ကွင်းကွမ်တမ်ဒြပ်ဆွဲအား (Loop Quantum Gravity) အပိုင်း (၁)

 



          စာရေးချင်စိတ်တောင် ဘယ်မှန်းမသိတော့တဲ့ တိုင်းပြည်အခြေအနေကြီးမှာတော့ စာမရေးဖြစ်တာလဲ တော်တော်လေးကြာခဲ့ပါပြီ။ သို့သော်လည်း မအားလပ်တဲ့ ကြားထဲ ကပဲ စာဖတ်သူတို့ကို ဒီဆောင်းပါးလေး မျှဝေးပေးချင်ပါသေးတယ်။ လောလောဆယ် မြန်မာနိုင်ငံနဲ့ အတော်လေးအလှမ်းဝေးနေတဲ့ သိပ္ပံနယ်ပယ်က စာဖတ်သူတွေအတွက်‌ တော့ ဒီဆောင်းပါးလေးက အမြင်သစ်တချို့ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

          ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ကျွန်တော်ဆောင်းပါးတစ်ပုဒ်တင်ခဲ့ဖူးပါတယ်။ အဲ့ဆောင်းပါးကတော့ ကွမ်တမ်ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ယေဘုယျအမြင်တချို့ပေးနိုင် မယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် အခုဆောင်းပါးကို မဖတ်မီ အရင်ဆောင်းပါးလေးကို အရင်ဖတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီနဲ့ပတ်သက်ပြီး ကျွန်တော် ပိုပြီး နက်နက်နဲနဲသိချင်ပါတယ်။ ဒါ့ကြောင့် “Calo Rovelli” ရေးထားတဲ့ The Journey to Quantum Gravity” ဆိုတဲ့စာအုပ်ဖတ်ပြီးနောက်မှာတော့ စာဖတ်သူကို ဒီသီအိုရီရဲ့ နက်နဲတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြချင်ပါသေးတယ်။

ကွမ်တမ်ဒြပ်ဆွဲအား

https://www.facebook.com/permalink.php?story_fbid=pfbid02JbM9tEBkmi8FU3sBHyy5SXvWiSRppWneE1sJWZZgMSb6DY6qAtJpNnq3ZBMAGCkhl&id=103476097683873

          ကွင်းကွမ်တမ်ဒြပ်ဆွဲအားဆိုတဲ့အတိုင်းပဲ သူ့ရဲ့နာမည်က အရမ်းကို strong ဖြစ်ပါတယ်။ စကြဝဠာတစ်ခုလုံးဟာ ကွင်းတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး တည်ဆောက် ထားတယ်ဆိုတာဟာ သူ့သီအိုရီရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီသီအိုရီရဲ့ အခြေခံပစ္စည်းတွေဟာ ကွင်းတွေဖြစ်ကြပါတယ်။ ကွမ်တမ်ဒြပ်ဆွဲအားလို့ဆိုတာကြောင့် ဒြပ်ဆွဲအားကို ကွမ်တမ်သမှုပြုထားတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းပေါ်စေပါတယ်။ ဒါ့ကြောင့် ဒီနာမည်က အရမ်းကို strong ဖြစ်တယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

သီအိုရီအသစ်တစ်ခု။

          သီအိုရီအသစ်တစ်ခုဟာ မညီမျှခြင်းတွေ၊ မပြေလည်မှုတွေ၊ အတိုက်အခံတွေကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နယူတန်ရဲ့ဒြပ်ဆွဲအီကွေးရှင်းတွေနဲ့ မက်စ်ဝဲလ်အီကွေးရှင်း တွေကြားက သဟဇာတမဖြစ်မှုဟာ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဖြစ်စေခဲ့သလို အခုသီအိုရီ ဟာလည်း ဒီလိုမျိုး သဟဇာတမဖြစ်မှုနှစ်ခုကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ယခု လက်ရှိ သိပ္ပံရေစီးကြောင်းမှာ ခေတ်အစားဆုံး သီအိုရီနှစ်ခုကို ပြောပါဆိုရင်တော့ ယေဘု ယျနှိုင်းရသီအိုရီနဲ့ ကွမ်တမ်မက္ကင်းနစ်ဟာ ထိပ်ဆုံးမှာရှိနေမယ်ဆိုတာ အသေအချာပါပဲ။ အထပ်ထပ်သော စမ်းသပ်ချက်တွေ၊ အဆင့်ဆင့်သော မရေရာမှုတွေကို ကျော်ဖြတ်ပြီး နောက်မှာတောင်မှ ဒီသီအိုရီနှစ်ခုဟာ ငြင်းစရာမရှိလောက်အောင် သဘာဝတရားကြီးကို ဖော်ပြရမှာ လျော်ကန်သင့်မြတ်နေကြပါတယ်။

          အက်တမ်အောက်အမှုန်လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို ဂဏာန်းတစ်လုံး မလွဲ သိချင်ပါသလား။ ကျွန်တော်တို့မှာ ကွမ်တမ်မက္ကင်းနစ်ရှိပါတယ်။ နက်ရှိုင်းတဲ့ အာကာ သကြီးကို လေ့လာချင်ပါသလား။ ကျွန်တော်တို့မှာ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီ ရှိနေပါတယ်။ သို့သော်လည်း ဒီသီအိုရီနှစ်ခုဟာ တစ်ခုနဲ့တစ်ခုတော့ သဟဇာတမဖြစ်ကြပါ ဘူး။ ကျွန်တော်တို့သာ စကြဝဠာတစ်ခုတည်းမှာနေတယ်ဆိုရင် ကြီးမားတဲ့ လောကကြီး မှာ သီအိုရီတစ်ခုနဲ့ အလုပ်လုပ်ပြီး အဏုမြူလောကမှာတော့ ကွမ်တမ်မက္ကင်းနစ်ကို အသုံး ပြုနေရတယ်ဆိုတာ မဟုတ်သေးပါဘူး။

          ဘာလို့မရရမှာလဲလို့ မေးစရာရှိပါတယ်။ သူတို့အသုံးပြုလို့ရတဲ့ နေရာမှာပဲ သူတို့ကို သုံးပေါ့။ ဒါပေမယ့် တွင်းနက်ရဲ့ အတွင်းပိုင်းတို့၊ စကြဝဠာရဲ့ အစောပိုင်းကာလတို့ကို လေ့လာတဲ့ နေရာမှာတော့ ဒီသီအိုရီနှစ်ခုရဲ့ မညီမျှမှုတွေ၊ သဟဇာတမဖြစ်မှုတွေဟာ အလွန်ထင်ရှားလာပါတော့တယ်။ အနတ္တကိန်းတွေကတော့ သိပ္ပံပညာတွေအတွက် အိပ်မက်ဆိုးကြီးတစ်ခုပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီလိုနေရာမျိုးတွေကို လေ့လာနိုင်ဖို့ဆိုရင် ဒီနှစ်ခုကို ပြေလည်စေမယ့် သီအိုရီအသစ်တစ်ခုကိုတော့ လိုအပ်နေ တာအမှန်ပါပဲ။

ဘာကြောင့် ကွင်းကွမ်တမ်ဒြပ်ဆွဲအားလဲ။   

ကွမ်တမ်မက္ကင်းနစ်နဲ့ ယေဘုယျနှိုင်းရသီအိုရီမှာ ဘယ်တစ်ခုက မပြည့်စုံနေတာပါ လဲ။ တော်တော်လေးကို ခေါင်းစားစေမယ့် မေးခွန်းတစ်ခုပါပဲ။ နှစ်ခုလုံးရဲ့ အောင်မြင်မှုတွေ ဟာ ကြောက်ခမန်းလိလိဖြစ်နေတာကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ ဘယ်တစ်ခုဟာ ပိုမှန်လဲဆိုတာပြောဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ သီအိုရီပညာရှင်တွေအနေနဲ့ ကွမ်တမ်မက္ကင်းနစ်ကို ပိုပြီးဦးစားပေး စဉ်းစားထားတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲ ကြည့်ရအောင်။

စံပုံစံကို စာဖတ်သူတို့ တော်တော်လေးရင်းရင်းနှီးနှီးရှိကြမှာပါ။ ကျွန်တော်တို့ အထက်တန်းတုန်းက သင်ခဲ့ရတဲ့ periodic table လိုပါပဲ။ သူ့မှာ အစဉ်လိုက်စီထားတဲ့ ပစ္စည်းလေးတွေရှိပါတယ်။ ဒီနေရာမှတော့ အခြေခံအမှုန်လေးတွေသုံးရင် ပိုပြည့်စုံပါလိမ့် မယ်။ မျိုးဆက်သုံးခု ရှိပြီး မျိုးဆက်တစ်ခုပြီးတိုင်း ဒြပ်ထုပိုပြီး မြင့်လာပါတယ်။ ကျွန်တော် တို့ ဒီမှာ ဒါကို အာရုံမစိုက်ပါဘူး။ အစွန်ဆုံးက အားသယ်ဆောင်အမှုန်လို့ ခေါ်တဲ့ ဘိုစွန်‌ လေးတွေကို တချက်ကြည့်ရအောင်။


    စံပုံစံ (ညာဘက်တွင် အားသယ်ဆောင်အမှုန်များကိုတွေ့နိုင်ပါသည်။) 

ပုံမှာမြင်ရတဲ့အတိုင်းပဲ သဘာဝရဲ့ အားလေးမျိုးထဲက သုံးမျိုးအတွက် သူတို့ရဲ့ သက်ဆိုင်ရာ အမှုန်လေးတွေ ရှိတာကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့် ဒြပ်ဆွဲအားအတွက် တော့ မရှိပါဘူး။ ဒါ့ကြောင့်ပဲ ကွမ်တမ်မက္ကင်းနစ်ဟာ ဒြပ်ဆွဲအားဆိုတာ ဘာလဲ မသိဘူး လို့တောင် ဆိုလို့ရပါတယ်။ ကွမ်တမ်မက္ကင်းနစ် အီကွေးရှင်းတွေဟာ ဒြပ်ဆွဲအားကို ထည့်သွင်းစဉ်းစား ထားခြင်းမရှိပါဘူး။ တစ်ဖက်မှာကြည့်ရင်လဲ ဒြပ်ဆွဲအားဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်တစ်ခုလုံးကို စိုးမိုးထားတာ ဖြစ်ပါတယ်။ ဘောလုံးလေး တစ်လုံး ပစ်လိုက်တာကစလို့ လပေါ်ကို ဒုံးပျံလွှတ်တင်တဲ့အထိ ဒြပ်ဆွဲအားရဲ့ အရေးပါပုံ ဟာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။

ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ စံပုံစံတစ်ခုကို ပိုပြီးအားကောင်းစေမယ့် ဟစ်စ်အမှုန် (ဘုရားသခင်အမှုန်) ကို တွေ့ပြီးနောက်မှာတော့ စံပုံစံဟာ ငြင်းစရာမရှိလောက်အောင် ပြည့်စုံလာခဲ့ပါတယ်။ ဒါ့ကြောင့် ပညာရှင်တွေအနေနဲ့ ဒြပ်ဆွဲအားကိုလဲ ဒီလို ကွမ်တမ်သမှု ပြုပြီးတော့ အားလေးမျိုးလုံးကို ကွမ်တမ်နည်းအားဖြင့် ဖော်ပြနိုင်မယ့် ပြည့်စုံတဲ့ သီအိုရီ တစ်ခုကို တည်ဆောက်ချင်ကြပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တိုင်းရဲ့ နောက်ဆုံး ရည်မှန်းချက်ပါပဲ။

ဒီလို ကွမ်တမ်နည်းအားဖြင့် ဒြပ်ဆွဲအားကို ဖော်ပြတာကို ကျွန်တော်တို့က ကွမ်တမ် ဒြပ်ဆွဲအားလို့ခေါ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ အလားအလာကောင်းတဲ့ သီအိုရီနှစ်ခုရှိပါတယ်။ တစ်ခုကတော့ စာဖတ်သူတို့ရင်းနှီးပြီးဖြစ်တဲ့ ကြိုးမျှင်သီအိုရီဖြစ်ပြီး နောက်တစ်ခုကတော့ ကျွန်တော်တို့ အခုပြောမယ့် ကွင်းကွမ်တမ်ဒြပ်ဆွဲအားဖြစ်ပါတယ်။ ကြိုးမျှင်သီအိုရီရဲ့ ရည်မှန်းချက်ကတော့ ပိုကြီးမားပြီး ကွမ်တမ်ဒြပ်ဆွဲအားဆိုတာထက် သဘာဝရဲ့အားလေးမျိုးစလုံးကို အီကွေးရှင်းတစ်ခုတည်းမှာ ဖော်ပြနိုင်မယ့် သီအိုရီတစ်ခု ကို တည်ဆောက်ချင်တာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကြိုးမျှင်သီအိုရီဟာ ကျွန်တော်တို့ ဗီဇ စိတ်နဲ့သိထားတဲ့ အခြင်းအရာအားလုံးကို ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။ စကြဝဠာရဲ့အခြေခံပစ္စည်းတွေဟာ ကြိုးမျှင်တွေဖြစ်တယ်ဆိုတာရယ်၊ အပိုဒိုင်မန်းရှင်း ၁၁ ခုလောက်လိုအပ်တာတွေ၊ စူပါဘက်ညီမှုတွေ၊ ဗဟုစကြဝဠာတွေ၊ သီအိုရီ ၅ ခုရှိနေတာ တွေဟာ ကြိုးမျှင်သီအိုရီက တောင်းဆိုချက်တွေပါပဲ။

ကြိုးမျှင်သီအိုရီရဲ့ အဆိုအရတော့ သူတို့သီအိုရီအားလုံးမှာ ဒြပ်ဆွဲအားကို သယ်ဆောင်တဲ့ ဂရယ်ဗီတွန်အမှုန်ပါရှိပြီး သူ့ရဲ့ ဂုဏ်သတ္တိကိုတောင် တွက်ထုတ်ထား တယ်လို့ ဆိုပါတယ်။ ကြိုးမျှင်သီအိုရီပညာရှင်တွေက သူတို့ခေတ်က အသစ်တည် ဆောက်ထားတဲ့ CERN ဟာ ဒီအမှုန်တွေကို တွေ့မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ သို့သော် လည်း အခုအချိန်အထိကို စူပါပါတနာအမှုန်တွေရော၊ ဂရယ်ဗီတွန်အမှုန်ကိုကော တွေ့ရှိခြင်း မရှိသေးပါဘူး။ ဒါ့ကြောင့် ကွင်းသီအိုရီပညာရှင်တွေက သူတို့ကို သဘာဝ တရားကြီးက မျက်နှာသာ ပေးထားတယ်လို့ ဆိုကြပါတယ်။ နောက်တစ်ခုကတော့ ကွင်းကွမ်တမ်ဒြပ်ဆွဲအားဟာ တခြားရှုပ်ရှုပ်ယှက်ယှက်တွေမပါပဲ ကွမ်တမ်မက္ကင်းနစ်နဲ့ ယေဘုယျနှိုင်းရသီအိုရီတို့ရဲ့ အဓိကစည်းမျဉ်းတွေကို ပြောင်းလဲခြင်းမရှိဘဲ ပေါင်းစပ်စေနိုင် တာပါပဲ။

သီအိုရီက ရှင်းပါတယ်။ ဒြပ်ဆွဲအားလို့ ယူဆထားတဲ့ အာကာသဟင်းလင်းပြင်ကိုယ် တိုင်ကြီးကို တစ်စစီဆွဲစုတ်ပြီး ကွမ်တမ်သမှုပြုမှု ပြုမှာပါ။ ဒါ့ကြောင့် တချို့ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား အယူအဆတွေကိုတော့ အနည်းငယ်ပြောင်းလဲ ပြုပြင်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ စိတ်မပူပါနဲ့ သိပ်မကြာခင်မှာပဲ စာဖတ်သူဒါတွေနဲ့ ရင်းနှီးသွား ပါလိမ့်မယ်။ နောက်တစ်ပိုင်းမှာတော့ ဒြပ်ဆွဲအား၊ ကွမ်တမ်မက္ကင်းနစ်နဲ့ ကွမ်တမ်ဒြပ်ဆွဲ အားတို့ အကြောင်းကို ဆက်လက်ဆွေးနွေးသွားပါမယ်။

သိပ္ပံဆောင်းပါးများ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Photos are credited to Google.

#newstein

 

         

Comments

Popular posts from this blog

ရူပဗေဒပညာရှင်အချို့နဲ့ ဒဿနဗေဒပညာရှင်အချို့ရဲ့ အဆိုအရ အချိန်ဆိုတဲ့အရာမျိုး မရှိပါ။

နဂါးငွေ့တန်းဂလက်စီပြင်ပရှိ နျူထရီနိုထုတ်လုပ်သည့် အရင်းအမြစ်များ။

ဂလက်စီများအား ရေတွက်ခြင်းဖြင့် အထူးနှိုင်းရသီအိုရီအား လက်တွေ့အသုံးချခြင်း။