက်ပတဲ့ကြားပိုင်းဝတ္ထုအခု ၂၀ ကို ဖော်ပြနေပါတယ်။

          “ဒီတစ်ခုက ပိုပြီးထူးခြားရတဲ့ အကြောင်းကတော့ သူ့ရဲ့ဂလက်စီမှာ ကြယ်ဖြစ်ပေါ် နှုန်းအလွန်မြင့်နေတာရယ် သူကိုယ်တိုင်ရဲ့ ရေဒီယိုထုတ်လွှတ်မှုရယ်ကြောင့် ဖြစ်ပါတယ်။” လို့ Dong က ဆိုပါတယ်။

          VT 1137-0337 ရဲ့ ဝိသေဿလက္ခဏာတွေကို လေ့လာရာမှာ နက္ခတ္တဗေဒပညာရှင်တွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အမျိုးမျိုးသော ဖြေရှင်းချက်တွေကို ထည့်သွင်းစဉ်းစားခဲ့ရပါ တယ်။ ဒီဖြေရှင်းချက်တွေထဲမှာ စူပါနိုဗာတွေ ဂမ်မာရောင်ခြည်ပေါက်ကွဲမှုတွေ သို့မဟုတ် ဧရာမတွင်းနက်ကြီးတစ်ခုကြောင့် ကြယ်တစ်စင်းစုတ်ဖြဲခံရတဲ့ tidal disruption event တွေပါဝင်ပါတယ်။ သို့ပေမယ့် သုတေသီတွေကတော့ pulsar wind nebula ကသာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

          ဒီဖြစ်ရပ်မှာဆိုရင်တော့ နေထက်ဒြပ်ထုပိုမြင့်တဲ့ ကြယ်တစ်စင်းဟာ စူပါနိုဗာအဖြစ် ပေါက်ကွဲပြီး နျူထရွန်ကြယ်တစ်ခုကို ချန်ရစ်ခဲ့ပါတယ်။ မူလကြယ်ကြီးရဲ့ ဒြပ်ထုအများစုဟာ အမှိုက်အစအနအခွံကြီးအဖြစ်နဲ့ ပေါက်ကွဲထွက်သွားပါတယ်။ နျူထရွန်ကြယ်ကြီးဟာ လျင်လျင်မြန်မြန်လည်ပတ်လာပြီး သူ့ရဲ့ပြင်းထန်တဲ့ သံလိုက်စက်ကွင်းဟာ ပတ်ဝန်းကျင် ဒေသကို သက်ရောက်ပြီး လျှပ်စစ်ဓာတ်ဆောင်အမှုန်တွေကို အရှိန်မြှင့်စေတာကြောင့် ပြင်းထန်တဲ့ ရေဒီယိုရောင်ခြည်ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပါတယ်။

          စစချင်းမှာတော့ ဒီရေဒီယိုလှိုင်းက ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်တဲ့ အမှိုက်အစအန အခွံကြီးနဲ့ ပိတ်ဆို့ခြင်းခံထားရပါတယ်။ ဒီအခွံကြီးပြန့်ကားထွက်လာတဲ့အခါမှတော့ တစ်စထက်တစ်စ သိပ်သည်းဆလျော့ကျသွားတာကြောင့် ပါလ်ဆာက ထွက်ပေါ်လာတဲ့ radio wind nebula ဟာ ဒါကိုဖြတ်သန်းသွားနိုင်တာ ဖြစ်ပါတယ်။

          ဒီဖြစ်စဉ်က ကျွန်တော်တို့ ၁၉၈၈ ခုနှစ်တုန်းက ပထမဆုံးစူးစမ်းလေ့လာမှုနဲ့ ၂၀၁၈ ခုနှစ်တုန်းက VLASS စူးစမ်းလေ့လာမှုကြားမှာ ဖြစ်ပေါ်ခဲ့ပုံရပါတယ်။

          နာမည်အကြီးဆုံး pulsar wind nebula ရဲ့ ဥပမာက တောရပ်စ်ကြယ်တာရာ အတွင်းမှာ ရှိတဲ့ Crab Nebula ဖြစ်ပါတယ်။ ဒါကလည်း ၁၀၅၄ ခုနှစ်တုန်းက စူပါနိုဗာ ပေါက်ကွဲမှုကနေ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတစ်ခုပါပဲ။

          “အခုတွေ့ရှိခဲ့တဲ့ ဝတ္ထုဟာ Crab Nebula ထက် အဆပေါင်း ၁၀၀၀၀၀ ပိုပြီး စွမ်းအင် မြင့်ပုံရပါတယ်။” လို့ Dong က ဆိုပါတယ်။

          Dong က VT 1137-0337 ကို pulsar wind nebula တစ်ခု အဖြစ်နိုင်ဆုံးလို့ ယူဆ ပေမယ့် သူ့ရဲ့သံလိုက်စက်ကွင်းသာ လုံလုံလောက်လောက် ပြင်းထန်မယ်ဆိုရင် ဒါက မဂ္ဂနက်တာ တစ်ခုဖြစ်နိုင်တဲ့ အလားအလာရှိနေပါသေးတယ်။ မဂ္ဂနက်တာဆိုတာကတော့ သံလိုက်စက်ကွင်းအလွန်ပြင်းထန်တဲ့ ဝတ္ထုအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့က ဆန်းကြယ်တဲ့ Fast Radio Bursts (FRBs) တွေရဲ့ ဇစ်မြစ်အတွက် အလားအလာ အကောင်းဆုံး အလျောင်းအလျာလဲ ဖြစ်နေပြန်ပါတယ်။

          “ဒီဖြစ်စဉ်မှာဆိုရင်တော့ သက်ဝင်လှုပ်ရှားနေတဲ့ ပထမဆုံး မဂ္ဂနက်တာတစ်ခုကို ထောက်လှမ်းမိခြင်းဖြစ်ပါမယ်။ ဒါကလည်း တစ်မျိုး စိတ်လှုပ်ရှားဖို့ ကောင်းတာပါပဲ။” လို့ Dong က ဆိုပါတယ်။

ကိုးကား

Astronomers find evidence for most powerful pulsar in distant galaxy (phys.org)

           

         

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။