ကမ္ဘာ့ပြင်ပဂြိုဟ်တစ်လုံးကနေ ဝပ်ဘ်တယ်လီစကုပ်ရရှိခဲ့တဲ့ အချက်အလက်တွေက သိပ္ပံပညာရှင်တွေကို ဘယ်လိုအကျိုးပြုနိုင်မလဲ။
မနေ့ညကတော့ တကယ့်ကို အံ့အားသင့်ဖွယ် ညတစ်ညဖြစ်ခဲ့တာပါပဲ။ ဂျူလိုင်လ
၁၁ ရက်နေ့ ညနေပိုင်းမှာ သမ္မတဂျိူးဘိုင်ဒန်က ဝပ်ဘ်ရဲ့ ပထမဆုံး ပုံရိပ်ဖြစ်တဲ့ Deep
Field Image ကို ပြသခဲ့ပြီးနောက်မှာတော့ ဂျူလိုင်လ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီမှာ
နောက်ဆက်တွဲပုံရိပ်လေးခုကို ဆက်လက်ပြသခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ပုံရိပ် လေးခုစလုံးဟာ
အံ့အားသင့်ဖွယ် ပြတ်သားထင်ရှားတဲ့ ပုံရိပ်တွေဖြစ်ခဲ့ပြီး နက္ခတ္တဗေဒ ပညာရပ်ဟာ နောက်ထပ်တစ်ဆင့်ကို
တက်လှမ်းသွားခဲ့ပြီဆိုတာ ထင်ထင်ရှားရှား ပြသနေ ခဲ့ပါတယ်။ ဒီပုံလေးခုထဲမှာ ကျွန်တော်စိတ်ဝင်စားဆုံးကတော့
exoplanet data ပဲ ဖြစ်ပါ တယ်။ ဒါ့ကြောင့်မလို့ ဒီနေ့မှာတော့ အခုရရှိခဲ့တဲ့
exoplanet data အသစ်ကနေပြီးတော့ သိပ္ပံပညာရှင်တွေကို ဘာအချက်အလက်အသစ်တွေ ပြောပြနိုင်သလဲဆိုတာကို
တင်ပြ သွားပါမယ်။
ဂျိမ်းစ်ဝပ်တယ်လီစကုပ်ရဲ့ အဓိကပန်းတိုင်နှစ်ခုထဲမှာ ကမ္ဘာ့ပြင်ပဂြိုဟ်
(exoplanet) တွေကို လေ့လာဖို့ကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တကယ့်ရည်မှန်းချက် အစစ်ကတော့
သက်ရှိရှင်သန်နိုင်မယ့် ကမ္ဘာမဟုတ်တဲ့ တခြားဂြိုဟ်တွေကို ရှာဖွေဖို့ ဖြစ် ပါတယ်။ exoplanet
ကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်တော့ နေအဖွဲ့အစည်း ပြင်ပမှာရှိနေတဲ့ ဂြိုဟ်လို့ သတ်မှတ်လို့ရတဲ့
ဂြိုဟ်တွေအားလုံးဖြစ်ပါတယ်။ exoplanet တွေကို စတင်တွေ့ ရှိချိန်က စလို့ အခုအချိန်အထိ
သူတို့ပတ်သက်တဲ့ သိရတဲ့သတင်းအချက်အလက်ဟာ အလွန်နည်းပါးလှတာကို တွေ့ရပါတယ်။ အဓိကအကြောင်းအရင်းကတော့
သူတို့ဟာ အလွန်သေးငယ်လွန်းနေတာရယ်၊ သူတို့မိခင်ဂြိုဟ်ရဲ့ အလင်းအားက သူတို့ကို ဖုံးလွှမ်းနေ
တာရယ်ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် exoplanet တွေကို လေ့လာဖို့ရာ လွယ်ကူလှတာ တော့မဟုတ်ပါဘူး။
အခုအချိန်အထိ exoplanet တွေကို သွယ်ဝှိက်နည်းလမ်းတွေနဲ့သာ အများစု
လေ့လာနိုင်ပြီး ဓာတ်ပုံရိုက်ကူးနိုင်တာဆိုလို့ (တကယ်တော့ အစက်လေးတစ်ခုကိုပဲ မြင်ရ တာပါ)
တစ်ခုသာ ရှိခဲ့ပါတယ်။ သွယ်ဝှိက်နည်းလမ်းအမျိုးမျိုးနဲ့ လေ့လာခဲ့ရာ အထင်ရှား ဆုံး နည်းလမ်းတစ်ခုကတော့
transition method ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင် exoplanet တစ်ခုဟာ မိခင်ကြယ်ကို
ဖြတ်သန်းသွားတဲ့အချိန်မှာ မိခင်ကြယ်ရဲ့ အလင်း အားကို မဆိုသလောက်လေး မှေးမှိန်သွားမှုကနေ
တစ်ဆင့်တိုင်းတာတာ ဖြစ်ပါတယ်။ နက္ခတ္တဗေဒမှာတော့ ဒီဖြစ်စဉ်ကို light curve မှာ dip
ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒီက နေတစ်ဆင့် ဂြိုဟ်ရဲ့ ရောင်စဉ်ကို ခွဲခြမ်းစိတ်ဖြာပြီး
ဂြိုဟ်ရဲ့ လေထုမှာ ဘာတွေပါဝင်နေသ လဲဆိုတာကို လေ့လာနိုင်ပါတယ်။
ဝပ်ဘ်တယ်လီစကုပ်အနေနဲ့ ဒီနည်းလမ်းကိုပဲ exoplanet တစ်ခုအပေါ်မှာ
အသုံးပြု ခဲ့ပြီး အရင်ကမမြင်ဖူးသေးတဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။
ဒီ လေ့လာစူးစမ်းမှုမှာတော့ ကျဆင်းသွားတဲ့အလင်းရောင်လေးပေါ်မှာ အခြေခံပြီးတော့ ဘယ်မော်လီကျူးတွေ
ဒီဂြိုဟ်ရဲ့လေထုထဲမှာတည်ရှိနေသလဲဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး အလင်းနှစ်ရာပေါင်းများစွာက
လေထုတစ်ခုကို စိစစ်သရုပ်ခွဲနိုင်တဲ့ ဝပ်ဘ်ရဲ့စွမ်းဆောင် ရည်ကို ပြသနိုင်ခဲ့ပါတယ်။
WASP-96b
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ဟယ်ဘယ်တယ်လီစကုပ်အနေနဲ့ exoplanet
ပေါင်းများစွာရဲ့ လေထုကိုသရုပ်ခွဲစိစစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ သူတို့တွေရဲ့ လေထု
အတွင်းမှာ ရေတည်ရှိကြောင်း ခိုင်ခိုင်မာမာ ထောက်လှမ်းနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဝပ်ဘ်အနေနဲ့ကတော့
ပထမဆုံးတစ်ခုမှာတင် ဂြိုဟ်ရဲ့လေထုကို အတိအကျအပြတ်သား ဆုံး ထောက်လှမ်းနိုင်ခဲ့တာကြောင့်
ကမ္ဘာ့ပြင်ပက သက်ရှိရှင်သန်နိုင်တဲ့ ဂြိုဟ်တွေကို ရှာဖွေဖို့ ဝပ်ဘ်ဟာ မေးခွန်းထုတ်စရာမလိုလောက်အောင်
စွမ်းဆောင်ရည်ပြည့်ဝနေတယ် ဆိုတာ မြင်နိုင်ပါတယ်။
WASP-96b ဟာ နဂါးငွေ့တန်းဂလက်စီအတွင်းမှာရှိတဲ့
အတည်ပြုပြီးသား exoplanet ၅၀၀၀ ကျော်ထဲက တစ်ခုဖြစ်ပြီး ကမ္ဘာနဲ့ အလင်းနှစ် ၁၁၅၀ အကွာမှာ
တည်ရှိ ပါတယ်။ သူက ကျွန်တော်တို့ နေအဖွဲ့အစည်းအတွင်းက ဘယ်ဂြိုဟ်နဲ့မှ အမျိုးအစား မတူ
တဲ့ hot-jupiter လို့ခေါ်တဲ့ ဓာတ်ငွေ့ဂြိုဟ်တစ်စင်းဖြစ်ပါတယ်။ ဂျူပီတာဂြိုဟ်ဒြပ်ထုရဲ့
တစ်ဝက်လောက်ရှိနိုင်ပြီး အချင်းကတော့ ၁.၂ ဆ ပိုကြီးပါတယ်။ ဆိုရသော် WASP-96b ဟာ နေအဖွဲ့အစည်းအတွင်းက
ဂြိုဟ်တွေအားလုံးထက် ပိုပြီး ပွရောင်းရောင်ဖြစ်နေပါ တယ်။ နောက်ပြီး သူ့ရဲ့မိခင်ဂြိုဟ်နဲ့
အလွန်နီးကပ်စွာလှည့်ပတ်နေတာကြောင့် (တစ်ပတ်ပြည့်ရန် ကမ္ဘာရက် ၃ ၁/၂ ရက်သာကြာမြင့်ပြီး
နေနဲ့မာကျူရီတို့ထက်ကို ပိုပြီးနီးကပ်နေပါတယ်) အပူချိန် ဟာ ၁၀၀၀ ဒီဂရီဖာရင်ဟိုက်လောက်ရှိပါတယ်။
ကြီးမားတဲ့အရွယ်အစား၊ တိုတောင်းတဲ့ပတ်လမ်းကြာချိန်၊ ပွရောင်းရောင်းလေထုနဲ့
အနီးအနားက အရာဝတ္ထုတွေရဲ့ အလင်းညစ်ညမ်းမှုမရှိခြင်းတို့ကြောင့် WASP-96b ဟာ ဝပ်ဘ်ရဲ့
လေထုစူးစမ်းလေ့လာမှုအတွက် အကောင်းဆုံးပစ်မှတ်ဖြစ်ခဲ့တာကတော့ ထူးဆန်းမယ်မထင်ပါဘူး။
ဂျွန်လ ၂၁ ရက်နေ့မှာ ဝပ်ဘ်ရဲ့ Near Infrared Imager and
Slitless Spectrograph (NIRISS) ဟာ WASP-96 စနစ်ရဲ့ အလင်းကို ၆.၄ နာရီကြာအောင် တိုင်းတာခဲ့ပါတယ်။
ရလဒ်မှာတော့ transit ဖြစ်ချိန်မှာ light curve မှာ လျော့ကျသွားတဲ့ စုစုပေါင်းအလင်းကို
ပြသနေပြီး ရောင်စဉ်မှာတော့ 0.6 နဲ့ 2.8 micros ကြားက အနီအောက်ရောင်ခြည် လှိုင်းအလျားတစ်ခုချင်းစီရဲ့
အလင်းအားပြောင်းလဲမှုကို ဖော်ပြ နေခဲ့ပါတယ်။
Light curve ကနေပြီးတော့ အရင်လေ့လာမှုတွေတုန်းက ရရှိထားတဲ့ ဂြိုဟ်ရဲ့
ဂုဏ်သတ္တိ (သူ့ရဲ့တည်ရှိမှု၊ အရွယ်စားနဲ့ ပတ်လမ်းအကွာအဝေး) တွေကို အတည်ပြု ပေးနိုင်ခဲ့ပြီး
ရောင်စဉ်ကနေပြီးတော့ လေထုရဲ့ဖုံးကွယ်ထားတဲ့ အသေးစိတ်အချက် အလက်တွေကို ဖော်ပြနိုင်ခဲ့ပါတယ်။
ဒီထဲမှာတော့ ရေတည်ရှိမှုအတွက် မငြင်းနိုင်တဲ့ လက္ခဏာ၊ မြူခိုးတွေ တည်ရှိကြောင်း ညွှန်ပြချက်တွေနဲ့
အရင်လေ့လာမှုတွေတုန်းက မရှိဘူးလို့ ထင်ခဲ့တဲ့ တိမ်တိုက်တည်ရှိမှုတွေကိုပါ ပြသနိုင်ခဲ့ပါတယ်။
(သူ့ရဲ့မိခင်ဂြိုဟ်နဲ့ အလွန်နီးကပ်တာကြောင့် ရေဟာ အရည်အနေနဲ့ တည်ရှိနေခြင်းတော့ မဟုတ်ပါ။)
သုတေသီတွေအနေနဲ့ မိခင်ကြယ်ရဲ့အလင်းကနေ စုပ်ယူခံလိုက်ရတဲ့ အပိုင်းကနေ
ပြီးတော့ ဒီဂြိုဟ်ရဲ့လေထုအတွင်းမှာ ပါဝင်နေတဲ့ အဓိကဓာတ်ငွေ့တွေကို တိုင်းတာနိုင်ခဲ့
ပါတယ်။ လူတွေမှာ မတူကွဲပြားတဲ့ လက်ဗွေရာနဲ့ DNA တို့ တည်ရှိသလိုမျိုးပဲ အက်တမ် တွေ
မော်လီကျူးတွေမှာလဲ ထူးခြားတဲ့ ဝိသေဿလက္ခဏာတွေရှိတာကြောင့် စုပ်ယူခံလိုက်ရတဲ့ ဘယ်လှိုင်းအလျားဟာ
ဘယ်အက်တမ်၊ ဘယ်မော်လီကျူးဖြစ်ကြောင်း ခွဲခြား သိမြင်နိုင်ပါတယ်။
NIRISS ဖမ်းယူခဲ့တဲ့ WASP-96b ရဲ့ ရောင်စဉ်ဟာ exoplanet လေထုတစ်ခုအတွက်
အသေးစိတ်အကျဆုံး near-infrared spectrum တစ်ခုတင်မဟုတ်ဘဲ တခြားတခြားသော လှိုင်းအလျားတွေကိုလဲ
ပြောင်မြောက်စွာ ဖော်ပြနိုင်ပါသေးတယ်။ ဒီထဲမှာတော့ တခြား သော တယ်လီစကုပ်တွေတုန်းက မဖြစ်နိုင်ခဲ့တဲ့
ရောင်စဉ်အစိတ်အပိုင်းတစ်ခု (1.6 microns ထက် ပိုရှည်လျားသော လှိုင်းအလျား) နဲ့ မြင်နိုင်တဲ့အနီရောင်အလင်းတို့လဲ
ပါဝင် ခဲ့ပါတယ်။ ဒီရောင်စဉ်အပိုင်းဟာဆိုရင်တော့ ရေအပြင် တခြားသော အဓိကမော်လီကျူး တွေဖြစ်တဲ့
အောက်စီဂျင်၊ မီသိန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို အာရုံခံမှု အလွန်အား ကောင်းတာ
ဖြစ်ပါတယ်။ လောလောဆယ်မှတော့ ဒါတွေက WASP-96b မှာ မရရှိနိုင်ခဲ့ ပေမယ့် နောက်ပိုင်းလေ့လာမှုတွေမှာတော့
သူတို့ကို ထောက်လှမ်းမိကောင်း ထောက်လှမ်း မိနိုင်ပါတယ်။
ဒီရောင်စဉ်ကိုအသုံးပြုပြီးတော့ သုတေသီတွေဟာ လေထုအတွင်းမှာ ပါဝင်တဲ့
ရေငွေ့ပမာဏကို တိုင်းတာနိုင်ခဲ့ပြီး ကာဗွန်နဲ့ အောက်စီဂျင် တို့လိုမျိုး ဒြပ်စင်တွေ
ဘယ် လောက်ထိ ပေါကြွယ်ဝမှုရှိသလဲ ဆိုတာကို ကန့်သတ်နိုင်ခဲ့တဲ့အပြင် လေထုရဲ့အပူချိန်ကို
လဲ အနိမ့်အမြင့်အတက်အကျအလိုက် ဘယ်လောက်ရှိတယ်ဆိုတာကို ခန့်မှန်းနိုင်ခဲ့ပါ တယ်။ ဒီအချက်အလက်တွေကို
အသုံးပြုပြီးတော့ ဂြိုဟ်တစ်ခုလုံးကို ဘာတွေနဲ့ ပြုလုပ် ထားသလဲဆိုတာ ကောက်ချက်ချနိုင်မယ့်အပြင်
ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို ဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုပါ ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမျိုး ပြတ်ပြတ်သားသား ထင်ထင်ရှားရှား တိုင်းတာမှုတွေကို ပြုလုပ်နိုင်တာက
လဲ ဝပ်ဘ်ရဲ့နောက်ဆုံးပေါ် ဒီဇိုင်းကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ စတုရန်းပေ ၂၇၀ ရှိတဲ့
ရွှေအုပ် ထားတဲ့ မှန်ပြားကြီးဟာ အနီအောက်ရောင်ခြည်ကို လုံလုံလောက်လောက် စုဆောင်းနိုင်
ပြီး သူ့ရဲ့အလွန်တိကျလှတဲ့ ရောင်စဉ်ခွဲကိရိယာတွေက ရလာတဲ့အလင်းကို ထောင် ပေါင်းများစွာသော
အနီအောက်ရောင်ခြည်တွေအဖြစ်ခွဲထုတ်နိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အလွန်အာရုံခံနိုင်စွမ်းကောင်းတဲ့
အနီအောက်ရောင်ခြည်ထောက်လှမ်းစက်တွေက ဒီအလင်းရောင်ပြောင်းလဲမှုလေးတွေမှာ အလွန်အလွန်သေးငယ်တဲ့
ကွဲပြားမှုလေးတွေကို တိုင်းတာနိုင်ပါသေးတယ်။ NIRISS က တစ်မိုက်ခရွန်ရဲ့ တစ်ထောင်ပုံတစ်ပုံမှာရှိတဲ့
အရောင်ကွဲပြားမှု (အဝါနဲ့အစိမ်းကြားကကွဲပြားမှုက ၅၀ မိုက်ခရွန်ရှိပါတယ်) လေးတွေ ကိုတောင်
ထောက်လှမ်းနိုင်စွမ်းရှိပါတယ်။
ဒါ့အပြင် ကမ္ဘာနဲ့မိုင်တစ်သန်းအကွာက L2 အမှတ်မှာလှည့်ပတ်နေတာကြောင့်
ကမ္ဘာ့လေထုရဲ့ အလင်းညစ်ညမ်းမှုကနေ အဝေးရောက်နေတာကြောင့် ကြည်လင် ပြတ်သားတဲ့ မြင်ကွင်းနဲ့
အချက်အလက်တွေကို အလျင်မြန်ဆုံး ရယူနိုင်ပါသေးတယ်။
လေ့လာမှုတစ်လျှောက် ဖမ်းယူရရှိထားတဲ့ အခုပေါင်း ၂၈၀ ရဲ့ ရောင်စဉ်
တစ်ခုချင်းစီကို တစ်ပြိုင်နက် စိစစ်သရုပ်ခွဲမှကနေ ရရှိထားတဲ့ အတော်လေးကို အသေးစိတ်ကျလှတဲ့
ရောင်စဉ်ဟာ နောက်ပိုင်း exoplanet research အတွက် ဝပ်ဘ် ဘယ်လို ထိန်းသိမ်းမလဲဆိုတာအတွက်
just a hint ကို ပြထားတာပါ။ နောက်လာမယ့် နှစ်တွေမှာ သုတေသီတွေအနေနဲ့ ဒါဇင်ပေါင်းများစွာသော
exoplanet တွေရဲ့ လေထုနဲ့ မျက်နှာပြင်အခြေအနေတွေကို ရောင်စဉ်ခွဲကိရိယာကိုအသုံးပြုပြီး
သရုပ်ခွဲစိစစ်သွားမှာ ဖြစ်ပါတယ်။ ဝပ်ဘ်ရဲ့ ခန့်မှန်းခြေသက်တမ်းရဲ့ လေးပုံတစ်ပုံဟာ
exoplanet တွေနဲ့ သူတို့ ကို ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို လေ့လာဖို့ အချိန်ပေးထားတာမလို့
ကျွန်တော်တို့ အသစ် အသစ်တွေကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
All photos are credited
to Google.
သိပ္ပံဆောင်းပါးများ ဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးအများကြီး တင်ပါတယ်။
ကိုးကား
Webb
reveals steamy atmosphere of distant planet in detail (phys.org)
#newstein
Comments
Post a Comment