နာဆာ၏ ဒေါ်လာဆယ်ဘီလီယံတန် ဓာတ်ပုံ။

 

          ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ် စလွှတ်ကတည်းက ကျွန်တော်တို့ သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို အဆက်မပြတ် စောင့်ကြည့်ခဲ့ကြတာ အခုဆိုရင် သူ့ရဲ့သိပ္ပံပန်းတိုင်တွေကို ဆောင်ရွက်နိုင်တော့မယ့် ပထမဆုံး ဓာတ်ပုံကို ပြသနိုင်ခဲ့တဲ့အထိပါပဲ။ နိုင်ငံတကာ မှာသာမကဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ဒီဓာတ်ပုံအကြောင်းနဲ့ပတ်သက်ပြီး လူထုရဲ့ စိတ်ဝင်စားမှု ရရှိခဲ့တာဖြစ်ပါတယ်။

          ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဂျိမ်းစ်ဝပ်စ်တယ်လီစကုပ် ကြီးအကြောင်း အကျဉ်းချုပ်ကို ဖော်ပြချင်ပါတယ်။ နောက်ပြီးရင်တော့ ဒီဓာတ်ပုံက ဘာတွေပြောပြနေတာလဲ။ နောက်ပိုင်းမှာကော ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်က ဘာတွေ လုပ်ဆောင်သွားဖို့ ရှိသလဲ စတာတွေကို ဆက်ဆွေးနွေးသွားပါမယ်။

စွမ်းဆောင်ရည်အမြင့်ဆုံး အနီအောက်ရောင်ခြည် တယ်လီစကုပ်

          စကြဝဠာကြီးကို လေ့လာတဲ့နေရာမှာ တယ်လီစကုပ်တွေရဲ့ ပါဝင်မှုဟာ အဓိက ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ စကြဝဠာတစ်ခုလုံးမှာ ကျွန်တော်တို့ လေ့လာနိုင် တာဟာ အလင်းတစ်ခုသာ ရှိလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ ကျွန်တော်တို့ဟာ စွမ်းအား ကြီးမားတဲ့ တယ်လီစကုပ်တွေကို အသုံးပြုပြီး စကြဝဠာသမိုင်းကြောင်းကို လေ့လာရပါ တယ်။

          ကနဦးမှာ မြေပြင်တယ်လီစကုပ်တွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာကာသတယ်လီစကုပ်တွေကိုပါ အသုံးပြုလာကြပါတယ်။ အာကာသတယ်လီစကုပ် ပေါင်းများစွာ ရှိပေမယ့် အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးကတော့ ကျွန်တော်တို့ ရင်းနှီး ပြီးသားဖြစ်တဲ့ ဟယ်ဘယ်တယ်လီစကုပ်ဘဲ ဖြစ်ပါတယ်။ ဟယ်ဘယ်စကုပ်က  ရခဲ့တဲ့ ပုံရိပ်တွေနဲ့ အချက်အလက်တွေဟာ သိပ္ပံအသိုင်းအဝိုင်းကို အလွန်အကျိုးပြုခဲ့တာ မှန်ပေ မယ့် တချို့နေရာတွေမှာတော့ အကန့်အသတ်တွေရှိနေပါတယ်။ ဒါ့ကြောင့်မလို့ သိပ္ပံပညာ ရှင်တွေအနေနဲ့ သူ့ထက် ပိုပြီးသာလွန်မယ့် နောက်ထပ်မျိုးဆက်သစ်တယ်လီစကုပ်ကို လွှတ်တင်ဖို့ စဉ်းစားခဲ့ကြပါတယ်။

          အမျိုးမျိုးသော အခက်အခဲတွေနဲ့ ကြန်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆယ်စုနှစ် နှစ်ခုအကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဂျိမ်းစ်ဝပ်ဘ်တယ်လီစကုပ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဟယ်ဘယ်နဲ့မတူတာကတော့ ဝပ်ဘ်ဟာ ကမ္ဘာ့ပတ်လမ်းကြောင်း မှာ ပတ်မှာ မဟုတ်ဘဲ ကမ္ဘာနဲ့နေကြားက ဒြပ်ဆွဲအားတည်ငြိမ်မှတ်တစ်ခုဖြစ်တဲ့ lagrange point 2 (L2) မှာ လှည့်ပတ်နေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့မိုင်တစ်သန်းအကွာက ပန်းတိုင်အမှတ်ကို ရောက်ဖို့ ကျွန်တော်တို့ အချိန်တစ်ခု စောင့်ခဲ့ရပါတယ်။

          ဟယ်ဘယ်နဲ့ဝပ်ဘ်တို့ကြားမှာ ကွာခြားမှုများစွာရှိတဲ့အနက် အထူးခြားဆုံး နှစ်ခု ကတော့ ဝပ်ဘ်ရဲ့ နေဒိုင်းကာကြီးနဲ့ အနီအောက်ရောင်ခြည်စွမ်းရည်တို့ပဲ ဖြစ်ပါတယ်။ သာမန်တယ်လီစကုပ်တွေလိုမျိုး အပူကာအုပ်ထားခြင်း မဟုတ်ဘဲ ဝပ်ဘ်မှာက စွန်သဏ္ဍာန် ဒိုင်းကာကြီးတစ်ခု ပါဝင်လာပါတယ်။ ဒါ့ကြောင့်မလို့ ဒါကြီးကို ဖြန့်ထုတ်ဖို့ လုပ်ငန်းစဉ်ဟာလည်း အချိန်တစ်ခု ပေးခဲ့ရပါတယ်။

          မြင်နိုင်တဲ့အလင်း၊ ခရမ်းလွန်ရောင်ခြည်နဲ့ အနီအောက်ရောင်ခြည်အနီးအနား တို့မှာ ဆောင်ရွက်ခဲ့တဲ့ ဟယ်ဘယ်နဲ့ မတူတာကတော့ ဝပ်ဘ်ဟာ ပိုပြီးကြိမ်နှုန်းနိမ့်တဲ့ နယ်ပယ် (အနီရောင်ကနေ အနီအောက်ရောင်ခြည်အလယ် (mid-infrared) အထိ) မှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအတွက်လဲ ဝပ်ဘ်မှာ အထူးဒီဇိုင်းဆွဲပြုလုပ်ထားတဲ့ အနီအောက်ရောင်ခြည် ကင်မရာ လေးခုပါဝင်ပါတယ်။ ဒါ့ကြောင့် ဝပ်ဘ်တယ်လီစကုပ် ဟာ လွှတ်တင်ခဲ့ဖူးသမျှတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံး တယ်လီစကုပ် တစ်ခုဖြစ်ပါတယ်။



          မကြာသေးခင်က ဝပ်ဘ်တယ်လီစကုပ်ကို မိုက်ခရိုဥက္ကာခဲတစ်ခု ထိမှန်ခဲ့တာက လွဲပြီး ကျန်လုပ်ငန်းစဉ်အားလုံးက ထင်ထားတာထက်ကို ပိုပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်မလို့ လွှတ်တင်ပြီး ၈ လမြောက်မှာတော့ ဝပ်ဘ်ဟာ သူ့ရဲ့ပထမဆုံး ဓာတ်ပုံကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဝပ်ဘ်တယ်လီစကုပ်လွှတ်တင်နိုင်ဖို့ အမေရိကန်နိုင်ငံဟာ ဒေါ်လာ ၁၀ ဘီလီယံခန့် အသုံးပြုခဲ့ရတာမလို့ ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံဟာ ဒေါ်လာ ၁၀ ဘီလီယံ တန် ဓာတ်ပုံလို့ ဆိုရင်လဲ မမှားနိုင်ပါဘူး။

ဝပ်ဘ်ရဲ့ပထမဆုံး ဓာတ်ပုံ။


July 6 ရက်နေ့တွင် ထုတ်ပြန်ခဲ့သော test image 

          ဝပ်ဘ်ဟာ ဒီလိုပထမဆုံးဓာတ်ပုံ မထုတ်ပြန်ခင်မှာ စမ်းသပ်ကာလအတွင်း အစမ်း ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါသေးတယ်။ အခုထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံကတော့ ကာလာသွင်း ပုံရိပ်ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ လူထုကို surprise လုပ်ချင်တာကြောင့် ပထမဆုံးဓာတ်ပုံအတွက် ဘယ်နေရာကို ရွေးချယ်ထားသလဲဆိုတာအတွက် လုံးဝ နှုတ်ဆိတ်နေခဲ့ကြပါတယ်။ ဒီနေ့မနက်ကြမှ သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ဒီဓာတ်ပုံကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

          “နားလည်ဖို့တောင်ခက်ခဲလှပါတယ်” လို့ သမ္မတ ဂျိူးဘိုင်ဒန်က ဆိုပါတယ်။

          “ဒီပုံရိပ်တွေကနေပြီးတော့ အမေရိကန်နိုင်ငံဟာ ကြီးကျယ်တဲ့အရာတွေကို လုပ်နိုင်စွမ်းရှိကြောင်း ကမ္ဘာကြီးကို သတိရစေပြီး အမေရိကန်လူမျိုးတွေကိုလဲ အဓိကအားဖြင့်တော့ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေကို ကျွန်တော်တို့ မလုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာကို သတိပေးနေပါတယ်။”

          ကျွန်တော်တို့ အခုမြင်တွေ့နေရတဲ့ပုံဟာ စကြဝဠာကြီးရဲ့ အနက်ရှိုင်းဆုံးနဲ့ အပြတ်သားဆုံး ပုံရိပ်တစ်ခု ဖြစ်ပါတယ်။ နောက်မျိုးဆက်သစ်တယ်လီစကုပ်တွေမှသာ ဒီထက်ပိုပြီးနက်ရှိုင်းပြတ်သားတဲ့ ပုံရိပ်ကို တတ်နိုင်စွမ်းရှိပါလိမ့်မယ်။ ဝပ်ဘ်အဖွဲ့သားတွေ အနေနဲ့ ပထမဆုံးပစ်မှတ်ကို SMACS 0723 လို့အမည်ရတဲ့ ဂလက်စီအစုအဝေး (galaxy cluster) ကို ရိုက်ကူးဖို့ စီစဉ်ခဲ့ပုံရပါတယ်။  ဟယ်ဘယ်ကနေ ရထားတဲ့ ပုံနဲ့ အခုပုံကို နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် ဝပ်ဘ်ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်မြင့်မားတယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်။

          ဂလက်စီအစုအဝေးကြီးရဲ့ ဒြပ်ဆွဲအားက gravitational lens effect ကြောင့် အနောက်က ဂလက်စီတွေရဲ့ အလင်းကို ကွေးညွှတ်သွားစေတာကိုလဲ ပုံမှာမြင်နိုင်ပါတယ်။ ဒီလိုဝေးကွာပြီး မှေးမှိန်တဲ့ အလင်းကို ပြတ်သားအောင် ဖော်ပြပေးနေတာကတော့ ဝပ်ဘ်ရဲ့ အနီအောက်ရောင်ခြည် ကင်မရာလေးခုထဲက NIRCam ကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ ကျွန်တော်တို့ဟာ တစ်ခါမှမမြင်ဖူးသေးတဲ့ သေးငယ်၊ မှေးမှိန်တဲ့ တည်ဆောက်ပုံတွေကို မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒီထဲမှာ ကြယ်အစုအဝေးတွေနဲ့ မှုန်ပြပြအသွင်လက္ခဏာအချို့လဲ ပါဝင်ပါတယ်။ ပုံထဲမှာ မြင်နေရတဲ့ တောက်ပနေတဲ့ ဝတ္ထုတွေကတော့ ကျွန်တော်တို့ နဂါးငွေ့တန်းအတွင်းက ဒေသတွင်း ကြယ်လေးတွေ ဖြစ်ပါတယ်။

          ဝပ်ရဲ့ NIRCam နဲ့ ရိုက်ကူးခဲ့တဲ့ ဒီ deep field image ဟာ လှိုင်းအလျားအမျိုးမျိုး မှာရရှိထားတဲ့ ပုံရိပ်တွေကို စုပေါင်းထားတာဖြစ်ပြီး စုစုပေါင်း ကြာချိန်အားဖြင့် ၁၂.၅ နာရီ ကြာမြင့်ပါတယ်။ ဒီလိုပုံရိပ်မျိုးရဖို့ ဟယ်ဘယ်သာဆို သီတင်းပတ်များစွာ အချိန်ယူရမှာပါ။ အခုရရှိထားတဲ့ ပုံရိပ်ဟာ ကောင်းကင်ရဲ့ သဲတစ်မှုန်စာမြင်ကွင်းလေးသာဖြစ်ပါတယ်။

အနာဂတ်အစီအစဉ်  

          ဝပ်ဘ်ရဲ့ အဓိကပန်းတိုင်နှစ်ခုကတော့ စကြဝဠာအစောပိုင်းကာလ လွန်ခဲ့တဲ့ နှစ်ပေါင်း အချိန် ၁၃ ဘီလီယံကာလကို လေ့လာဖို့နဲ့ ကမ္ဘာ့ပြင်ပက ဂြိုဟ်တွေကို လေ့လာဖို့ ဖြစ်ပါတယ်။ သိပ်မကြာခင်ကဘဲ ဝပ်ဘ်ဟာ WASP-96          b လို့ခေါ်တဲ့ ပြင်ပဂြိုဟ်တစ်ခုရဲ့ အလင်းကို သရုပ်ခွဲစိစစ်ပြီး အသေးစိတ်အချက်အလက်တွေကို ရယူနိုင်ခဲ့ပါတယ်။ အရင် တုန်းက နည်းပညာနဲ့သာဆိုဒါမျိုး လုပ်နိုင်မှာမဟုတ်ပါဘူး။

          “အရင်တုန်းက နည်းပညာနဲ့သာဆိုရင် အလွန်မှောင်တဲ့အခန်းတစ်ခန်းထဲမှာ ပင်အပ်ပေါက်ရာလေးတစ်ခုကို ဖြတ်ပြီးကြည့်နေရသလိုပဲ။ အခုဝပ်ဘ်နဲ့ကြတော့ အပေါက် အကျယ်ကြီးဖွင့်ပေးလိုက်ပြီး အသေးစိတ်အားလုံးကို ကြည့်လို့ရသွားပါပြီ။” လို့ ပညာရှင် တစ်ယောက်က ဆိုပါတယ်။

          သူ့ရဲ့ပထမဆုံးပုံရိပ်ကို ထုတ်လွှတ်ပြီးနောက်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက နက္ခတ္တ ပညာရှင်တွေအဖို့ တယ်လီစကုပ်ကို မျှဝေသုံးစွဲဖို့ အချိန်အသီးသီးရကြပါလိမ့်မယ်။ ဘယ်အဖွဲ့က ဘယ်ပရောဂျက်ကို လုပ်ဆောင်ခွင့်ရမယ်ဆိုတာကို ရွေးချယ်သူတွေက ရွေး ပေးကြပါလိမ့်မယ်။

          ဝပ်ဘ်တယ်လီစကုပ်ဟာ နှစ် ၂၀ သက်တမ်း ရှိလိမ့်မယ်လို့ နာဆာက ခန့်မှန်းထားပြီး အာကာသကြီးရဲ့ အခြေခံမေးခွန်းတွေကို အဖြေပေးနိုင်ဖို့ ဟယ်ဘယ်နဲ့ စပစ်ဇာတယ်လီစကုပ်တို့နဲ့အတူ ပူးတွဲလုပ်ဆောင်သွားပါလိမ့်မယ်။ နောက်ပိုင်းရက်တွေ ကတော့ ဝပ်ဘ်က ထွက်ပေါ်လာတဲ့ ပုံရိပ်တွေကို ကျွန်တော်တို့ တစ်သီကြီး စောင့်ကြည့် ရုံပါပဲ။

All photos are credited to Google

သိပ္ပံဆောင်းပါးများ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

ကိုးကား

Webb telescope reveals deepest image of early universe (phys.org)

NASA’s Webb Delivers Deepest Infrared Image of Universe Yet | NASA

James Webb Space Telescope - Wikipedia

Neil deGrasse Tyson | Facebook

 

#newstein

#jameswebbspacetelescope

#firstimage

#july12

 

         

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။