ကွက်ခ်ကြယ်များ (Quark Stars)
စကြဝဠာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
တစ်ခါတစ်လေ မယုံနိုင်လောက်အောင် ထူးဆန်းလွန်းလို့ လက်ခံဖို့တောင်ခက်ခဲ လှပါတယ်။ ကျွန်တော်ဒီနေ့ဆွေးနွေးသွားမှာကတော့
ဒီလိုဝတ္ထုတွေထဲက တစ်ခုပါ။
စာဖတ်သူများအနေနဲ့ တွင်းနက်ကိုတော့ သိကြမှာပါ။ အကယ်လို့ စာဖတ်သူသာ
ဒီအကြောင်းအရာတွေကို သေချာလေ့လာဖူးသူတစ်ယောက်ဆိုရင် နျူထရွန်ကြယ်ဆိုတာကိုလဲ သိကောင်းသိနိုင်ပါတယ်။
ဒါတွေမသိလဲ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ အောက်မှာ ဆွေးနွေးပါဦးမယ်။ ကျွန်တော်တို့
အခုဆွေးနွေးမယ့် ကွက်ခ်ကြယ်တွေဆိုတာကတော့ နျူထရွန်ကြယ်နဲ့ တွင်းနက်တို့ကြားက ကြားခြေအခြေအနေတစ်ခုဖြစ်ပါတယ်။
ဒီကြယ်တွေရှိကြောင်း လက်တွေ့စမ်းသပ်ချက်အားဖြင့်တော့ မပြနိုင်သေးပါဘူး။ သို့သော်လည်း
အလျောင်းအလျာတချို့တော့ တွေ့ရှိထားပြီးဖြစ်ပါတယ်။
ကွက်ခ်ကြယ်တွေအကြောင်း စမပြောခင်မှာ ကျွန်တော်တို့ အခြေခံအကြောင်းအရာ
လေးတချို့ကို ပြန်နွေးကြည့်ပါမယ်။ ကွက်ခ် (quark) ဆိုတာဘာလဲ။ နျူထရွန်ကြယ် ဆိုတာဘာလဲ။
တွင်းနက်ဆိုတာဘာလဲပေါ့။
စံပုံစံ
Google မှာ “standard model of particles” လို့ ရိုက်ရှာလိုက်မယ်ဆိုရင်
ကျွန်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ဖူးတဲ့ အလှည့်ကျဇယားလိုမျိုး အကွက်လေးနဲ့ စီစဉ်ထားတဲ့
ဇယားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ မျိုးဆက်သုံးခုခွဲထားတာကိုတွေ့ရပြီး ဘယ်ဘက်ခြမ်းမှာ
ကွက်ခ်နဲ့ လက်ပတွန်ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ ညာဘက်မှာတော့ အားသယ် ဆောင်အမှုန်တွေဖြစ်တဲ့
ဘိုစွန်တွေကို တွေ့နိုင်ပြီး ထိပ်ဆုံးမှာတော့ ဒြပ်ထုသယ်ဆောင်မှုန်ဖြစ်တဲ့ ဟစ်အမှုန်ကို
တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ လောကကြီးဟာ ဒီအမှုန်လေးတွေ ပေါင်းစပ်ဖွဲ့စည်းခြင်းဖြင့်
ဖန်တီးဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီမှာအဓိကထားမှာက ကွက်ခ်ဖြစ်တာကြောင့် ဘယ်ဘက်အပေါ်ဆုံး
မှာရှိတဲ့ ကွက်ခ်ဆိုတဲ့အပိုင်းလေးကို ကြည့်ရအောင်။ နာမည်အမျိုးမျိုးနဲ့ ကွက်ခ်ခြောက်မျိုး
ရှိပါတယ်။ ဘာဂုဏ်သတ္တိကြောင့်ရယ်မှ ဒီနာမည်တွေပေးထားတာမဟုတ်ပါဘူး။ မျိုးဆက် တစ်ခုထက်
နောက်တစ်ခုဟာ ဒြပ်ထုပိုမြင့်လာတာကို တွေ့နိုင်ပါတယ်။ ကွက်ခ်တွေဟာ အလွန်သစ္စာရှိတဲ့
ပစ္စည်းတွေဖြစ်ပါတယ်။ ဘယ်တော့မှ သူတို့ကို ကွက်ခ်ဆိုပြီး သီးသန့် မတွေ့ရပါဘူး။ စုပေါင်းဖွဲ့စည်းပြီး
အမှုန်တစ်ခုအဖြစ်နဲ့သာတွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ပရိုတွန်နှင့် နျူထရွန်တို့ဟာ
up နဲ့ down quark တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ကွက်ခ်တွေနဲ့ပတ်သက်ပြီး
အကြမ်းဖျဉ်းသိလောက်ပြီ ထင်ပါတယ်။
နျူထရွန်ကြယ်နှင့် တွင်းနက်
ကျွန်တော့်အရင်ဆောင်းပါးတွေမှာလည်း သူတို့နဲ့ပတ်သက်ပြီး ထပ်ခါထပ်ခါ
ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အသေးစိတ်တော့ ပြောမနေတော့ပါဘူး။ နွေးရုံ လောက်ပဲ
ပြန်ပြောသွားပါမယ်။ အသေးစိတ်သိချင်ရင်တော့ အောက်က link ကို ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
နာမည်တွေကြားပြီး နျူထရွန်ကြယ်နဲ့ တွင်းနက်တို့ဟာ သာမန်ကြယ်တွေနဲ့
အကွာကြီး ကွာခြားနေမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သေချာမြင်သွားရင်တော့
သူတို့ဟာလည်း ဘာမှထူးခြားမနေတာကို တွေ့ရပါလိမ့်မယ်။ သတ္တဝါတွေသေဆုံးသွားရင် အလောင်းကောင်တွေဖြစ်သွားသလိုပဲ။
ကြယ်တွေသေသွားတဲ့အခါမှာလည်း အလောင်းကောင်တွေဖြစ်သွားပါတယ်။ ဒီအလောင်းကောင်တွေဟာ နျူထရွန်ကြယ်၊
ကြယ်ဖြူပုနဲ့ တွင်းနက်တို့ပဲ ဖြစ်ပါတယ်။ သတ္တဝါတွေသေသွားရင်တော့ ဆက်လက်မရှင်သန်နိုင်တော့
ပေမယ့် ကြယ်တွေသေသွားရင်တော့ ဆက်လက်ရှင်သန်နိုင်ပါသေးတယ်။ ဒါ့ကြောင့် သူတို့ကို ကြယ်ဇွန်ဘီးတွေလို့တောင်
တင်စားလို့ ရပါသေးတယ်။
ဒြပ်ထုကြီးမားတဲ့ ကြယ်တစ်စင်းဟာ လောင်ကျွမ်းရမယ့် လောင်စာတွေကုန်သွား
တဲ့အချိန်မှာတော့ ဒြပ်ဆွဲအားနဲ့စတင်ပြိုပျက်ရပါတော့တယ်။ ဒီလိုနဲ့စူပါနိုဗာပေါက်ကွဲမှု
ဖြစ်ပေါ်ပြီး သူ့ရဲ့အူတိုင်သာ ကျန်ရစ်ခဲ့ပါတော့တယ်။ ဒီအူတိုင်ကိုတော့ ကျွန်တော်တို့က
ကြယ်ဖြူပုလို့ခေါ်ပါတယ်။ ဒီအူတိုင်မှာ အက်တမ်တွေဟာ တစ်ခုနဲ့တစ်ခုပူးကပ် ပြွတ်သိပ် ချင်ပေမယ့်
electron-degeneracy pressure လို့ခေါ်တဲ့အားတစ်ခုက တွန်းကန်ပေးနေ တာကြောင့် ကြယ်ဖြူပုတစ်လုံးဟာ
တည်ငြိမ်နိုင်ပါတယ်။ ဒြပ်ထုအလွန်မြင့်တဲ့ ကြယ်ကြီး တစ်ခု ပေါက်ကွဲတဲ့အခါမှာတော့ electron-degeneracy
pressure က ဒြပ်ဆွဲအားကို မတွန်းလှန်နိုင်တော့ဘဲ အီလက်ထရွန်တွေက ပရိုတွန်တွေနဲ့ပေါင်းပြီး
နျူထရွန်တွေဖြစ် သွားပါတော့တယ်။ ကြယ်တစ်ခုလုံးက နျူထရွန်တွေကြီးဖြစ်သွားတာကြောင့် ဒီကြယ်ကို
နျူထရွန်ကြယ်လို့ ခေါ်ကြပါတယ်။ နျူထရွန်တွေကြားက neutron-degeneracy pressure က ဒြပ်ဆွဲအားကို
တွန်းကန်ထားနိုင်တာကြောင့် နျူထရွန်ကြယ်တစ်စင်းဟာ တည်ငြိမ်နိုင်ပါတယ်။
တွင်းနက်ဖြစ်ဖို့ ဒြပ်ထုလုံလောက်တဲ့ကြယ်ကြီးတွေ စူပါနိုဗာပေါက်ကွဲမှုနဲ့အတူ
သေဆုံးသွားတဲ့အခါ ဒါမှမဟုတ် နျူထရွန်ကြယ်နှစ်စင်းတိုက်မိတဲ့အခါမျိုးမှာတော့ တွင်းနက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။
တွင်းနက်နဲ့ပတ်သက်လို့လဲ ကျွန်တော်တို့ အများကြီး ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာဆောင်းပါးကို
သွားရောက်ဖတ်ရှုပေးကြပါ။ အပေါ်ကဟာနဲ့ဆက်ရမယ်ဆိုရင်တော့ နျူထရွန်ကြယ်တစ်စင်းက neutron-degeneracy
pressure နဲ့ဒြပ်ဆွဲအားနဲ့ပြိုပျက်မှုကို တောင့်ခံထားချိန်မှာ ပိုမိုများပြားလာတဲ့
ဒြပ်ထုတွေကြောင့် နျူထရွန်ကြယ်ဟာ ဆက်လက်မတောင့်ခံ နိုင်တော့ဘဲရှိသမျှ ဒြပ်သားတွေဟာ
အမှတ်တစ်မှတ်ထဲကို စုပြုံသွားပြီး တွင်းနက်တစ်ခုဖြစ်ပေါ်လာတော့တယ်။
ကြားခံနယ်စပ်
ဒီလိုဆိုရင် တွင်းနက်မဖြစ်ခင်နဲ့ နျူထရွန်ကြယ်တို့ကြားမှာ ကြားခံနယ်တစ်ခုများ
ရှိနေမလားလို့ မေးစရာရှိလာပါတယ်။ တွင်းနက်မဖြစ်ခင် အကန့်အသတ်တစ်ခုရောက်ချိန် အထိ နျူထရွန်ကိုပြုလုပ်ထားတဲ့
ကွက်ခ်တွေဟာ ချိတ်ဆက်မှုမပြုလုပ်နိုင်တော့ဘဲ ကွက်ခ်တွေနဲ့ချည်း ပြုလုပ်ထားတဲ့ ကြယ်တစ်စင်းဟာ
ဒြပ်ဆွဲအားကို အံတုနိုင်ပါသလား။ ဒါကတော့ ကျွန်တော်တို့ ဒီနေ့အဖြေရှာရမယ့် မေးခွန်းဖြစ်ပါတယ်။
ကွက်ခ်ကြယ်တွေတည်ရှိနေနိုင်တယ်ဆိုတဲ့ သီအိုရီယူဆချက်ကို ပထမဆုံးစတင်
တင်ပြခဲ့သူကတော့ ဆိုဗီယက် ရူပဗေဒပညာရှင် D. D. Ivanenko နဲ့ D. F. Kurdgelaidze တို့ ဖြစ်ပါတယ်။ ဒီအရာတွေကို
တင်ပြချိန်ကစပြီး အခုအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့ lab ခန်းထဲမှာ ဒီ quark matter ကို ဖန်တီးလို့မရလို့ပါ။ ဒါပေမယ့် လျာထားတဲ့အလျောင်းအလျာနှစ်ခုတော့
ရှိပါတယ်။ အောက်ကျဆက်ပါဦးမယ်။
တည်ငြိမ်နိုင်စွမ်းနဲ့ စထရိန်းကွက်ခ်ကြယ်များ
နောက်ထပ်မေးစရာရှိတာကတော့
ဒီလိုကွက်ခ်တွေနဲ့ချည်းဖွဲ့စည်းထားတဲ့ ကြယ်တွေဟာ တည်ငြိမ်မှုရှိနိုင်ပါသလား။ စဉ်းစားကြည့်ပါ။
ကွက်ခ်တွေဆိုတာ တစ်ခုတည်း သီးသန့်မရှိနိုင်ပါဘူး။ ဒီလိုဆို ကွက်ခ်တစ်ခုဟာ မတည်ငြိမ်နိုင်ဘဲ
ချက်ချင်းဆိုသလို တွင်းနက်အဖြစ်ပြိုပျက်သွားနိုင်ပါတယ်။ ဒါဆိုကျွန်တော်တို့ ဘယ်တော့မှ
ကွက်ခ်ကြယ် ဆိုတာမျိုး ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
သုတေသီတွေအနေနဲ့ အဆိုနှစ်ခုတင်ပြထားပါတယ်။ တစ်ခုကတော့ ကွက်ခ်ကြယ်
ဆိုတာဟာ နျူထရွန်ကြယ်တစ်ခုရဲ့ အူတိုင်လို့ ဆိုပါတယ်။ ကွက်ခ်တွေချည်းပဲ ဖွဲ့စည်း ထားတဲ့
ကြယ်ဆိုတာမျိုးတော့ မရှိဘူး သူ့ရဲ့ ဗဟိုချက်မှာတော့ ကွက်ခ်တွေနဲ့ချည်းဖွဲ့စည်း ထားတဲ့
အူတိုင်တစ်ခုရှိနေနိုင်ပါတယ်။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့က အာကာသဗေဒ ပညာရှင် မိုက်ကယ်တန်နယ်ကတော့
နျူထရွန်ကြယ်ဆိုတာမရှိဘဲနဲ့ ကျွန်တော်တို့ တွေ့ရှိ ထားသမျှ နျူထရွန်ကြယ်တိုင်းဟာ ကွက်ခ်ကြယ်တွေဖြစ်တယ်လို့တောင်ဆိုပါတယ်။
စထရိန်းကွက်ခ်များ (Strange
Quark Star)
ဒုတိယတစ်ခုကတော့ စထရိန်းကွက်ခ်ကြယ်တွေဖြစ်ပါတယ်။ နာမည်ကြည့်ပြီး
မကြောက်သွားပါနဲ့ဦး။ ဒီလိုပါ။ နျူထရွန်ကြယ်ကနေ ထွက်ပေါ်လာတဲ့ ကွက်ခ်တွေဟာ up quark
နဲ့ down quark တို့ ဖြစ်ပါတယ်။ သူတို့တွေက အလွန်မြင့်မားတဲ့ အပူချိန်နဲ့ ဖိအားမှာသာ
တည်ငြိမ်မှုရှိပါတယ်။ ဒါပေမယ့် အကယ်လို့ ဒီကွက်ခ်တွေကသာ နောက်ထပ် ကွက်ခ်အမျိုးအစားဖြစ်တဲ့
strange quark တွေကို အလျင်အမြန် ပြောင်းနိုင်မယ် ဆိုရင်တော့ ကွက်ခ်တွေကြီးပဲ ဖွဲ့စည်းထားတဲ့
ကြယ်တစ်စင်းဖြစ်နိုင်ပါတယ်။ ဒါဆိုနာမည်က strange quark star ဖြစ်ပါလိမ့်မယ်။
ထူးဆန်းလို့ မဟုတ်ပါဘူး။ နာမည်ကို က strange ဖြစ်နေလို့ပါ။ ထူးတော့ ထူးဆန်းတာပေါ့နော်။
စထရိန်းကွက်ခ်တွေဟာ တည်ငြိမ်မှုအလွန်မြင့်ပါတယ်။ တည်ငြိမ်လွန်းအားကြီးတဲ့
အတွက် သူ့နဲ့ထိတွေ့သမျှအရာအားလုံးကို စထရိန်းကွက်ခ်အဖြစ် ပြောင်းပစ်နိုင်တာ ဖြစ်ပါတယ်။
ရယ်စရာကောင်းတဲ့ သီအိုရီတစ်ခုရှိပါသေးတယ်။ စထရိန်းကွက်ခ်တွေပါဝင်တဲ့ ကြယ်နှစ်စင်းတိုက်တဲ့အခါမှာ
strangelet လို့ခေါ်တဲ့ အရာလေးတွေထွက်လာပါတယ်။ ဒီ strangelet လေးတွေဟာ subatomic အရွယ်အစားသာ
ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟာ လေးတစ်ခု ကမ္ဘာကိုလွင့်လာခဲ့မယ်ဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို
စထရိန်းကွက်ခ် တွေအဖြစ် ပြောင်းပစ်လိုက်ပါလိမ့်မယ်။
ကျွန်တော်တို့အခုနောက်ပိုင်းပြောသမျှသာ စထရိန်းကွက်ခ်တွေအကြောင်းပဲ
ဖြစ်ပါလိမ့်မယ်။ ကွက်ခ်ကြယ်တွေဟာ နျူထရွန်ကြယ်တွေကနေတင်မဟုတ်ဘဲ စူပါနိုဗာ ပေါက်ကွဲမှုတွေနဲ့
မဟာပေါက်ကွဲမှုပြီးနောက် အစောပိုင်းအသွင်ပြောင်းမှုကာလတွေမှာ တောင် ဖြစ်ပေါ်ခဲ့နိုင်ပါတယ်။
အကယ်လို့ ဒီရှေးဟောင်းကြယ်ကြီးတွေဟာ strange quark matter တွေအဖြစ် အသွင်ပြောင်းနိုင်ခဲ့မယ်ဆိုရင်
ဒီကြယ်တွေဟာ တည်ငြိမ်စွာ တည်ရှိနိုင်ပြီး အခုအချိန်မှာ ကျွန်တော်တို့ ရှာတွေ့နိုင်ခြေရှိပါတယ်။
လေ့လာတွေ့ရှိမှုနဲ့ အသွင်လက္ခဏာများ
ဒီတော့ ကွက်ခ်ကြယ်နဲ့နျူထရွန်ကြယ်နှစ်စင်းယှဉ်လာမယ်ဆိုရင် ကျွန်တော်တို့
ဘယ်လိုခွဲခြားသိနိုင်ပါမလဲ။ ကွက်ခ်ကြယ်တွေနဲ့ နျူထရွန်ကြယ်တို့မှာ သူတို့မှာ ထူးခြားချက်တွေရှိနေပါတယ်။ ဒါပေမယ့် ဒါတွေကို လက်တွေ့မှာမစမ်းသပ်နိုင်တာကြောင့် ကျွန်တော်တို့
သေချာမသိနိုင်ပါဘူး။ သူတို့တောင် သေချာမသိတာကြောင့် ကျွန်တော်လဲ မပြောပြတတ်ပါဘူး။
သေချာတာတစ်ခုကတော့ ကွက်ခ်ကြယ်က နျူထရွန်ကြယ်ထက်တော့ ပိုပြီး သိပ်သည်းမှာပါပဲ။
နျူထရွန်ကြယ်တစ်စင်းဆိုတာက အက်တမ်တစ်ခုရဲ့ empty space တွေအကုန်ပျောက်ပြီး နျူထရွန်နဲ့ချည်းဖွဲ့စည်းထားတဲ့
ကြယ်ရဲ့ သဲတစ်ဇွန်းစာတောင် ကမ္ဘာပေါ်ကမြို့တစ်မြို့စာလောက်ရှိတယ်ဆိုရင် ကွက်ခ်တွေနဲ့ဖွဲ့စည်းထားတဲ့
ကြယ်က ဘယ်လောက်သိပ်သည်းမလဲ သိနိုင်ပါတယ်။
ဒါ့ကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ နျူထရွန်ကြယ်ဖြစ်သင့်တာထက်
ပိုသိပ်သည်းတဲ့ နျူထရွန်ကြယ်တွေကို ရှာဖွေကြပါတယ်။ ၂၀၀၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ
ချန်ဒရာ X-rays နက္ခတ်ကြည့်မျှော်စင်ကနေပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ ကွက်ခ်ကြယ်နှစ်စင်း
တွေ့ရှိ ခဲ့ပါတယ်။ တစ်ခုကတော့ RX-J18565-3754 ဖြစ်ပြီး ကမ္ဘာနဲ့ အလင်းနှစ် ၄၀၀ အကွာမှာ
တည်ရှိပါတယ်။ ဒါက အစကတော့ နျူထရွန်ကြယ်ပါ။ ဒါပေမယ့် သူကနျူထရွန်ကြယ် ဖြစ်ဖို့ အလွန်သေးနေပြီး
၁၁ ကီလိုမီတာလောက်ပဲ ရှိပါတယ်။ နျူထရွန်ကြယ်တွေရဲ့ အကန့်အသတ်က အနည်းဆုံးတော့ ၂၀ ကီလိုမီတာရှိသင့်ပါတယ်။
ဒုတိယတစ်ခုကတော့ 3C58 ဖြစ်ပြီး ကမ္ဘာနဲ့ အလင်းနှစ် ၁၀၀၀၀ အကွာမှာ
တည်ရှိ ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ နျူထရွန်ကြယ်တစ်စင်းရှိသင့်တဲ့ cooling rate
ထက် အရမ်းမြန်နေတာပါ။ up quark နဲ့ down quark ကနေ စထရိန်းကွက်ခ်ကို ပြောင်းတဲ့ အချိန်မှာ
ကြယ်ကနေအပူကို စွမ်းအင်အဖြစ် ကူးပြောင်းတာကြောင့် အပူချိန်လျော့ကျ တာဖြစ်ပါတယ်။ အပူချိန်
၁.၅ သန်းဒီဂရီဆဲလ်စီးယပ်စ်ရှိပြီး နျူထရွန်ကြယ်တစ်စင်း ရှိသင့်တဲ့ အပူချိန်ရဲ့ တစ်ဝက်လောက်ပဲရှိပါတယ်။
နိဂုံးချုပ်အနေနဲ့ ကွက်ခ်ကြယ်တွေဟာ စကြဝဠာဆန်းကြယ်မှုတွေထဲက တစ်ခုဖြစ်
ပါတယ်။ တချို့ကတော့ ဒါတွေမရှိဘူးဆိုချင်ဆိုပါလိမ့်မယ်။ ဒါပေမယ့် သတိရရမှာကတော့ တွင်းနက်လိုမျိုး
ထူးဆန်းတဲ့ အရာဝတ္ထုတွေတောင် ရှိနိုင်တယ်ဆိုရင် ဒါတွေလဲ ရှိနေနိုင် ပါတယ်။ ကျွန်တော်တို့
မျက်စိလျှမ်းပြီး မတွေ့သေးတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တကယ်မရှိတာလဲ ဖြစ်နိုင်ပါတယ်။
အကယ်လို့ ကျွန်တော်တို့ မျိုးဆက်မှာသာ တွေ့ခဲ့မယ် ဆိုရင်တော့
လုံးဝအကြီးအကျယ် သိပ္ပံအသိုင်းအဝိုင်းကို လှုပ်ခတ်သွားစေမှာပါ။
All photos are credited to
Google
ကိုးကား
What
is a Quark Star? ~ Psy Minds (psy-minds.com)
The Quark Star | Strange
Black Hole/Neutron Star - YouTube
The Most
Dangerous Stuff in the Universe - Strange Stars Explained - YouTube
Strange Stars |
Space Time | PBS Digital Studios - YouTube
Comments
Post a Comment