စူပါနိုဗာပေါက်ကွဲမှုမှ ရှင်ကျန်ရစ်ခဲ့သော ကြယ်တစ်စင်း။
By Sandy Seale and Harrison Tasoff, University of California - Santa Barbara
ဆောင်းပါးတို (ဘာသာပြန်)
ကျွန်တော်တို့ သိထားတဲ့အတိုင်းပဲ စူပါနိုဗာတွေဆိုတာကတော့ ကြယ်တစ်စင်း
အလွန်ပြင်းထန်သော စွမ်းအင်နဲ့အတူ ပေါက်ကွဲတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ များသောအားဖြင့်တော့
သာမိုနျူကလိယစူပါနိုဗာတွေဟာ ဘာမှမကျန်ရစ်တော့သည်အထိ ကြယ်ဖြူပုတစ်စင်း အပြီးတိုင် ပျက်စီးသွားပြီဖြစ်ကြောင်း
အချက်ပြခြင်း ဖြစ်ပါတယ်။ အနည်းဆုံးတော့ ဒါက မော်ဒယ်နဲ့ လေ့လာတွေ့ရှိချက်တွေက ခန့်မှန်းထားချက်တွေ
ဖြစ်ပါတယ်။
ဒီတော့ နက္ခတ္တဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က ထူးဆန်းတဲ့ သာမိုနျူကလိယ
စူပါနိုဗာ တစ်ခုဖြစ်တဲ့ စူပါနိုဗာ SN 2012Z ကို ဟယ်ဘယ်တယ်လီစကုပ်နဲ့ ကြည့်ရှုခဲ့ကြပါတယ်။
ဒီနောက်မှာတော့ ဒီကြယ်ဟာ စူပါနိုဗာပေါက်ကွဲမှုကနေ ရှန်ကျန်ရစ်ခဲ့တာကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။
ဒီကြယ်ဟာ အသက်ရှင်ကျန်ရစ်ခဲ့ရုံတင်မဟုတ်ဘဲ စူပါနိုဗာဖြစ်ပေါ်ပြီးနောက်မှာတောင် အရင်ကထက်
ပိုပြီးတောက်ပနေတာကို ထူးဆန်းစွာ တွေ့မြင်ခဲ့ရပါတယ်။ ဘာဖြစ်ခဲ့တာပါလဲ။
ပထမစာတမ်းဦးဆောင်ရေးသားသူ Ph. D သုတေသီ တစ်ယောက်ဖြစ်တဲ့ ဆန်တာဘာဘရာက ဒီအကြောင်းကို Astrophysical Journal မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီပဟေဠိဖြစ်စေတဲ့ ရလဒ်ဟာ စကြဝဠာအတွင်းက ဆန်းကြယ်နေသော်လည်း အပေါကြွယ်ဝဆုံးပေါက်ကွဲမှုတွေရဲ့ ဇစ်မြစ်နဲ့ပတ်သက်တဲ့ အချက်အလက်အသစ်တွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
Type Ia supernovae တွေလို့ခေါ်တဲ့ ဒီသာမိုနျူကလိယ စူပါနိုဗာတွေဟာ အာကသအကွာအဝေးတွေကို တိုင်းတာရာမှာ အလွန်အရေးကြီးတဲ့ ပစ္စည်းတွေဖြစ်ကြပါတယ်။ ၁၉၉၈ ခုနှစ်လောက်စပြီး ဒီပေါက်ကွဲမှုတွေကို လေ့လာရာကနေ စကြဝဠာကြီးဟာ လျင်မြန်စွာပြန့်ကားနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါက မဲမှောင်စွမ်းအင် (dark energy) ကြောင့် ဖြစ်တယ်လို့ ယူဆထားပြီး ဒီလိုပြန့်ကားမှုကို တွေ့ရှိခဲ့တာကြောင့် ၂၀၁၁ ခုနှစ် ရူပဗေဒနိုဗယ်ဆုကို ရရှိခဲ့ပါတယ်။
သူတို့ဟာ နက္ခတ္တဗေဒမှာ အလွန်အရေးပါတဲ့ ပစ္စည်းတွေဖြစ်ကြပေမယ့် သူတို့တွေ ရဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီးတော့ အနည်းငယ်သာ နားလည်ထားကြပါတယ်။ နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ ဒီဖြစ်စဉ်ဟာ ကြယ်ဖြူပုတွေရဲ့ ပျက်သုဉ်းခြင်းဖြစ်စဉ်ဆိုတာကို လက်ခံထားကြပါတယ်။ (ကြယ်ဖြူပုဆိုတာကတော့ နေလောက်ရှိတဲ့ ဒြပ်ထုတစ်ခုဟာ ကမ္ဘာလောက်အရွယ်အစားအတွင်းကို ကြုံ့ဝင်သွားတဲ့ ကြယ်တွေဖြစ်ပါတယ်။) ဒါပေမယ့် ဒီလိုပေါက်ကွဲမှုကို ဘာကဖြစ်စေသလဲဆိုတာကတော့ သိရှိထားခြင်း မရှိသေးပါ ဘူး။ သီအိုရီတစ်ခုမှာတော့ ကြယ်ဖြူပုဟာ အနီးအနားက ကြယ်ရဲ့ဒြပ်သားတွေကို စားသောက်ရာကနေ ကြယ်ဖြူပုပေါ်မှာ ဒြပ်ထုအလွန်များလာတ့အခါ သူ့ရဲ့ အူတိုင် အတွင်းမှာ သာမိုနျူကလိယ ဓာတ်ပြုမှုဖြစ်ပေါ်ပြီး အဆင့်အဆင့်ပေါက်ကွဲမှုဖြစ်ကာ နောက်ဆုံးမှာတော့ ဒီကြယ်ကိုဖျက်စီးလိုက်တယ်လို့ ဆိုပါတယ်။
SN 2012Z ဟာ ထူးခြားတဲ့ သာမိုနျူကလိယပေါက်ကွဲမှု အမျိုးအစားတစ်ခုဖြစ်ပြီး
တစ်ခါတစ်ရံမှာတော့ ဒီလိုဖြစ်စဉ်မျိုးကို Type lax supernovae လို့ခေါ်ကြပါတယ်။ သူတို့တွေက သာမန် Type Ia supernovae တွေထက် ပိုမှိန်ပြီး ပိုစွမ်းအားနည်းကြပါတယ်။ နည်းပါးတဲ့
စွမ်းအင်ထုတ်လွှတ်မှုနဲ့ နှေးကွေးတဲ့ပေါက်ကွဲမှုဖြစ်စဉ်တို့ကြောင့် တချို့သိပ္ပံပညာရှင်တွေက
သူတို့ဟာ type Ia supernovae ဖြစ်မလာတဲ့ ကောင်တွေလို့ ဆိုကြပါ တယ်။ အခုအသစ်လေ့လာတွေ့ရှိမှုကလဲ
ဒီအယူအဆကို ထောက်ခံပေးနေပါတယ်။
၂၀၁၂ ခုနှစ်မှာ စူပါနိုဗာ SN 2012Z ကို အနီးအနားက ခရုပတ်ပုံဂလက်စီ
NGC 1309 အတွင်းမှာ တွေ့ရှိခဲ့ပါတယ်။ ဒီဂလက်စီကို ဟယ်ဘယ်ပုံရိပ်တွေထဲမှာ နှစ်ပေါင်းများစွာ
ကြာအောင် ဖမ်းယူခဲ့ပြီး နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ကြပါတယ်။ ပုံအဟောင်းတွေထဲက ဘယ်ကြယ်ကများ
အခုအချိန်မှာ ပေါက်ကွဲသွားပြီလဲဆိုတာကို အတည်ပြုနိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်မှာ ဟယ်ဘယ်ပုံရိပ်တွေကို
ထပ်မံရိုက်ကူးခဲ့ပါတယ်။ ဒီဒေတာတွေကို သရုပ်ခွဲ စိစစ်အပြီးမှာတော့ စူပါနိုဗာ SN
2012Z ရဲ့ နေရာအတိအကျက ကြယ်ကို သိပ္ပံပညာရှင်တွေ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါက စူပါနိုဗာဖြစ်ခဲ့တဲ့
ကြယ်ဘိုးအေကြီးကို ပထမဆုံး အတည်ပြုနိုင်ခဲ့ခြင်းပါပဲ။
“မကြာသေးခင်ကနေ ရလာခဲ့တဲ့ ဟယ်ဘယ်ဒေတာတွေကနေပြီးတော့ နှစ်ခုထဲက
တစ်ခုကိုတော့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ မက်ခ်ကာလီက ဆိုပါတယ်။ “ကြယ်ကြီးက
လုံးဝအပြီးတိုင် ပျောက်ကွယ်သွားပြီလား ဒါမှမဟုတ် အဲ့ဒီနေရာမှာပဲ ရှိသေး သလားဆိုတာကိုပေါ့။
ဆိုလိုတာကတော့ မပေါက်ကွဲခင်တုန်းက ပုံရိပ်တွေထဲမှာ ကျွန်တော်တို့မြင်ရတဲ့ ကြယ်ဟာ ပေါက်ကွဲသွားတဲ့တစ်ခု
မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘယ်သူကမှတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကြယ်တစ်စင်းကို မမျှော်လင့်ထားသလို
ပိုပြီးတောက်ပလာတဲ့ ကြယ်တစ်စင်းကိုလဲ မမျှော်လင့်ထားပါဘူး။ ဒါကလုံးဝပဟေဠိပါပဲ။”
မက်ကာလီနဲ့ သူရဲ့အဖွဲ့ကတော့ တစ်ပိုင်းတစ်စပေါက်ကွဲသွားတဲ့ ကြယ်တွေဟာ
ပိုပြီးကြီးသွားတာကြောင့် ပိုပြီးတောက်ပလာတာ ဖြစ်မယ်လို့ ယူဆထားပါတယ်။ စူပါနိုဗာက
ဒြပ်သားအားလုံးကို အဝေးကိုကန်ထုတ်ဖို့ စွမ်းအင်လုံလုံလောက်လောက်မရှိတာကြောင့်
bound remnant လို့ခေါ်တဲ့ နေရာတစ်ခုကို တချို့က ပြန်ကျလာကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ
သူတို့က ကြယ်ကို မူလအခြေအနေကို ပြန်ရောက်အောင် လုပ်ပေးလိုက်ပါတယ်။ အဲ့အချိန်မှာတော့
ကြယ်က ဒြပ်ထုပိုနိမ့်သွားပြီး ပိုကြီးနေပါပြီ။ ဝိရောဓိဖြစ်စရာကတော့ ကြယ်ဖြူပုတွေဟာ
ဒြပ်ထုနိမ့်လေ သူတို့ရဲ့ အချင်းက ပိုကျယ်လေ ဖြစ်ပါတယ်။
“ဒီလိုကြယ်ရှင်သန်ကျန်ရစ်မှုက စတားဝါးဇာတ်လမ်းထဲက အိုဘီဝန် ကနိုဗီ
ပြန်ရှင် လာတာနဲ့တူပါတယ်။” လို့ စာတမ်းတွဲဖက်ရေးသားသူ အန်ဒီဟောင်းဝဲလ်က ဆိုပါတယ်။ “သဘာဝတရားကြီးက
ဒီကြယ်ကို ချေမှုန်းဖို့ ကြိုးစားပေမယ့် သူက ပိုမြင့်တဲ့စွမ်းအားနဲ့ တစ်ဖန်ပြန်လာနိုင်ခဲ့ပါတယ်။
ဒါက နဂိုမူလကြယ်ပါပဲ။ ဒါပေမယ့် ပုံသဏ္ဍာန်ကတော့ ကွဲပြားသွားပါပြီ။ သူက သေခြင်းတရားကို
လွန်မြောက်ခဲ့တာပါ။”
ဆယ်စုနှစ်ပေါင်းများစွာတစ်လျှောက် သိပ္ပံပညာရှင်တွေက Type Ia
supernovae တွေဟာ ကြယ်ဖြူပုတစ်စင်း ချန်ဒရေရှေခါအကန့်အသတ်လို့ခေါ်တဲ့ အခြေပြောင်းဒြပ်ထု
တစ်ခုကို ရောက်လာတဲ့အခါမှာ ဖြစ်ပေါ်တယ်လို့ သိခဲ့ကြပါတယ်။ ကျွန်တော့် ဆောင်းပါး အများစုမှာလဲ
ဒီလိုပဲ ရေးသားခဲ့ပါတယ်။ ဒီမော်ဒယ်ဟာ လိုအပ်တာထက် နည်းနေတဲ့ ဒြပ်ထုရှိတဲ့ စူပါနိုဗာပေါက်ကွဲမှုအများစုကို
တွေ့လာရတဲ့အခါမှာတော့ ပြိုလဲတော့မလို ဖြစ်လာပါတယ်။ ဒီပေါက်ကွဲမှုကိုဖြစ်စေဖို့ တခြာအရာတွေရှိနေသေးတာကို
သီအိုရီအယူ အဆအသစ်တွေက ဖော်ပြနေကြပါတယ်။ ဒီကြယ်ဟာ မပေါက်ကွဲခင်မှာ ချန်ဒရေ ရှေခါအကန့်အသတ်နားတောင်
ရောက်ရဲ့လားဆိုတာတောင် မသေချာပါဘူး။
“Type Ia supernovae တွေရဲ့ ဂယက်ရိုက်ချက်တွေကတော့ တကယ်ပဲ နက်နဲ
သိမ်မွေ့လှပါတယ်။” လို့ မက်ကာလီက ဆိုပါတယ်။ “စူပါနိုဗာတွေဟာ အကန့်အသတ် တစ်ခုအထိ ကြီးထွားနိုင်ပြီး
ပေါက်ကွဲတယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အနည်းဆုံး အချိန်တချို့မှာတော့ ပေါက်ကွဲမှုတွေက
အားပျော့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ စူပါနိုဗာပေါက်ကွဲမှုတစ်ခု ကျရှုံးပြီး type
lax အဖြစ် အဆုံးသတ်သွား အောင် ဘာကလုပ်ပေးသလဲနဲ့ အောင်မြင်ပြီး type Ia အဖြစ် အဆုံးသတ်သွားအောင်
ဘာက လုပ်ပေးသလဲဆိုတာကို နားလည်ဖို့ လိုအပ်နေပါပြီ။
သိပ္ပံဆောင်းပါးများဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်။
တယ်လီဂရမ်ချန်နယ်
ကိုးကား
The star that
survived a supernova (phys.org)
#newstein
Comments
Post a Comment