နေအဖွဲ့အစည်းအတွင်းရှိ အလှပဆုံးသော စနေဂြိုဟ်၏ ခါးပတ်များအား စူးစမ်း လေ့လာခြင်း။
နေအဖွဲ့အစည်းအတွင်းမှာ ကိုယ်ပိုင်ခါးပတ်ကြီးနဲ့ ခန့်ခန့်ညားညားရှိနေတဲ့
ဂြိုဟ်ဟာ စနေဂြိုဟ်လို့ပြောရင်တော့ မှားမယ်မထင်ပါဘူး။ ကျွန်တော်တယ်လီစကုပ် စရတုန်းကလဲ
ဒီဂြိုဟ်ကြီးရဲ့ ခါးပတ်တွေကို ကြည့်လို့မဝပါဘူး။ ထပ်ခါထပ်ခါကြည့်မိပါတယ်။ တကယ်ကို ရင်သပ်ရှုမောစရာအလှတစ်ခုပါပဲ။
ဒါတောင် အသေးစိတ်မြင်ရတာ မဟုတ်ပါဘူး။ နေအဖွဲ့အစည်းအတွင်းက ဓာတ်ငွေ့ဂြိုဟ်တွေအားလုံးမှာ
ကိုယ်ပိုင်ခါးပတ် (ကွင်း) တွေရှိကြပေမယ့် အထင်ရှားဆုံးနဲ့ အထူးခြားဆုံး ကတော့ စနေဂြိုဟ်ကြီးပါပဲ။
ဒီလိုဆိုကျွန်တော်တို့ ဘာကြောင့် ဒါကြီးကို မလေ့လာဘဲ နေကြမှာလဲ။
စနေဂြိုဟ်လို့ဆိုလိုက်ရင် သူ့ကို ခါးပတ်ကြီးနဲ့အမြဲပြေးမြင်မိကြတာပါပဲ။
ကျွန်တော်တို့ သာမန်မျက်စိမှာတော့ ညကောင်းကင်ယံမှာ အလင်းစက်တစ်ခုအနေနဲ့သာ မြင်နိုင်ပေမယ့် သိပ်ဈေးမကြီးတဲ့ တယ်လီစကုပ်တစ်ခုနဲ့တောင် သူ့ရဲ့လှပတဲ့ ခါးပတ် (ကွင်း) ကြီးကို
မြင်နိုင်ပါတယ်။ တယ်လီစကုပ်တွေရဲ့ ဖခင်ကြီးဖြစ်တဲ့ ဂယ်လီလီယိုဟာ ၁၆၁၀ ခုနှစ်မှာ သူ့ရဲ့
မှန်ပြောင်းကို စနေဂြိုဟ်ဘက်ကို လှည့်ကြည့်ခဲ့ပါတယ်။ စစမြင်ခြင်းမှာတော့ စနေဂြိုဟ်ရဲ့
ခါးပတ်ကြီးတွေဟာ စနေဂြိုဟ်ပတ်လည်မှာ ဝန်းရံနေတဲ့ ကြီးမားတဲ့ ဂြိုဟ်ရံလကြီး နှစ်စင်းသာဖြစ်လိမ့်မယ်လို့
တွေးထင်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာ လေ့လာပြီးနောက်မှာတော့ ဒီကွင်းတွေဟာ ပုံသဏ္ဍာန်ပြောင်းလဲ
နေတဲ့အပြင် တစ်ခါတစ်ရံမြင်ကွင်းကနေ ပျောက်ကွယ်သယောင်တောင် ဖြစ်သွားတာကို သတိထားမိခဲ့ပါတယ်။
သို့ပေမယ့် သူ့အချိန်က တယ်လီစကုပ်တွေဟာ အဆင့်အတန်း မမြင့်သေးတာကြောင့် ခါးပတ် (ကွင်း)
တစ်ခုဆိုတာတော့ မသိနိုင်ခဲ့ပါဘူး။ အခုအချိန်မှာ တော့ ဒီလိုကွယ်ပျောက်သွားတဲ့ဖြစ်စဉ်ကို
“ring plane cross” ဆိုတာကို သိနေကြပါပြီ။
ကမ္ဘာရဲ့ဝင်ရိုးဟာ နေပြင်ညီပြင်နဲ့နှိုင်းယှဉ်ရင် ၂၃ ၁/၂ ဒီဂရီစောင်းနေသလိုပဲ
စနေဂြိုဟ်ဟာကလဲ ၂၇ ဒီဂရီတိမ်းစောင်းနေပါတယ်။ ဒါ့ကြောင့် စနေဂြိုဟ်မှာ ရာသီဥတု တွေရှိပါတယ်။
ဒီလိုနဲ့စနေဂြိုဟ်ဟာ နေကိုလှည့်ပတ်ရင်း equinox (နေ့တာညတာ တူချိန်) အချိန်ကာလကို ရောက်လာတဲ့အခါမှာတော့
သူ့ရဲ့ အီကွေတာနဲ့ ခါးပတ်ကြီးရဲ့ ပြင်ညီပြင် (ring plane) ဟာ နေနဲ့တစ်တန်းတည်းဖြစ်သွားပါတယ်။
နေရောင်ခြည်က ခါး ပတ်ကြီးပေါ်ကို ကျရောက်ပေမယ့် သူ့ရဲ့အထူဟာ အလွန်သေးငယ်တာကြောင့် ကမ္ဘာက
ကြည့်မယ်ဆိုရင် ပျောက်သွားသလိုဖြစ်သွားတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ၁၅ နှစ်ကြာ တိုင်းတစ်ခါ
ဖြစ်ပေါ်ပါတယ်။
၁၆၅၅ ခုနှစ် ရောက်တဲ့အချိန်မှာတော့ ခရစ်စတီယန် ဟိုက်ဂန်က ဒီထူးဆန်းတဲ့
ဝတ္ထုတွေဟာ အစိုင်အခဲဝတ္ထုတွေဖြစ်နိုင်ပြီး တိမ်းစောင်းနေတဲ့ ခါးပတ် (ကွင်း) တစ်ခု
ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ပါတယ်။ ၁၆၆၀ ခုနှစ်ရောက်တဲ့အခါမှာတော့ ပီးရီးယား ဆီမွန် လပ်ပလေ့စ်က
ဒီကွင်းတွေဟာ အလွန့်အလွန်သေးငယ်တဲ့ ပစ္စည်းလေးတွေနဲ့ ဖွဲ့စည်းထား တာ ဖြစ်မယ်လို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။
အခုဆိုရင်တော့ စနေဂြိုဟ်ရဲ့ ခါးပတ် (ကွင်း) ဟာ ရေခဲအစိုင်အခဲတွေဖြစ်ပြီး တစ်မီတာကနေ
မီတာဆယ်ဂဏာန်းလောက်အထိ အရွယ်အစား ရှိကြတယ်ဆိုတာ ကျွန်တော်တို့ သိနေကြပါပြီ။
စနေဂြိုဟ်ခါးပတ်ကြီး၏ တည်ဆောက်ပုံနဲ့
ပါဝင်ဖွဲ့စည်းမှု။
အထက်ကဆိုခဲ့သလိုပဲ စနေဂြိုဟ်ရဲ့ ခါးပတ်ကြီးဟာ ရေခဲအစိုင်အခဲများစွာနဲ့
ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သာမန်တယ်လီစကုပ်တစ်ခုနဲ့သာ ကြည့်မယ်ဆိုရင် ဒီခါးပတ်ကြီးဟာ
တစ်သားတည်းရှိနေတဲ့ တစ်ခုတည်းသော ခါးပတ်ကြီးလို့ ထင်ရပေမယ့် သေသေချာချာ လေ့လာကြည့်ချိန်မှာတော့
သူ့မှာ အပိုင်းခွဲပေါင်းများစွာရှိနေတာကို တွေ့ နိုင်ပါတယ်။ တကယ်တော့ စနေဂြိုဟ်မှာ
ခါးပတ် (ကွင်း) ပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့် အထိ ရှိနေကြပါတယ်။
ဒါတွေအားလုံးဟာ အာကာသတယ်လီစကုပ်တွေ၊ အာကာသယာဉ်တွေရဲ့ ကျေးဇူး ကြောင့်သာဖြစ်ပါတယ်။
စနေဂြိုဟ်ကို လေ့လာခဲ့တဲ့ မစ်ရှင်တွေအဖြစ် ၁၉၈၀ ခုနှစ်မှာ ဗွိုင်အေဂျာ ၁ နဲ့ ၂၊ ၁၉၇၉
ခုနှစ်မှာ ပိုင်အိုးနီးယား ၁၁ နဲ့ ၂၀၁၄ ခုနှစ်မှာ ကာစီနီမစ်ရှင်တို့ ကို အသီးသီး စေလွှတ်ခဲ့ပါတယ်။
ဒီထဲမှာတော့ ကာစီနီမစ်ရှင်ဟာ စနေဂြိုဟ်ကို လှည့်ပတ် ပြီး ၁၃ နှစ်ကြာလေ့လာခဲ့တဲ့ တစ်ခုတည်းသော
အာကာသယာဉ်ဖြစ်ခဲ့ပါတယ်။ ဒီယာဉ် ကနေရတဲ့ ပုံရိပ်တွေ၊ ဒေတာတွေကနေတစ်ဆင့် သိပ္ပံပညာရှင်တွေဟာ
စနေဂြိုဟ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်ပေါင်းများစွာရရှိခဲ့ပါတယ်။ နောက်ပြီး ကာစီနီမှာ
ဟိုက်ဂန်လို့ ခေါ်တဲ့ စူးစမ်းယာဉ်တစ်စင်းပါဝင်ခဲ့ပါတယ်။ ဒီယာဉ်ဟာ စနေဂြိုဟ်ရဲ့ အကြီး
ဆုံးသော (နေအဖွဲ့အစည်းအတွင်း အကြီးဆုံးသော) တိုက်တန်လကြီးရဲ့ လေထုထဲကို ဝင်ရောက်ခဲ့ပြီး
တိုင်တန်ရဲ့ ရင်သပ်ရှုမောဖွယ် ပုံရိပ်တွေကို ပြန်ပို့ပေးနိုင်ခဲ့ပါသေးတယ်။
ခါးပတ်(ကွင်း) တွေဟာ မြောက်များစွာ ရှိကြပေမယ့် အဓိကအားဖြင့် သူတို့ကို
အပိုင်း ၇ ပိုင်းခွဲထားပါတယ်။ သူတို့တွေ့ရှိချိန်ပေါ်မူတည်ပြီး အက္ခရာအစဉ်လိုက်တိုင်း
ပေးထားပါတယ်။ အဓိက ကွင်းကြီးသုံးခုကတော့ A, B နဲ့ C တို့ ဖြစ်ကြပါတယ်။ D ring က တော့
စနေဂြိုဟ်နဲ့ အနီးကပ်ဆုံးဖြစ်ပြီး အမှေးမှိန်ဆုံးဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ ဗွိုင်အေ
ဂျာ ၁ က Ring D ကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ring F ကတော့ A ရဲ့ အပြင်ဘက်မှာ ရှိပြီး
G နဲ့ E ကတော့ ပိုပြီးဝေးကွာတဲ့ အပြင်ဘက်မှာရှိနေပါတယ်။
စနေဂြိုဟ်ရဲ့ ခါးပတ်ကြီး ဘယ်လောက်ကျယ်ပြန့်သလဲဆိုရင် ကမ္ဘာ ခြောက်လုံးလောက်ထားလို့ရပါတယ်။
အချက်အလက်တွေအရတော့ သူ့ရဲ့ ခါးပတ်ကြီးဟာ ၂၈၂၀၀၀ ကီလိုမီတာအကွာအထိ ရှိတယ်လို့ ဆိုပါတယ်။
ဒီကွင်းတွေဟာ တစ်ဆက်တည်းမဟုတ်ဘဲ တစ်ခုနဲ့တစ်ခုကွာဟနေတာကြောင့် သူတို့ထဲကအကြီးဆုံး ကွာဟမှုက
Ring A နဲ့ B ကြားမှာ ရှိတဲ့ Cassini Division ပဲ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နိုင်
ပါတယ်။ အင်မတန်ကျယ်ပြောလှတဲ့ ဒီကွင်းကြီးတွေရဲ့ အထူကတော့ မီတာသုံးရာလောက်သာရှိကြပါတယ်။ ဒီလိုကွင်းတွေကြားမှာ ကွက်လပ်ကြီးတွေနဲ့ တည်ဆောက်ပုံတွေရှိခြင်းဟာ ဂြိုဟ်ရံလတွေရဲ့သက်ရောက်မှုကြောင့်ဖြစ်ပြီး
တချို့ဖြစ်ရပ်တွေမှာတော့ ဘာကြောင့် ဖြစ်တယ်ဆိုတာ ပဟေဠိဖြစ်နေရဆဲ ဖြစ်ပါတယ်။
ဒီလိုရင်သပ်ရှုမငြီးဖွယ် ခါးပတ်ကြီးဟာ
ဘယ်လိုဖြစ်လာခဲ့ပါသလဲ။
ဒီအတွက် ကျွန်တော်တို့ သီအိုရီနှစ်ခုရှိပါတယ်။
တစ်ခုကတော့ နေအဖွဲ့အစည်း စတင်ဖြစ်ပေါ်ကတည်းက ကြွင်းကျန်ရစ်ခဲ့တဲ့ အမှုန်တွေကနေ တစ်ဆင့်ဖြစ်ပေါ်လာတာ
ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လပြိုကွဲခြင်းသီအိုရီဖြစ်ပါတယ်။ စနေဂြိုဟ်ဟာ နေအဖွဲ့အစည်းအတွင်းမှာ
ဂြိုဟ်ရံလစနစ်အများဆုံးဖြစ်ပြီး စုစုပေါင်း ၈၂ ခုရှိပါတယ်။ ဒါ့ ကြောင့်မလို့ သူ့ရဲ့
နုနယ်တဲ့သက်တမ်းကာလအတွင်းမှာ တချို့သော လတွေဟာ စနေ ဂြိုဟ်နားကို ဝင်ရောက်လာနိုင်ပြီး
စနေဂြိုဟ်ရဲ့ tidal force တွေကြောင့် တစ်စစီစုတ်ပြတ် ပျက်စီးသွားနိုင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ သင်သာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံကာလကို
မြင်နိုင်မယ်ဆိုရင်တော့ စနေဂြိုဟ်မှာ ခါးပတ် (ကွင်း) တွေကို တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ စနေဂြိုဟ်ရဲ့ ခါးပတ် (ကွင်း) တွေဟာ သိပ်မကြာ
သေးခင်ကာလကမှ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ကာစီနီဒေတာတွေအရတော့
ဒီကွင်းတွေဟာ လွန်ခဲ့တဲ့နှစ်ရာဂဏန်းလောက်ကမှ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နက္ခတ္တအချိန်ကာလနဲ့ကြည့်မယ်ဆိုရင်တော့ ဒါက မျက်စိတစ်မှိတ်စာလောက်ပဲ ရှိပါတယ်။
ခါးပတ် (ကွင်း) များ၏ အနာဂတ်
စနေဂြိုဟ်ရဲ့ ခါးပတ် (ကွင်း) တွေဟာ သေချာတဲ့အခြေအနေမှာ ရှိနေတာတော့
မဟုတ်ပါဘူး။ ဒီကွင်းတွေဘယ်လို ပျောက်ကွယ်သွားမလဲ ဆိုတာအတွက် သီအိုရီတွေ အများကြီးရှိပါတယ်။
သေချာတာကတော့ သိပ်မကြာခင်အချိန်အတွင်းမှာ ပျောက်ကွယ် သွားတော့မှာပါ။ တစ်ခုခုက စနေဂြိုဟ်နားကပ်လာတဲ့အချိန်မှသာ
ကွင်းအသစ်တွေ ဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စနေဂြိုဟ်ရဲ့ မြောက်များစွာသော
ဂြိုဟ် ရံလတွေဟာ ဒီကွင်းတွေကို စနစ်ထဲက အမြဲကန်ထုတ်နေတာမလို့ အမြဲဆုံးရှုံးမှုနဲ့ ကြုံနေ
ရပါတယ်။ ဒါ့အပြင် စနေဂြိုဟ်စနစ်ထဲကျရောက်လာတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေနဲ့ ဥက္ကာခဲ
တွေကလဲ ဒီအမှုန်တွေကို ကန်ထုတ်နေပါသေးတယ်။
ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းက ဓာတ်ငွေ့ဂြိုဟ်ဘီလူးကြီး
စနေဂြိုဟ်ရဲ့ ခါးပတ် (ကွင်း) တွေအကြောင်း တော်တော်လေး သိသွားပြီ ထင်ပါတယ်။ ဒါ့ကြောင့်မလို့
ဆောင်းပါးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။ နောက်တစ်ပတ်မှာလဲ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့
ဆောင်းပါးတွေ တင်ပေးဦးမှာမလို့ ဆက်လက်ဖတ်ရှုပေးပါဦးလို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
All photos are credited
to Google
သိပ္ပံဆောင်းပါးများ ဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်။
ကိုးကား
Saturn's Rings:
Composition, Characteristics & Creation | Space
Why Does Saturn Have
Rings Around It? (thoughtco.com)
#newsetin
Comments
Post a Comment