အာကာသအတွင်းက ပထမဆုံးခရီးသည် သို့မဟုတ် အူမူအာမူအာ။

 

Artist Illustration of Oamaumau 

          ဂြိုဟ်သားတွေရှိပါသလား။ ဒီမေးခွန်းကတော့ နက္ခတ္တဗေဒအသိုင်းအဝိုင်းမှာသာ မက လူထုအသိုင်းအဝိုင်းမှာပါ အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ပညာရှင်တွေ အနေနဲ့လဲ အဖြေရခက်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလောက်ကျယ်ပြောတဲ့ စကြဝဠာ ကြီးအတွင်းမှာ ကျွန်တော်တို့သာ ရှိတယ်ဆိုတာက တော်တော်လေးနုံချာတဲ့ အဖြေဖြစ် ပါတယ်။ တစ်ဖက်မှာလည်း ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ အစအနလက္ခဏာလေးတောင် မရှိပါဘူး။ ဒီတော့ ဒီမေးခွန်းက neutral ဖြစ်ပါတယ်။ ကိုယ်ယူဆချင်သလို ယူဆနိုင်ပါ တယ်။

          ကျွန်တော်ကတော့ တခြားသက်ရှိတွေရှိတာကို အကြွင်းမဲ့ယုံကြည်တဲ့ဘက်ကပါ။ ကမ္ဘာပေါ်မှာ ပန်ကန်ပြားပျံတွေဘာတွေ ဖြတ်သွားတာတို့ ဟိုနေရာမှာ ဂြိုဟ်သားတွေ့ လိုက်တာတို့ ဒါမျိုးကိုတော့ မယုံပါဘူး။ စကြဝဠာအတွင်းမှာ အခြားသက်ရှိမျိုးနွယ်တွေ ရှိနိုင်တာကို ယုံကြည်တာပါ။ ကဲကဲ စကားလဲ ရှည်နေပါပြီ။ ဒီနေ့ပြောမယ့် အကြောင်းလေး စလိုက်ရအောင်။

ပုံမှန်မဟုတ်တဲ့ အလင်းတန်း။

           ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ ညအချိန်မှာ ဟာဝိုင်ရီမှာရှိတဲ့ ပန်စတာစ် (PAN-STARRS) တယ်လီစကုပ်ကနေပြီးတော့ အလွန်လျင်မြန်စွာ ရွေ့လျားနေ တဲ့ အလင်းတန်းလေးတစ်ခုကို ဖမ်းယူရရှိခဲ့ပါတယ်။ ဖမ်းယူရရှိစဉ်မှာ ဒီဝတ္ထုဟာ လိုင်ရာ ကြယ်တာရာကနေဝင်ရောက်လာတာဖြစ်ပြီး အလွန် လျင်မြန်လွန်းတာကြောင့် ကြယ်တာ ရာတစ်ခုစီကို လျင်လျင်မြန်မြန်ပဲ ဖြတ်သန်းသွားနေခဲ့ပါတယ်။ နက္ခတ္တဗေဒပညာရှင်တွေ အနေနဲ့ ဒီဝတ္ထုနဲ့ပတ်သက်ပြီး အံအားသင့်နေခဲ့ပါတယ်။ ဒီဝတ္ထုက ဘာပါလဲ။ ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခုလား။ ကြယ်တံခွန်လား။ ဒါမှမဟုတ်….. ဂြိုဟ်သားယာဉ်ပျံတစ်စင်းပါ လား။ ဒါကိုတော့ ကျွန်တော်တို့ ဒီဆောင်းပါးမှာ အဖြေရှာကြည့်ကြပါမယ်။


light variation of Oamuamau 

          ဒီအမည်မသိဝတ္ထုဟာ နိုင်ငံတာကာအာကာသအဖွဲ့အစည်း (IAU) ကို လုံးဝတုန် လှုပ်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ နေအဖွဲ့အစည်းထဲကို ကြယ် တွေကြားကွက်လပ် (Intersteller space) အတွင်းကလာတဲ့ ဘယ်ဝတ္ထုမှ မရှိသေးတာ ကြောင့် ဖြစ်ပါတယ်။ အကယ်လို့ ဒီဝတ္ထုဟာ အမှန်တကယ် နေအဖွဲ့အစည်းအပြင်ကနေ လာတယ်ဆိုရင်တော့ နာမည်အသစ်ပေးရပါလိမ့်မယ်။ ဒါ့ကြောင့် IAU က 1I/2017 U1 လို့ အမည်ပေးခဲ့ပါတယ်။ I က “Intersteller” ကို ရည်ညွှန်းပြီး ၂၀၁၇ က တွေ့ရှိတဲ့ ခုနှစ်ကို ရည်ညွှန်းပါတယ်။

          ဒါပေမယ့် ဒီဝတ္ထုကို နောက်ထပ်ကဗျာဆန်ဆန်ပေးထားတာလဲ ရှိပါသေးတယ်။ စတင်တွေ့ရှိစဉ်က ၁၉၇၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အာသာ.စီ.ကလာကီရဲ့ စာအုပ်ထဲက စလင်ဒါပုံ အာကာသယာဉ်ကြီးရဲ့ နာမည်ဖြစ်တဲ့ “ရာမ” ကိုပေးခဲ့ပါတယ်။ သို့သော်လည်း ဟာဝိုင်ရီမှာတွေ့ရှိတာမလို့ ဟာဝိုင်ရီယဉ်ကျေးမှုနဲ့ကိုက်အောင်ဆိုပြီး အူမူအာမူအာ (Oumaumau) လို့ ပြောင်းလဲပေးခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ “အလွန်ဝေးတဲ့အရပ်က ရောက်လာတဲ့ ခရီးသည်” လို့အဓိပ္ပါယ်ရပါတယ်။

အူမူအာမူအာရဲ့ ပုံပန်းသွင်ပြင်နဲ့ ရွေ့လျားမှု  

          အူမူအာမူအာဟာ သူ့ရဲ့ရွေ့လျားမှုနဲ့ ပုံပန်းသွင်ပြင်ကြောင့် ထူးဆန်းနေပါတယ်။ သူ့ကို ပထမဆုံးတွေ့ရှိစဉ်က နေရဲအနီးဆုံးအမှတ်ကို ဖြတ်သန်းသွားပြီးနောက် ရက်ပေါင်း ၄၀ အကြာမှာ ဖြစ်ပါတယ်။ အဲ့အချိန်တုန်းက သူက ကမ္ဘာကနေ မိုင်ပေါင်း ၃၃ သန်း အကွာမှာ ရှိနေခဲ့ပါတယ်။ ဒါက လနဲ့ကမ္ဘာအကွာအဝေး ၈၅ ဆလောက်ရှိပါတယ်။

          ပထမဆုံးအနေနဲ့ အူမူအာမူအာရဲ့ အလင်းအားပြောင်းလဲမှုက အလွန်ပြင်းထန်တာ ကြောင့် သာမန်ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်မျိုးမဟုတ်ဘူး ဆိုတာ ကောက်ချက်ချနိုင်ခဲ့ပါ တယ်။ ဒီလိုပါ။ အရာဝတ္ထုတစ်ခုဟာ နေရဲ့အလင်းပြန်ပုံပေါ်မူတည်ပြီး သူ့ရဲ့ပုံပန်းသွင်ပြင် ကို ခန့်မှန်းလို့ရပါတယ်။ ဒီဖြစ်ရပ်မှာဆိုရင်တော့ အူမူအာမူအာရဲ့ အလင်းအားဟာ အလွန် မြင့်တက်လာလိုက် အလွန်နိမ့်သွားလိုက် ဖြစ်နေတာကြောင့် ဒါက စီးကရက်သဏ္ဍာန်ရှိတဲ့ ဝတ္ထုတစ်ခု လည်ပတ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ရွေ့လျားမှုဟာ လည်ပတ်နေရုံတင်မဟုတ်ဘဲ အပေါ်အောက်ပါ ရွေ့လျားနေတာ ကြောင့် အူမူအာမူအာဟာ ကွက်ကီးပုံသဏ္ဍာန်လိုမျိုးဖြစ်မယ်လို့ ကောက်ချက်ချထားပါ တယ်။


Artist's inspiration of cookie shape Oamuamua 

          အရွယ်အစားကတော့ နေအဖွဲ့အစည်းအတွင်းက တခြားဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ လောက်ပဲ ဖြစ်ပြီး အရှည်က ၁၀၀ မီတာနဲ့ ၁၀၀၀ မီတာကြားဖြစ်နိုင်ပါတယ်။ ဒါက အီဖယ် တာဝါထက်တောင် ပိုရှည်ပါသေးတယ်။ သူ့ရဲ့ အကျယ်နဲ့ အထူကတော့ ၃၅ မီတာနဲ့ ၁၆၅ မီတာကြား ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နေကနေ အလင်းပြန်တဲ့ ရောင်စဉ်မှာ အနီရောင်ပိုများနေတာကြောင့် အနီရောင်ရှိမယ်လို့ ယူဆရပါတယ်။  

ဘာကြောင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား သို့မဟုတ် ကြယ်တံခွန်မဟုတ်ဘူးလို့ ပြောနိုင်တာပါလဲ။

            နေအဖွဲ့အစည်းက ဂြိုဟ်သိမ်ဂြိုဟ်မွှားတော်တော်များများက ဒီလိုပုံသဏ္ဍာန် မဖြစ်နိုင်ပါဘူး။ အကယ်လို့ ဒီလိုပုံသဏ္ဍာန်ရှိမယ်ဆိုရင်လည်း အချိန်ကြာလာတာနဲ့ အမျှ ယိုယွင်းပျက်စီးသွားကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဆုံးအနေနဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ နောက်ပြီး နေနဲ့အနီးဆုံးချဉ်းကပ်ချိန်မှာ ကြယ်တံခွန်လိုမျိုး outgasing လို့ခေါ်တဲ့ ဓာတ်ငွေ့တွေ ပန်းထုတ်တဲ့ ဖြစ်စဉ် မတွေ့ရတာ ကြောင့် ကြယ်တံခွန်လည်း မဟုတ်နိုင်ပါဘူး။ ဒါဆိုရင် သူ့ရဲ့ဇစ်မြစ်က ဘာဖြစ်ပါမလဲ။

အူမူအာမူအာ၏ ဇစ်မြစ်။

          နေအဖွဲ့အစည်းအတွင်းက ဝတ္ထုတွေနဲ့ ပုံပန်းသွင်ပြင်မတူတာကြောင့် အူမူအာမူအာ ဟာ နေအဖွဲ့အစည်းအတွင်းက မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ပထမဆုံးအနေနဲ့ သုတေသီတွေက နေအဖွဲ့အစည်းရဲ့ အပြင်ဘက်အစွန်းပိုင်းက အော့တိမ်တိုက်ကများ လာတာဖြစ်မလားလို့ သံသယရှိခဲ့ကြပါတယ်။ အော့တိမ်တိုက်အတွင်းက ရေခဲအစိုင်အခဲဝတ္ထုတွေဟာ ပုံမှန်အား ဖြင့်တော့ နေအဖွဲ့အစည်းအတွင်းကို ဝင်ရောက်လာလေ့မရှိပါဘူး။ တစ်ခုခုရဲ့သက်ရောက် မှုကြောင့် “gravitational kick” လို့ခေါ်တဲ့ ဖြစ်စဉ်ကြောင့်သာ ဝင်ရောက်လာနိုင်ပါတယ်။ ဒါပေမယ့်တစ်ခုသော အကြောင်းကြောင့် ဒီအဆိုကို ပယ်ချလိုက်ရပါတယ်။ ဒါကတော့ သူ့ရဲ့အမြန်နှုန်းဖြစ်ပါတယ်။

          အူမူအာမူအာဟာ နေအဖွဲ့အစည်းအတွင်းကို တစ်နာရီ မိုင်ပေါင်း ၁၆၀၀၀ (တစ်စက္ကန့်ကို ၈၇.၃) ကီလိုမီတာနှုန်းနဲ့ ဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ ပတ်လမ်းကြောင်းဟာ ကမ္ဘာလို တခြားဂြိုဟ်သိမ်ဂြိုဟ်မွှားတွေလို ဘဲဥပုံပတ်လမ်း ကြောင်းမဟုတ်ဘဲ ဟိုက်ပါဘောလစ်ပတ်လမ်းဖြစ်နေပါတယ်။ ဒါကိုနောက်တစ်နည်း ဗဟိုမကျမှု “encentricity” နဲ့ ပြောလို့ရပါတယ်။ ဒီတန်ဖိုးက ၀ နဲ့ ၁ ကြားရှိပါတယ်။ e = ၀ ဆိုရင် စက်ဝိုင်းပုံဖြစ်ပါတယ်။ ဥပမာ ကမ္ဘာပတ်လမ်းဟာ e တန်ဖိုး ၀.၀၀၁၆၇ ရှိပါတယ်။ စက်ဝိုင်းပုံသိပ်မကျရုံပါပဲ။ ဟေလီကြယ်တံခွန်ဆိုရင်တော့ e တန်ဖိုး ၀.၉၆၇ ရှိပါတယ်။ ဒါ့ကြောင့် သူ့ပတ်လမ်းဟာ တော်တော်လေး ဘဲဥပုံပေါက်နေပါတယ်။ ဒါပေမယ့် သူက စမှတ် တစ်နေရာကနေ စရင် အဲ့နေရာကို ပြန်ရောက်နိုင်ပါသေးတယ်။



Orbit of Oamamau

          အူမူအာမူအာမှာဆိုရင်တော့ သူ့ရဲ့ e တန်ဖိုးဟာ ၁.၂ ဖြစ်တာကြောင့် မူလနေရာကို ပြန်မရောက်နိုင်တော့ပါဘူး။ နောက်တစ်မျိုးဆိုရရင်တော့ သူ့ရဲ့ အမြန်နှုန်းဟာ နေအဖွဲ့အစည်းရဲ့ လွတ်မြောက်အလျင် (တစ်စက္ကန့် ၈၀ ကီလိုမီတာ) နှုန်းကို ကျော်လွန်နေတာကြောင့် နေအဖွဲ့အစည်းကို ပြန်ပတ်မှာမဟုတ်တော့ပဲ အပြီးတိုင် ထွက်ခွါ သွားတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့မြန်လွန်းတဲ့အလျင်ကြောင့်လဲ အသေးစိတ်လေ့လာဖို့ရာ မဖြစ်နိုင် ဖြစ်နေရပါတယ်။

အနီးအနားတခြားကြယ်အဖွဲ့အစည်းတစ်ခုကလာသလား။

           ဒီလောက်လျင်မြန်တဲ့နှုန်းတစ်ခုနဲ့လာတဲ့ ဝတ္ထုဟာ လည်ပတ်နေရင်းလည်း စုတ် ပြတ်ထွက်မသွားတာကြောင့် သိပ်သည်းဆမြင့်တယ်လို့ ယူဆလို့ရပါတယ်။ ဒါ့ကြောင့် ဒီဝတ္ထုဟာ တခြားသော အနီးအနားကြယ်စနစ်တစ်ခုကနေ လွင့်ထွက်လာတဲ့ အကြွင်း အကျန်ပစ္စည်းတစ်ခု ဖြစ်နိုင်ပါတယ်။ ကြယ်နဲ့အနီးအနားမှာ ဖြစ်ပေါ်တဲ့ သိပ်သည်းတဲ့ ဝတ္ထုတစ်ခုဟာ ကြယ်ကြောင့်ဖြစ်တဲ့ tidal wave တွေကြောင့် ဖျက်စီးခံလိုက်ရပြီး ဒီကနေ လွင့်ထွက်လာတာ ဖြစ်နိုင်ပါတယ်။ အနီးအနားက ကြယ်စနစ်တွေကို ရှာကြည့်ရာ အဖြစ်နိုင်ဆုံးက T4C4792-102701 ဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကွန်ပျူတာသရုပ်ပြမှုတွေအရတော့ အူမူအာမူအာဟာ ဒီကြယ်စနစ်အတွင်းကိုလည်း အလည်အပတ်အဖြစ် ဝင်ရောက်ခဲ့တဲ့ သဘောဆောင်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ဇစ်မြစ်ဟာ ဒီထက်ဝေးတဲ့အရပ်က ဖြစ်နိုင်ပါတယ်။

အစအနတိမ်တိုက်ကြီး

          နောက်ဆုံးတင်ပြထားတဲ့တစ်ခုကတော့ ကျွန်တော်တို့ ဂလက်စီအတွင်းမှာ ရှိတဲ့ ကျပန်းဖြစ်ပေါ်နေတဲ့ အစအနအမှိုက်တိမ်တိုက်ကြီးကနေလာတာ ဖြစ်နိုင်ပါတယ်။ ကြယ် အဖွဲ့အစည်းတစ်ခုဖွဲ့စည်းဖြစ်ပေါ်တိုင်းမှာ အလွန်ပြင်းထန်တဲ့ ဖြစ်စဉ်တွေကြောင့် စနစ် အတွင်းက အစအနတချို့ဟာ လွင့်ထွက်သွားပြီး ဂလက်စီအတွင်းမှာ အမှိုက်ပုံကြီး အဖြစ် ဖြစ်ပေါ်လာပါတယ်။ ဒီလိုနေရာမှာ ရှိတဲ့ ပစ္စည်းတွေကို “Solar lapids” လို့ အမည်ပေး ထားပါတယ်။ ဒီထဲက ဝတ္ထုတွေဟာ တခါတစ်ရံမှာ ကန်ထုတ်ခံလိုက်ရပြီး တခြားသော နေအဖွဲ့အစည်းအတွင်းကို ဝင်ရောက်လာနိုင်ပါတယ်။

          ကျွန်တော်တို့ နေအဖွဲ့အစည်း အတွင်းကိုလဲ ဒီလိုဝတ္ထုတွေ ဝင်ရောက်နေပေမယ့် ကျွန်တော်တို့နဲ့ အလွန်ဝေးတဲ့အရပ်က ဖြတ်သန်းသွားတာကြောင့် တစ်ကြောင်း အလွန်သေးငယ်လွန်းတာကြောင့် တစ်ကြောင်း ကျွန်တော်တို့ မမြင်တွေ့ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အူမူအာမူအာဖြစ်ရပ်မှာတော့ ကျွန်တော်တို့နဲ့နီးကပ်သွားသလို အတော်အသင့်လဲ ကြီးမားတာကြောင့် ကျွန်တော်တို့ ကံကောင်းထောက်မစွာ ထောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အူမူအာမူအာဟာ အာကာယာဉ်ပျံတစ်စီးဖြစ်နိုင်ပါသလား။



          သုတေသီတွေရဲ့အဆိုအရတော့ အူမူအာမူအာဟာ သဘာဝအတိုင်းဖြစ်ပေါ် နေတဲ့ ဝတ္ထုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း သူ့ကို အသေးစိတ်လေ့လာနိုင်ခြင်း မရှိတာကြောင့် လူလုပ်ပစ္စည်းတစ်ခုမဟုတ်ဘူးလို့လဲ ဆိုလို့မရဘူးလို့ ဆိုပါတယ်။ နာမည် ကြီး သိပ္ပံပညာရှင်တွေထဲကပဲ ဒီဝတ္ထုဟာ အာကာသယာဉ်ပျံတစ်စင်းလို့ ယုံကြည်ထားသူ တွေရှိပါတယ်။ ဒါ့ကြောင့် ဘာလို့မဖြစ်နိုင်တာလဲ နဲ့ ဘာလို့ ဖြစ်နိုင်တာလဲဆိုတာကို ကျွန် တော်တို့ ဆွေးနွေးကြည့်ရအောင်။

          ဘာလို့ မဖြစ်နိုင်ပါသလဲ။ ပထမတစ်ချက် ဟိုက်ပါဘောလစ်ပတ်လမ်းအတိုင်း မသွေဖယ်ပဲ သွားနေတာကြောင့် ဒါက ရူပဗေဒနိယာမတွေကို လိုက်နာနေတာဖြစ်တဲ့ အတွက် သဘာဝပစ္စည်းတစ်ခုသာ ဖြစ်ပါတယ်။ အကယ်လို့ ဂြိုဟ်သားနည်းပညာနဲ့ ပြုလုပ်ထားတဲ့ ယာဉ်ပျံသာဆိုရင် ဘာကြောင့် ဟိုသွားဒီသွားမလုပ်နေပါသလဲ။ ဝါးလုံး တစ်လုံးဟာ ရေစီးအတိုင်း မျောနေတယ်ဆိုပေမယ့် လှေတစ်စင်းကတော့ ဟိုမှာရပ်တာ ရှိမယ် ဟိုနားကျကွေ့တာရှိမယ်မလား။ နောက်ပြီး ရေဒီယိုအချက်ပြမတွေ့ရတာပါ။ အနည်းဆုံးတော့ ဆက်သွယ်ရေးအတွက် ရေဒီယိုအချက်ပြတွေ ရှိနေသင့်ပါတယ်။

ခရီးလွန်ပြီး လောင်စာကုန်သွားတဲ့ ယာဉ်ပျံတစ်စင်းကော မဖြစ်နိုင်ဘူးလား။

          မဖြစ်နိုင်ဘူးလို့ ကံသေကံမပြောနိုင်ပါဘူး။ ကျွန်တော်တို့ ဂြိုဟ်တုတွေဟာ ရူပဗေဒ နိယာမတွေအတိုင်းပဲ ကောင်းကင်မှာ လွှတ်ထားတာ မဟုတ်ပေဘူးလား။ လောင်စာ ကုန်သွားတဲ့ ဂြိုဟ်သားယာဉ်ပျံတစ်စင်းက နေအဖွဲ့အစည်းရဲ့ဒြပ်ဆွဲအားကို အသုံးပြုပြီး sligshot effect နဲ့ သူတို့ ဂြိုဟ်ဆီပြန်ဖို့ ကြိုးစားတာဆိုရင်ကော။

          ဒါတွေကို သိနိုင်ဖို့အတွက်ကတော့ ဒီဝတ္ထုကြီးဆီလေ့လာရေးခရီးထွက်ဖို့ပဲ ရှိပါတယ်။

အစီအစဉ်ရှိပါသလား။

          ဒီဝတ္ထုက တစ်နှစ်ကို ၅.၅ AU (Astronomical Unit) နှုန်းနဲ့ နေအဖွဲ့အစည်းကနေ ထွက်ခွါနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တယ်လီစကုပ်တွေဟာ သူ့ကို လေ့လာဖို့ရာဘာမှ မတတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဒီဝတ္ထုကြီးဆီ ယာဉ်ပျံလွှတ်ပြီး လေ့လာရပါလိမ့်မယ်။ သူ့ဆီသွားပြီး လေ့လာဖို့ဆိုကလဲ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တင်ပြထားတဲ့ အစီအစဉ်တွေတော့ ရှိပါတယ်။ အခုခေတ်နည်းပညာနဲ့ဆိုရင် ၂၀၃၀ ခုနှစ်မှာ လွှတ်တင်မယ်ဆိုရင် ၂၀၄၉ ခုနှစ်မှာ ရောက်နိုင်ပါတယ်။

          ဒီဝတ္ထုရဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီး အခုအချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ငြင်းခုန်ဆွေးနွေနေကြဆဲ ဖြစ်ပါတယ်။ တချို့သိပ္ပံပညာရှင်တွေကတော့ ဒီဝတ္ထုဟာ တခြား သော ကြယ်အဖွဲ့အစည်းအတွင်းက ဂြိုဟ်တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်နိုင်တယ်လို့ ဆိုကြပြီး တချို့ကတော့ ဒါက သာမန် အစအနတစ်ခုသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါက တခြား အဆင့်မြင့်အဖွဲ့အစည်းတစ်ခုက လွှတ်ထားတဲ့ ကင်းထောက်ယာဉ်တစ်ခု ဖြစ်တယ်လို့ ဆိုကြသူတွေ ရှိသလို ဒါက သက်ဝင်လှုပ်ရှားမှုကင်းမဲ့သွားတဲ့ ကြယ်တံခွန်တစ်ခုဖြစ်တယ် လို့ ဆိုကြသူတွေလဲ ရှိပါတယ်။ ဒီဝတ္ထုရဲ့ သရုပ်မှန်ကဘာလဲ။ ဘယ်ကနေရောက်လာပါ သလဲ။ တကယ်ပဲ ဂြိုဟ်သား နည်းပညာတစ်ခုဖြစ်သလားဆိုတာကတော့ နောက်ပိုင်း လေ့လာမှုတွေကိုသာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ စာဖတ်သူတို့ကော ဘယ်လို ထင်ပါသလဲ။

ကိုးကား

  You Tube Videos

The story of 'Oumuamua, the first visitor from another star system | Karen J. Meech - YouTube

Is Oumuamua An Alien Spaceship? - YouTube

The Origin of 'Oumuamua, Our First Interstellar Visitor | Space Time - YouTube

Neil DeGrasse Tyson: Is This Thing A Spaceship? - YouTube

 

         

         



Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။