ကွင်းကွမ်တမ်ဒြပ်ဆွဲအား (အပိုင်း - ၂)
ပထမတစ်ပိုင်းမှာတော့ ကွင်းကွမ်တမ်ဒြပ်ဆွဲအား
ဘယ်လို နဲ့ ဘာကြောင့်ပေါ်ထွက် လာခဲ့သလဲ ဆိုတာကို စာဖတ်သူတို့ သိသင့်သလောက် ဆွေးနွေးပြီးသွားပြီ
ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော်တို့က ကွင်းကွမ်တမ်ဒြပ်ဆွဲအားနဲ့ ပတ်သက်ပြီး
အပိုင်းသုံးပိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမတစ်ခု ဖြစ်တဲ့ ဒြပ်ဆွဲအားနဲ့ ကျွန်တော်တို့
စဖွင့်လိုက်ရ အောင်။
ဒြပ်ဆွဲအား
စကြဝဠာကြီးရဲ့ ဘယ်နေရာမှာမဆို ဒြပ်ဆွဲအားကို
မတွေ့နိုင်တဲ့ နေရာရယ်လို့ မရှိပါဘူး။ အနည်းငယ်ပြင်းထန်တဲ့ နေရာရယ်၊ အလွန်အမင်း ပြင်းထန်တဲ့
နေရာရယ် ဆိုတာပဲ ရှိပါလိမ့်မယ်။ ဆိုရသော် ဒြပ်ဆွဲအား စကြဝဠာတစ်ခုလုံးမှာ ပျံ့နှံ့စိမ့်ဝင်နေတဲ့
အားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဒြပ်ဆွဲအား အလွန်အားပျော့တာကြောင့် နယူတန် ခေတ်မတိုင်ခင်အထိ
လူသားတွေဟာ သူ့ရဲ့အရေးပါပုံကို သတိမထားမခဲ့ကြပါဘူး။
အရင်ဆောင်းပါးတွေကို ပြန်နွေးရမယ်ဆိုရင်တော့ ဒြပ်ဆွဲအားဟာ အားလေးမျိုး
(လျှပ်စစ်သံလိုက်အား၊ နယူကလိယအားပျော့၊ နယူကလိယအားပြင်း၊ ဒြပ်ဆွဲအား) တို့ထဲမှာ အပျော့ဆုံး
ဖြစ်ပါတယ်။ နောက်ပြီး လူသားတို့ ပထမဆုံး သတိထားမိခဲ့တဲ့ အားလဲ ဖြစ်ပါသေးတယ်။ ၁၇ ရာစုလောက်မှာ
ဆာအိုင်းဇတ်နယူတန်က ဒြပ်ဆွဲအားနဲ့ ပတ်သက်တဲ့ အရမ်းကို စွမ်းအားကြီးမားတဲ့ အီကွေးရှင်းတစ်ခုကို
တင်ပြခဲ့ပါတယ်။ ဘယ် လောက်ထိ စွမ်းအားကြီးမားလဲဆိုတာကတော့ ရာစုနှစ်သုံးခုလောက် ကြာပြီးတာတောင်
နာဆာဟာ အခုအချိန်အထိ အာကာသယာဉ်တွေ လွှတ်တင်မှုမှာ သူ့အီကွေးရှင်းတွေကို အသုံးချနေရတုန်းပါပဲ။
ဒါကိုကျောင်းသားတိုင်းလဲ သိကြမယ်ထင်ပါတယ်။
F = G m1 m2 / r^2
ဆိုလိုတာကတော့ ဝတ္ထုနှစ်ခုကြားမှာရှိတဲ့ ဒြပ်ဆွဲအားဟာ သူ့ရဲ့အကွာအဝေးကို
လိုက်ပြီး ပြောင်းလဲနေပါတယ်။ ဝတ္ထုနှစ်ခုဟာ ပိုနီးရင် သူ့တို့ကြားက ဆွဲအားပိုပြင်းထန်ပြီး
ဝေးကွာလာတာနဲ့အမျှ ပြင်းအား ပျော့လာပါတယ်။ ဒါပေမယ့် နယူတန်ကိုယ်တိုင်က သူ့အီ ကွေးရှင်းနဲ့ပတ်သက်ပြီး
သဘောမကျခဲ့ပါဘူး။ ဒါ့ကြောင့် သူ့စာအုပ်ထဲမှာ ဒြပ်ဆွဲအားကို “အကွာအဝေးတစ်ခုမှ သက်ရောက်မှုတစ်ခု”
လို့သာ သုံးနှုန်းခဲ့ပါတယ်။ သူ့စကားအတိုင်း ပြန်ရေးရမယ်ဆိုရင်တော့
“ဒြပ်ဆွဲအားကို နိယာမတစ်ခုနဲ့ အဆက်မပြတ်သက်ရောက်နေတဲ့ တစ်စုံတစ်ခုက
ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်စုံတစ်ခုဆိုတာဟာ ရုပ်ပစ္စည်းတစ်ခုလား သို့မဟုတ်
ရုပ်ပစ္စည်းမဟုတ်ဘူးဆိုတာကိုတော့ စာဖတ်သူတို့ စဉ်းစားနိုင်အောင် ချန်ရစ်ခဲ့ ပါမယ်။”
လို့ ရေးခဲ့ပါတယ်။
မူရင်းစာကြောင်းက ဒီထက်ပိုရှည်ပါတယ်။ စာဖတ်သူတို့ သိနိုင်ရုံသာ
ကျွန်တော် ဖြတ်တောက်ရယူထားပါတယ်။ ဆိုတော့ သူဆိုလိုချင်တာက အကွာအဝေးတစ်ခုကနေ ကြားခံနယ်မရှိဘဲ
ဝတ္ထုတစ်ခုနဲ့တစ်ခုကို သက်ရောက်စေတဲ့အရာဟာ ရုပ်ပစ္စည်းလား ရုပ် ပစ္စည်းမဟုတ်ဘူးလား
ဆိုတာကို သူနားမလည်သေးဘူးလို့ ရေးထားပါတယ်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ ကျွန်တော့်အိမ်က
ပစ္စည်းတစ်ခုဟာ စာဖတ်သူတို့ အိမ်ကပစ္စည်းတစ်ခုနဲ့ အညမညဆက်သွယ်နေတယ်ဆိုတာဟာ တကယ့် မျက်လှည့်ပါပဲ။
ဒါပေမယ့် ၁၉ ရာစုရောက်လာတဲ့အခါမှာတော့ မိုက်ကယ်ဖရာဒေးနဲ့ မက်စ်ဝဲလ်တို့
ရဲ့ အကူအညီနဲ့ ဒြပ်ဆွဲအားဆိုတာ လျှပ်စစ်သံလိုက်လှိုင်းလိုပဲ စက်ကွင်းအမျိုးအစား တစ်ခု
ဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ အပေါ်ကဟာနဲပြန်ဆက်ရမယ်ဆိုရင် ဒီမမြင်နိုင်တဲ့ စက်ကွင်းအမျိုးအစားနှစ်ခုဟာ
စကြဝဠာတစ်လွှား နေရာမလပ်ပျံ့နှံ့စိမ့်ဝင်နေကြတာ ဖြစ်ပါတယ်။
အိုင်းစတိုင်းခေတ်
ရောက်လာတဲ့အခါမှာတော့ ဒြပ်ဆွဲအားကို ရုပ်ပစ္စည်းတစ်ခုလို့ အဆင့်လျော့ချနိုင်ခဲ့ပါတယ်။
မမြင်ရတဲ့ ဘာတွေညာတွေ မျက်လှည့်တွေ မဟုတ်တော့ဘူး ပေါ့။ ဘယ်လိုလဲ။ ရှင်းပါတယ်။ သူက ဒြပ်ဆွဲအားဆိုတာဟာ
တကယ်တော့ ဟင်းလင်းပြင် ကိုယ်တိုင်ပါပဲလို့ အတိအလင်း ကြေညာခဲ့ပါတယ်။ ဟင်းလင်းပြင်အပေါ်
ဝတ္ထုတွေရဲ့ သက်ရောက်မှုဟာ ဒြပ်ဆွဲအားကို ပုံဖော်ပေးပါတယ်။ ဝှီးလားစကားနဲ့ပြောရမယ်ဆိုရင်
“ဒြပ်ဟာ
ဟင်းလင်းပြင်ကို ဘယ်လိုကွေးကောက်ရမလဲ ဆိုတာကိုပြောပြပြီး ဟင်းလင်းပြင်က ဒြပ်ဘယ်လို
ရွေ့ရမလဲဆိုတာကို ပြောြပပါတယ်။”
ကဲဘယ်မှာလဲ
ဒြပ်ဆွဲအား။ အိုင်းစတိုင်းရဲ့အဆိုအရ ချောမွတ်နေတဲ့ ဟင်းလင်းပြင်ဟာ ချည်မျှင်ကွန်ရက်ကြီးတစ်ခုနဲ့တူပါတယ်တဲ့။
ကွေးရင်ညွှတ်နိုင်ပါတယ်။ ဒါ့ကြောင့်လဲ ကျွန်တော်တို့က အာကာသကွန်ရက် (fabric of
spacetime) လို့ခေါ်ကြတာပေါ့။ တကယ်တော့ ဒြပ်ဆွဲအားဆိုတာ ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်ပြီး
ဟင်းလင်းပြင်ရဲ့ ဂျီဩမေတြီတစ်ခုသာ ဖြစ်ပါတယ်။ ဒြပ်ဆွဲအားနဲ့ပတ်သက်ပြီး ဒီမှာပဲရပ်လိုက်ပါမယ်။
ကျွန်တော်တို့ ကွမ်တမ်မက္ကင်းနစ်ကို ဆက်သွားကြတာပေါ့။
ကွမ်တမ်မက္ကင်းနစ်
(Quantum Mechanics)
ကွမ်တမ်မက္ကင်းနစ်ဟာ ၁၉ ရာစုအကုန် ၂၀ ရာစုအစလောက်မှာ ထွက်ပေါ်
လာခဲ့ပါတယ်။ ဟိုက်ဇင်းဘက်၊ ပလန့်၊ အိုင်းစတိုင်း၊ ရရိုဒင်းဂါး၊ ဒိုင်းရက် တို့ရဲ့အကူအညီနဲ့
ကွမ်တမ်မက္ကင်းနစ်ဟာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး နောက်ဆုံးမှာတော့ စံပုံစံဆိုတဲ့ ဇယား
တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ပထမတစ်ပိုင်းမှာလဲ ကျွန်တော် စံပုံစံ အကြောင်း
ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ကွမ်တမ်လောကကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး တစ်ပြိုင်နက်တည်း
တည်ရှိမှုတွေ၊ ဖြစ်တန်ရာလှိုင်းတွေ၊ လှိုင်း-အမှုန်ဂုဏ်သတ္တိတွေ၊ ဆန့်ကျင်ဒြပ်တွေ အိုး..
အစုံပါပဲ။ ဆန်းကြယ်လွန်းတာကြောင့် ကွမ်တမ်ဖခင်ကြီးတစ်ဦးဖြစ်တဲ့ ဖိုင်းမန်းက “ကွမ်တမ်မက္ကင်းကို
ဘယ်သူမှ နားလည်မှာမဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ တကယ်လဲ မှန်ပါတယ်။ ကွမ်တမ်မက္ကင်းဆရာကြီးတွေတောင်
ကွမ်တမ်မက္ကင်းနစ်ကို အတွင်းကျကျ နားမလည်နိုင်ပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ ပန်းတိုင်ဟာ သာမန်လူသားတွေကို ခက်ခဲတဲ့ အီးကွေးရှင်းတွေ
ကနေ ရိုးရှင်းလွယ်ကူတဲ့ စကားလုံးလေးတွေအဖြစ် လျော့ချပေးဖို့ပါပဲ။ (အိုင်းစတိုင်းက တော့
ဒီနေရာမှာ ဆရာပါပဲ။) ဒီလိုပါပဲ။ ကွမ်တမ်မက္ကင်းနစ်ပေါ်ထွက်လာတော့ သူ့အရှေ့က အရင်ပေါ်ခဲ့တဲ့
အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီတွေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားကြပါ တယ်။ ကွမ်တမ်မက္ကင်းနစ်နဲ့
အထူးနှိုင်းရသီအိုရီတို့ပေါင်းစပ်ရာမှာ အောင်မြင်မှုရရှိခဲ့ပြီး ရလဒ်အနေနဲ့ ကွမ်တမ်အီလက်ထရိုဒိုင်းနမစ်
(QED)၊ ကွမ်တမ်ခရိုမိုဒိုင်းနမစ် (QCD) နဲ့ နောက်ဆုံး ကွမ်တမ်စက်ကွင်း သီအိုရီ (QFT)
တို့ အထိတိုးတက်လာခဲ့ပါတယ်။
အားလေးမျိုးရှိတဲ့အနက် သုံးမျိုးဟာ တစ်ပေါင်းတစ်စုတည်း ကွမ်တမ်မက္ကင်းနစ်နဲ့
ဖော်ပြနိုင်လာပြီး ဒြပ်ဆွဲအား (ယေဘုယျနှိုင်းရသီအိုရီ) နဲ့ ပေါင်းစည်းရာမှာတော့ သဟဇာတမဖြစ်မှုတွေ
အနတ္တကိန်းတွေနဲ့ ကြုံတွေ့လာပါတော့တယ်။ ဘာကြောင့် ပေါင်းမရတာလဲလို့ စာဖတ်သူတို့ စဉ်းစားစရာဖြစ်လာမှာပါပဲ။
အဓိကအချက်နှစ်ခုကတော့ ကွမ်တမ်မက္ကင်းနစ်ရဲ့ အဓိကအယူအဆဟာ ဟင်းလင်းပြင်ဟာ အသေးဆုံး အရွယ်အစား
(ပလန့်စကေးနားလောက်) မှာ ကွမ်တမ်အတက်အကျလို့ ခေါ်တဲ့ အမှုန်-ပုံရိပ်ယောင် အမှုန်တွေ
ဖြစ်တည်မှု-ပျက်မှု တို့နဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ ဒါကိုလဲ စမ်းသပ် ချက်တွေမှာ
အတည်ပြုပြီး ဖြစ်ပါတယ်။
ဒီတော့ ကွမ်တမ်သဘောအရ ဟင်းလင်းပြင်ဟာ မရေရာပါဘူး။ မချောမွတ် နေပါဘူး။
အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီမှာတော့ ဟင်းလင်းပြင်ဟာ ချောမွတ်နေ ပြီး အဆက်မပြတ်တည်ရှိနေတာ
ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကွမ်တမ်မက္ကင်း နစ်ရဲ့ အောင်မြင်မှုရရှိထားပါတယ်ဆိုတဲ့
စံပုံစံဟာ ဒြပ်ဆွဲအားနဲ့ပတ်သက်တာ ဘာမှမပါ ပါဘူး။ ကျန်တဲ့အားသုံးခုမှာတော့ သူတို့ကို
သယ်ဆောင်တဲ့ အမှုန်တွေကိုယ်စီရှိပေမယ့် ဒြပ်ဆွဲအားကြတော့ ဘေးဖယ်ထားပါတယ်။ မင်းဟာမင်းသယ်ဆိုတဲ့
သဘောမျိုးပါပဲ။
နောက်ပြီး အိုင်းစတိုင်းအီကွေးရှင်းတွေမှာလဲ အီလက်ထရွန်နဲ့ပတ်သက်တာ
တစ်ခုမှ မရှိပါဘူး။ မစ်ချီယာကာကူပြောသလို ပြောရမယ်ဆိုရင်တော့ အိုင်းစတိုင်း အီကွေးရှင်းထဲကသာ
အီလက်ထရွန်တစ်လုံး ထွက်လာမယ်ဆိုရင် ကျွန်တော်တို့ သိပ္ပံပညာရှင်တွေတော့ အလုပ်ပါးပါပြီတဲ့။
ဒီတော့ ကွမ်တမ်မက္ကင်းနစ်ထဲမှာ ဒြပ်ဆွဲအားကို ထည့်သွင်းစဉ်းစားနိုင်ဖို့ ဆိုရင် ကျွန်တော်တို့ဟာ
ဒြပ်ဆွဲအားဖြစ်ပေါ်တည်ရှိရာ ဟင်းလင်း ပြင်ကိုယ်တိုင်ကြီးကို ကွမ်တမ်သမူပြုကို ပြုရပါလိမ့်မယ်။
ဒါက အခုလက်ရှိသိပ္ပံပညာရဲ့ အဓိကပစ်မှတ်ပါပဲ။
ကွမ်တမ်ဒြပ်ဆွဲအား (Quantum
Gravity)
အပေါ်ကဆိုခဲ့သလိုပဲ ဒြပ်ဆွဲအားကို ကွမ်တမ်သမှုပြုရာမှာ
အဓိက ရေပန်းစားနေ တာကတော့ ကြိုးမျှင်သီအိုရီပါ။ သူကတော့ အားလေးမျိုးလုံးကို ပေါင်းပြီး
‘God equation’ တစ်ခု ရတဲ့အထိ ရည်မှန်းချက်ထားထားပါတယ်။ ဒါ့ကြောင့်လဲ ဒိုင်မန်းရှင်း
၁၁ ခုတွေ၊ ခွေလိပ်နေတဲ့ ဒိုင်မန်းရှင်းတွေ၊ ဗဟုစကြဝဠာတွေ စသည် စသည်ဖြင့် ကျွန်တော်တို့
နဲ့ မရင်းနှီးတဲ့ အယူအဆနယ်ပယ်တွေ အများကြီးပါလာပါတယ်။
နောက်တစ်ခုကတော့ အခုကျွန်တော်တို့ ဆွေးနွေးနေတဲ့ ကွင်းကွမ်တမ်သီအိုရီပေါ့။
သူကတော့ spacetime ကို granular grain လေးတွေလို့ခေါ်တဲ့ အတုံးအခဲလေးတွေ ဖြစ်တဲ့ အထိ
ပိုင်းဖြတ်ခုတ်ထစ်မှာ ဖြစ်ပါတယ်။ ဒီအယူအဆက ဟိုးအရင် ဒီမိုကရေးတပ်စ် တို့ လက်ထက်တုန်းက
ဒြပ်တစ်ခုကို ပိုင်းဖြတ်တဲ့အခါမှာ နောက်ဆုံး အက်တမ်ဆိုတဲ့ ပိုင်းဖြတ် ခုတ်ထစ်လို့ ဆက်မရတော့တဲ့
နေရာမှာ အဆုံးသတ်သွားတယ်ဆိုတာကနေ လာပါတယ်။ LQG မှာလဲ spacetime ကို ခုတ်ထစ်ပိုင်းဖြတ်တဲ့အခါမှာ
အနတ္တအထိ ပိုင်းဖြတ်တာမျိုး မလုပ်နိုင်ဘဲ ပလန့်အလျားနားတစ်ခုမှာ ရပ်တန့်သွားရပါတယ်။
ဒါ့ကြောင့် spacetime ဟာ ကွမ်တမ်ဂုဏ်သတ္တိမျိုး ရှိတယ်လို့ ဆိုပါတယ်။ spacetime ရဲ့
granular ပုံစံကို အောက်ပုံမှာ မြင်တွေ့နိုင်ပါတယ်။
LQG (Loop Quantum Gravity) ရဲ့ အဓိက အယူအဆနှစ်ခုကတော့ ယေဘုယျနှိုင်းရသီအိုရီပေါ်
မှီခိုနေပါတယ်။ တစ်ခုကတော့ background independency ဖြစ်ပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့
စကားလုံးတွေကို ရေးချဖို့ စာရွက်လိုတယ်ဆိုရင် စာရွက်ဟာ background တစ်ခုပါပဲ။ ဒါပေမယ့်
စကားလုံးတွေဟာ စာရွက်မပါပဲ ပေါ်နေတယ်ဆိုရင် background independence ပါပဲ။ သင်ဟာ စာလုံးတွေကို
ကွေးနိုင်ကောက်နိုင်ပါတယ်။ LQG မှာလဲ ဒီလိုပါပဲ။ သင်ဟာ spacetime ကို ကွေးနိုင်ကောက်နိုင်ပါတယ်။
spacetime ကိုယ်တိုင်က ဒြပ်ဆွဲအားပါပဲ။ နောက်တစ်ခု
ကတော့ diffeomomorphism invariance (သို့မဟုတ် ) general invariance လို့ခေါ်တဲ့ မပြောင်းလဲမှုသဘောပါ။
သဘောကတော့ coordinate တစ်ခုမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေဟာ ဘယ်လို coordinate
system မှာ ဖြစ်ဖြစ် (အကွေး ဟင်းလင်းပြင်ပဲ ဖြစ်ဖြစ်၊ အပြားဟင်းလင်းပြင်ပဲ ဖြစ်ဖြစ်)
ပြောင်းလဲခြင်းမရှိတာကို ဆိုလိုပါတယ်။
ဒီပုံဟာ အမှန်ပဲ LQG ကပုံဖော်ထားတဲ့ spacetime ပုံစံဖြစ်ပါတယ်။
ကွင်းတွေဟာ ဒြပ်ဆွဲစက်ကွင်းရဲ့ အခြေခံအမှုန်လေးတွေ ဖြစ်ပါတယ်။ ဒီကွင်းတွေ တစ်ခုနဲ့တစ်ခုဆက်
နေတဲ့ နေရာကို nodes လေးတွေလို့ ခေါ်ပြီး nodes တွေနဲ့ loop တွေ အများကြီးပါတဲ့ အစုအဝေးတစ်ခုကိုတော့
spin network လို့ခေါ်ပါတယ်။ သူတို့ရဲ့ ဂုဏ်သတ္တိတွေက
အမှုန်တစ်ခုမှာရှိတဲ့ spin တစ်ခုနဲ့ ပုံစံတူလို့ပါ။ ဒီ spin network တစ်ခုက ဒြပ်ဆွဲစက်ကွင်းရဲ့
ကွမ်တမ်အနေအထားကို ကိုယ်စားပြုဖော်ပြတယ်။ ဒီ node တွေ တစ်ခုနဲ့တစ်ခု ဆုံတွေ့တဲ့ နေရာမှာ
ဒီ space ရဲ့ ထုထည်ဖြစ်ပြီး node နှစ်ခုကို ခွဲခြားထား တဲ့ အာကာသဒေသဟာ ဧရိယာဖြစ်တယ်။
ဒါ့ကြောင့် အာကာသဟာ တကယ်ပဲ အစေ့အစံ (granular) ဖြစ်နေတယ်။
သူ့မှာ အသေးဆုံး အရွယ်အစား၊ ထုထည်နဲ့ ဧရိယာတို့ရှိပြီး ကျွန်တော်တို့
အတိအကျ တွက်ထုတ်နိုင်တယ်။ ဒါ့အပြင် LQG မှာ အချိန်ဆိုတာမျိုး မရှိဘူး။ spin network
တွေ ရွေ့လျားမှုက အချိန်ကို ဖြစ်စေပြီး အချိန်ကလဲ ရေစီးကြောင်းလို အဆက် မပြတ် စီးဆင်းနေတာမဟုတ်ဘဲ
အပိုင်းအပြတ်နဲ့ စီးဆင်းတယ်။ digital watch တွေလိုပဲ။ ၁ ပြီးရင် ၂ ပြီးရင် ၃ ဒီလိုပဲသွားတယ်။
၁.၁ တွေ ၁.၃ တွေမရှိဘူး။ သူ့ရဲ့အသေးဆုံး အချိန် ဟာ ၁၀^-၄၃ စက္ကန့်ဖြစ်တယ်။ ဒါ့ကြောင့်
အကျဉ်းချုပ်ရမယ်ဆိုရင် အာကာသဆိုတာဟာ spin network တစ်ခုရဲ့ ဂျီဩမေတြီဖြစ်ပြီး ကွေးနိုင်ကောက်နိုင်တယ်။
အချိန်ဆိုတာဟာ ဒီ spin network တစ်ခုရဲ့ ရွေ့လျားမှုဖြစ်တယ်။ ဒီတော့ spin network နဲ့
spin movement တစ်ခုပေါင်းလိုက်တဲ့အခါမှာ spin foam တစ်ခုဖြစ်လာပါတယ်။
ဒီကနေတစ်ဆင့် ကျွန်တော်တို့ ဒြပ်ဆွဲအားကို ကွမ်တမ်နည်းအားဖြင့်
ဘယ်လို အဓိပ္ပါယ်ဖွင့်ပါမလဲ။ spin network တစ်ခုထဲကို ကျွန်တော်တို့က ဒြပ်နဲ့စွမ်းအင်
ပစ်ထည့် လိုက်မယ်ဆိုရင် spin netwok ရဲ့ ထုထည်ဟာ ပုံပျက်သွားပါလိမ့်မယ်။ ဒါက space
နဲ့ time ကို ပုံပျက်စေပါမယ်။ ဘာကြောင့်လဲဆိုတော့ spin network ရွေ့လျားမှုဟာ အချိန်
ကွမ်တမ်ကိုလဲ သက်ရောက်စေတာကြောင့်ပါ။ ဒြပ်ဆွဲအားဆိုတာ ဒါရဲ့ သက်ရောက်မှုပါပဲ။ spin
form ကို သက်ရောက်သမျှဟာ အကြောင်းဖြစ်တယ်ဆိုရင် ဒြပ်ဆွဲအားဟာ အကျိုး ဆက်ဖြစ်ပေါ်မှုပါပဲ။
လက်တွေ့စမ်းသပ်ချက်
LQG ဟာ ကြိုးမျှင်သီအိုရီကို ကျော်ပြီး အောင်မြင်လာစရာ အကြောင်းရှိပါသလား
လို့ စာဖတ်သူတို့ မေးနိုင်ပါတယ်။ ကြိုးမျှင်သီအိုရိပညာရှင်တွေဟာ
စကားကြီးစကားကျယ် တွေပြောနေပေမယ့်လဲ အခုအချိန်အထိ သီအိုရီနဲ့ပတ်သက်တဲ့ မည်သည့်လက်တွေ့စမ်း
သပ်ချက်ကိုမှ အကောင်အထည်မဖော်နိုင်သေးပါ။ ကြိုးမျှင်သီအိုရီနဲ့မတူတာကတော့ LQG က ခန့်မှန်းလို့ရမယ့်
စမ်းသပ်ချက်တစ်ခုကို တင်ပြထားတာပါ။ ဒါကတော့ အလင်းအလျင်ဟာ ဖိုတွန်ရဲ့ စွမ်းအင်ပေါ်မူတည်ပြီး
ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါကတော့ ကျွန်တော်တို့ ရင်းနှီးထားတဲ့ အလင်းအလျင်ဟာ
ကိန်းသေဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်သလို ရှိနေပါတယ်။
ဒီလိုပါ။ fast radio wave လို့ခေါ်တဲ့ စကြဝဠာအစောပိုင်းကာလ အလွန်ခက်ထန်ပြင်းထန်တဲ့
အရင်းအမြစ်တစ်ခုလာတဲ့ အလင်းဟာ နှစ်ဘီလီပေါင်းများစွာ ကြာအောင် space ကို ဖြတ်သန်းလာစဉ်မှာ
ဖိုတွန်စွမ်းအင်ပေါ်မူတည်ပြီး အလျင်ပြောင်းလဲသွားနိုင်ပါတယ်တဲ့။ စွမ်းအင်ပိုမြင်တဲ့
ဂမ်မာရောင်ခြည်တွေဟာ စွမ်းအင် ပိုနိမ့်ထက် ရေဒီယိုလှိုင်းတွေထက် ပိုပြီး မြန်မြန်ရောက်လာနိုင်ပါတယ်။
ဒါပေမယ့် လက်တွေ့စမ်းသပ်ချက်လုပ်တဲ့ အခါမှာတော့ ပြောင်းလဲမှုရှိတာမျိုး မတွေ့ရပါဘူး။
ဒါ့ကြောင့် LQG ဟာ မှန်သလားဆိုရင်လဲ အခုအချိန်အထိတော့ မမှန်သေးပါဘူး။
နောက်ထပ်အိုင်းစတိုင်းတစ်ယောက်ထွက်လာပြီး နောက်ထပ် သီအိုရီအသစ်တစ်ခု
ပဲ ထပ်ထုတ်မလား။ ဒါမှမဟုတ် လက်တွေ့စမ်းသပ်ချက်တွေမှာ ကြိုးမျှင်သီအိုရီနဲ့ ကွင်း ကွမ်တမ်သီအိုရီတစ်ခုခုထဲက
သဲလွန်စတွေပဲ တွေ့ရမလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါပဲ။ ဒီလိုရှာတွေ့ချိန်ဟာလည်း
သိပ္ပံသမိုင်းကြောင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်မယ့် အချိန်ဖြစ်တယ်ဆိုတာ
ကျွန်တော်တို့ မေးစရာတောင် လိုမှာ မဟုတ်တော့ပါဘူး။
Photos are credited to
Google
သိပ္ပံဆောင်းပါးများ ဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးအများကြီး တင်ပါတယ်။
ကိုးကား
https://en.wikipedia.org/wiki/Loop_quantum_gravity
The Journey to Quantum Gravity
(Calo Rovelli)
https://www.youtube.com/watch?v=QMpkFde3euA
#newstein
#loop_quantum_gravity
Comments
Post a Comment